(ခ)-ကာလပေါက်ဈေးနှင့်မကိုက်ညီဘဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကြောင့် ပြည်သူ့ဘဏ္ဍာထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့ အရေးယူမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၅.၂၀၁၈)

 

ပဲခူးမြို့နယ်တွင် ယခင်အစိုးရလက်ထက် နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော စက်ရုံ၊ အလုပ်ရုံ၊ စိုက်ကွင်း၊ သိုလှောင်ရုံနှင့် အဆောက်အဦများစာရင်းကို စစ်ဆေးကြည်‌့ရှုရာတွင် ပဲခူးမြို့ပေါ်ရှိကြားစခန်း ဘိုကုန်းရပ်ကွက်ရှိ သိုလှောင်ရုံသုံးလုံးကို ၁၂-၆-၂၀၁၄ ရက်နေ့တွင်ငှားရမ်းခဲ့ပြီး ငှားရမ်းသည်‌့ကာလမှာ နှစ် ၂၀ သက်တမ်းဖြစ်ပါကြောင်း၊ ထိုနည်းအတူ အခြားသောနိုင်ငံတော်ပိုင် အဆောက်အဦများနှင့် မြေနေရာများကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များအပါအဝင် အစိုးရသက်တမ်းကူး‌ပြောင်းကာနီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလလယ်ခန့်မှ စာချုပ်ချုပ်ဆို ငှားရမ်းခြင်းများရှိသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ပဲခူး-ရန်ကုန် ကားလမ်းမပေါ်ရှိ ယခင် (၁၀) မိုင် ကုန်းပျိုးဥယျာဉ်အရောင်းဆိုင် မြေနေရာ ၁၃.၃၂ ဧကကို တစ်နှစ်လျှင် သိန်းရှစ်ဆယ်နှုန်းဖြင့် ငှားရမ်းထားသည်‌့အတွက် တစ်ဧကကို တစ်လလျှင် ၅၀၀၀၀ ကျပ်နှုန်းသာ ရရှိခဲ့ပါကြောင်း၊ ပဲခူးမြို့ကြားစခန်းရှိ ဘိုကုန်းသိုလှောင်ရုံသုံးလုံး၏ ငှားရမ်းခအား စစ်ဆေးကြည်‌့ရှုသည်‌့အခါ အလျားပေ ၁၂၀၊ အနံပေ ၅၀၊ အမြင့် ၁၂ ပေရှိ သိုလှောင်ရုံတစ်လုံး၊ အလျားပေ ၁၀၀၊ အနံပေ ၃၀၊ အမြင့် ၁၄ ပေရှိ သိုလှောင်ရုံတစ်လုံး၊ အလျားပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၄ ပေရှိ သိုလှောင်ရုံ တစ်လုံးစသည့် သိုလှောင်ရုံသုံးခုတည်ရှိသည့် မြေ ၂.၄၉၈ ဧကအား တစ်နှစ်လျှင် ၁၄.၄ သိန်းမျှဖြင့် နှစ် ၂၀ စာချုပ်ချုပ်ဆိုငှားရမ်းထားသည်ကို တွေ့ရှိရသဖြင့် သိုလှောင်ရုံတစ်လုံး တစ်လငှားရမ်းခမှာ ၂၀၀၀၀ ကျပ်မျှသာကျသင့်သည်ကို တွေ့ရှိရပါကြောင်း၊

ယခုကာလဒေသ ငှားရမ်းခဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည်‌့ပါက ထိုသိုလှောင်ရုံ အနီးရှိ ပေ ၂၀ x ပေ ၆၀ အိမ်တစ်လုံးအား သိုလှောင်ရုံအဖြစ် ငှားရမ်းမည်ဆိုပါက တစ်လလျှင်ပျမ်းမျှငွေ ၁၀ သိန်း ကျပ်ခန့် ရှိနေပါကြောင်း၊ ပဲခူးမြို့ပေါ်ရှိ နိုင်ငံပိုင်အဆောက်အဦနှင့် မြေနေရာငါးနေရာကိုလည်း ငှားရမ်းကာလ နှစ် ၂၀၊ ၃၀၊ ၄၀ စာချုပ်များဖြင့် ကာလပေါက်ဈေးထက် လွန်စွာလျှော့နည်းသော ဈေးနှုန်းဖြင့် ငှားရမ်းထားသည်ကို တွေ့ရှိရသည့်အတွက် အဆိုပါငှားရမ်း ဖြစ်စဉ်များကြောင့် နိုင်ငံ့အတွက် ဘဏ္ဍာငွေများ များစွာနှစ်စဉ်ဆုံးရှုံးနေရပါကြောင်း၊ ထို့အပြင် စာချုပ်ချုပ်ဆို ငှားရမ်းစဉ်က သဘောတူ ထည့်သွင်းချုပ်ဆိုခဲ့သည့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်လုံးဝ မပတ်သက်သည့် လုပ်ငန်းများ လုပ်ကိုင်နေခြင်းသည် စာချုပ်ပါစည်းမျဉ်း၊ စည်းကမ်းများအား ချိုးဖောက်နေခြင်းပင်ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုထားသည့် ငှားရမ်းစာချုပ်ပါ စည်းကမ်းများအား ဖောက်ဖျက်ခြင်း၊ ပဋိညာဉ်ဖောက်ဖျက်ခြင်းသည် ရာဇသတ်ကြီးအရလည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း ပြစ်မှုကြောင်းအရ တရားစွဲဆိုနိုင်သည့်အတွက် အလိုအလျောက် စာချုပ်ပျက်ပြယ် စေပါကြောင်း၊

သို့ဖြစ်ပါ၍ ကာလပေါက်ဈေးနှင့်မကိုက်ညီဘဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကြောင့် ပြည်သူ့ဘဏ္ဍာ ထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

နိုင်ငံတော်အနေဖြင့် ပြောင်းလဲကျင့်သုံးလာသည့် ဈေးကွက်စီးပွားရေးစနစ်အရ အစိုးရဌာနပိုင် လုပ်ငန်းများအနက် နိုင်ငံတော်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် လုပ်ငန်းများ၏ အသုံးစရိတ်ကို လျှော့ချနိုင်ရန်၊ ယင်းလုပ်ငန်းများကနေ နိုင်ငံတော်ကို ဝင်ငွေရရှိဖြည့်ဆည်းပေးနိုင်ရန်နှင့် ပုဂ္ဂလိကအခန်း ကဏ္ဍကို မြှင့်တင်ပေးနိုင်ရေးအတွက် ဌာနပိုင်လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခင်အစိုးရလက်ထက်က ပုဂ္ဂလိကကို ငှားရမ်းရေးဆောင်ရွက်ခဲ့ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ (၁၀) မိုင် ကုန်းပျိုးဥယျာဉ် အရောင်းဆိုင်၊ (၁၀) မိုင် ကုန်းဘက်စုံခြံနှင့် သိုလှောင်ရုံများ ငှားရမ်းခြင်းနှင့် စပ်လျဉ်းပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်   ယခင်က ဓာတ်‌မြေသြဇာအပါအဝင် လယ်ယာကဏ္ဍသွင်းအားစုများ တောင်သူလယ်သမားများသို့ ဖြန့်ဖြူးသည့် လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊  ယင်းနောက်ပိုင်း ရောင်းဝယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ပင်မတာဝန် စိုက်ပျိုးရေးနည်းပညာပေး လုပ်ငန်းများကို အဓိကထားဦးတည် ဆောင်ရွက်ခဲ့သည့်အလျောက် ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိဘဲ ဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်ကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခြင်း ဖြစ်သည့်အတွက် ဖြည့်တင်းဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်စဉ်ကရှိခဲ့သည့် သိုလှောင်ရုံများ အသုံးမပြုဘဲ ရှိနေခဲ့ပါကြောင်း၊ တစ်ဖက်ကလည်း အဆိုပါ သိုလှောင်ရုံ၊ ဂိုဒေါင်များသည် ကာလ ကြာမြင့်လာမှုနှင့်အတူ ယိုယွင်းမှုအခြေအနေများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊

ယခုလိုအခြေအနေတွင် ဌာနပိုင်လုပ်ငန်းများကို ငှားရမ်းခွင့်ရရှိသူများအနေဖြင့် ဌာနမှာရှိစဉ် အခြေအနေထက် ပိုမိုကောင်းမွန်လာစေရန်အတွက် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်စေရန် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်လွှဲပြောင်းပေးစဉ်က တည်ရှိခဲ့သည့် လုပ်ငန်းများ၊ အဆောက်အဦများ၏ အခြေအနေ၊ ငှားရမ်းလုပ်ကိုင်ခွင့်ရှိသူများ၏ ရင်းနှီး မြှုပ်နှံရမှုနှင့် ထိုစဉ်ကရှိခဲ့သည့် ဒေသပေါက်ဈေးအခြေအနေကို ချိန်ဆပြီး ငှားရမ်းခနှုန်းထားများကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ပဲခူးမြို့၊ (၁၀) မိုင် ကုန်းအရောင်းဆိုင်ကို ငှားရမ်းခဲ့ရာ နိုင်ငံတော်သမ္မတရုံးကို တင်ပြခွင့်ပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ သဘောတူအတည်ပြုချက်အရ နှစ်ရှည် နှစ် ၃၀ စာချုပ်ချုပ်ဆို ငှားရမ်းထားခြင်း ဖြစ်သော်လည်း စာချုပ်ပါ မူလရည်ရွယ်ချက်အတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရခြင်းအပေါ် နှစ်ဘက်နစ်နာမှု မရှိစေရန်အတွက် သက်ဆိုင်ရာကုမ္ပဏီကို ဦးစွာသတိပေးခေါ်ယူ ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးချက်နှင်‌့အညီ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအနေဖြင့် ဒေသတွင်းစိုက်ပျိုးရေး ဝါသနာရှင်များ လွယ်ကူစွာဝယ်ယူရနိုင်သည့် သွင်းအားစုများ၊ စိုက်ပျိုးရေးသုံးကိရိယာများနှင့် စားသုံးသူများ သန့်ရှင်းလတ်ဆတ်သည့် ခြံထွက်သစ်သီးဝလံများ လွယ်ကူစွာဝယ်ယူ စားသုံးနိုင်ရန်အတွက် ခြံဝင်းအတွင်းမှာရှိသည့် နှစ်ရှည်ပင်များ ပြုစုထိန်းသိမ်းပြီး ထွက်လာသည့် သီးနှံများကို အရောင်းဆိုင်ဖွင့်လှစ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဌာနအနေနှင့်လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေပေါ်မူတည်ပြီး စစ်ဆေးတွေ့ရှိချက်အရ စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ပဲခူးမြို့နယ်ရှိ သိုလှောင်ရုံ ငှားရမ်းခြင်းကိစ္စတွင် အဆိုပါသိုလှောင်ရုံများကို ကောင်းမွန်စွာ ပြုပြင်ပေးရန်နှင့် ငှားရမ်းကာလကုန်ဆုံးပြီး ဌာနကိုပြန်လည်အပ်နှံချိန်တွင် ကောင်းမွန်သည့် အခြေအနေအတိုင်း ဌာနကိုပြန်လည်အပ်နှံနိုင်ရန်အတွက် ညှိနှိုင်းပြီး စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ စာချုပ်မှာလည်း အဆိုပါအချက်များကို ထည့်သွင်းချုပ်ဆိုသည့်အပြင် ပြုပြင်ရန်အတွက် အနည်းဆုံးရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ်ပမာဏကိုပါ သတ်မှတ်ထည်‌့သွင်း ချုပ်ဆိုခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ပဲခူးမြို့နယ်၊ ဘိုကုန်းရှိ ငှားရမ်းထားသည့် သိုလှောင်ရုံသုံးလုံးကို ၁၂-၆-၂၀၁၄ ရက်စွဲပါ စာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပါကြောင်း၊ ယင်းသိုလှောင်ရုံများကို ကျပ်သိန်း ၄၀၀ ရင်းနှီးမြှုပ်နှံပြီး သတ်မှတ်စံချိန်စံညွှန်းအမီ ပြုပြင်ပေးရန် စာချုပ်တွင်ထည့်သွင်း ချုပ်ဆိုထားခဲ့ပါကြောင်း၊ လက်ရှိငှားရမ်းခ နှုန်းထားအနေဖြင့် တစ်နှစ် ၁၄.၄ သိန်းဖြစ်ပြီး ငှားရမ်းကာလ ကနဦး ၁၀ နှစ်၊ သက်တမ်းငါးနှစ်စီဖြင်‌့ (၂) ကြိမ်သက်တမ်းတိုးခွင့်သတ်မှတ်ချက်ဖြင်‌့ ငှားရမ်းထားခြင်းဖြစ်ပြီး ငှားရမ်းခနှုန်းထားကို သက်တမ်းအလိုက် ပြန်လည်စိစစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အတူ ပဲခူးမြို့၊ ဟင်္သာကုန်းကြားစခန်းရှိ ငှားရမ်းထားသည့် သိုလှောင်ရုံနှစ်လုံးကို ၁၀-၇-၂၀၁၄ ရက်စွဲပါစာချုပ်နှင့် ငှားရမ်းထားပြီး ၎င်းသိုလှောင်ရုံများကို ကျပ်သိန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး သတ်မှတ်စံချိန်စံညွှန်းအမီ ပြုပြင်ပေးရန် စာချုပ်တွင်ထည်‌့သွင်း ချုပ်ဆိုဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိ ငှားရမ်းခနှုန်းထားအနေဖြင့် တစ်နှစ် ကျပ် ၁၀.၈ သိန်းဖြစ်ပြီး ငှားရမ်းကာလ ကနဦး ၁၀ နှစ်၊ သက်တမ်းတိုးငါးနှစ်စီဖြင့် (၂)ကြိမ် သက်တမ်းတိုးခွင့် သတ်မှတ်ချက်ဖြင့် ငှားရမ်းထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ တစ်ဆက်တည်း ပဲခူးမြို့နယ်၊ ဘိုကုန်းမှာငှားရမ်းထားသည့် အဆောက်အဦတစ်လုံးကို ၁၉-၁၁-၂၀၁၅ ရက်ပါစာချုပ်ဖြင့် ငှားရမ်းထားပြီး ယင်းအဆောက်အအုံကို ကျပ်သိန်း ၃၀ ရင်းနှီးမြှုပ်နှံပြီး သတ်မှတ်စံချိန်စံညွှန်းအမီ ပြုပြင်ပေးရန် စာချုပ်မှာထည့်သွင်းချုပ်ဆိုခဲ့ပါကြောင်း၊ လက်ရှိ ငှားရမ်းခနှုန်းထားများသည် တစ်နှစ် ကျပ်ခြောက်သိန်းဖြစ်ပြီး ကနဦး ငါးနှစ်၊ သက်တမ်းတိုး ငါးနှစ်စီဖြင့် သုံးကြိမ်သက်တမ်းတိုးခွင့် သတ်မှတ်ငှားရမ်းထားခြင်းဖြစ်ပြီး ကာလပေါက်ဈေးနှင့်အညီ ငှားရမ်းခကို ပြန်လည်စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊

ပဲခူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ သိုလှောင်ရုံငှားရမ်းမှုနှင့် ပတ်သက်ပြီး ဌာနကစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်အတိုင်း ပုံမှန်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်ပါ စည်းကမ်းမကိုက်ညီပါက စာချုပ်စည်းကမ်းများအရ လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများကို စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ငှားရမ်းခနှုန်းထားနှင့် ပတ်သက်ပြီး စတင်စာချုပ်ချုပ်ဆို စဉ်ကတည်းက ငှားရမ်းခွင့်ရှိသူများ၏ ရင်းနှီးမြှုပ်နှံမှု၊ ထိုစဉ် ကာလကရှိခဲ့သည့် ဒေသပေါက်ဈေး၊ အဆောက်အအုံ၏ မူလအ‌ခြေအနေများအပေါ် ချင့်ချိန်တွက်ချက် သတ်မှတ်ပြီးချုပ်ဆိုခဲသည့် စာချုပ်ပါစည်းကမ်းများအရ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် နှစ်ဘက်နစ်နာမှု မရှိစေရေးအတွက် ငှားရမ်းခနှင့်ပတ်သက်၍ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး ဌာနမှလည်း နစ်နာမှုမရရှိစေရန် သက်ဆိုင်ရာကုမ္ပဏီများနှင့် ထိတွေ့ဆုံညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဲခူးမြို့၊ (၁၀) မိုင် ကုန်းဘက်စုံခြံဧက ၁၀၀ ကို အရှေ့တိုင်းသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ကို ကနဦး ၁၀ နှစ်၊ သက်တမ်းတိုး ငါးနှစ် နှစ်ကြိမ်သတ်မှတ်ချက်နှင့် ၁-၇-၂၀၁၄ ရက်နေ့က  စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ပါကြောင်း၊ စတင်ငှားရမ်းစဉ်က ငှားရမ်းခနှုန်းထားသည် ကျပ် ၁၀ သိန်း ဖြစ်သော်လည်း စာချုပ်တွင် နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး ငှားရမ်းခနှုန်းထားကို ပြင်ဆင်သတ်မှတ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၁-၇-၂၀၁၆ ရက်နေ့ကစပြီး  ကျပ်သိန်း ၅၀ သို့ တိုးမြှင့်သတ်မှတ်ထားပါကြောင်း၊

ဌာနကစစ်ဆေးတွေ့ရှိချက်အရ ကြက်ကောင်ရေ ၁၀၀၀၀ ဆံ့ Steel Structure ကြက်မွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၀ ဧက ကန်အတွင်း ငါးမွေးမြူခြင်းကို ကြက်ခြံနှင့်တွဲဖက် ဆောင်ရွက်လျက်ပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်အဖြစ် ကြက်သားပေါက်ထုတ်လုပ်ရန် ဖောက်စက်စက်ရုံ တည်ထောင်မှု တစ်လလျှင် ကြက်ပေါက်ကောင်ရေ သုံးသိန်းကျော်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းတိုးချဲ့မှု အပိုင်းအနေဖြင့် ကြက်ကောင်ရေ ၈၀၀၀ ခန့်ဆံ့သည့် Breeder Farm Hen House နှစ်ရုံ တည်ဆောက်သွားရန်လည်း ရှိပါကြောင်း၊ အထက်ဖော်ပြပါ (၁၀) မိုင် ကုန်းဘက်စုံခြံ၏ လုပ်ငန်းတိုးတက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဌာနကအားပေးဆောင်ရွက်ပြီး တိုးတက်လာသည့် အခြေအနေအရ နှစ်နှစ်တစ်ကြိမ်သုံးသပ်ချက်နှင့် ငှားရမ်းခနှုန်းထားကို တိုးမြှင့်သတ်မှတ်နိုင်ရေး စာချုပ်နှင့်အညီ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ဝန်ကြီးဌာနအောက်ရှိ ခြံ၊ စိုက်ကွင်း၊ စက်ရုံ၊ အလုပ်ရုံများ၏ ငှားရမ်းမှုနှုန်းထားကို ပြန်လည်သုံးသပ်ပြီး စာချုပ်စည်းကမ်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် သွားနိုင်ရေးအတွက် လိုအပ်သည်များကို စီမံဆောင်ရွက်သွားရန်လည်း ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အငှားချထားခံရသူက မူလအငှားစာချုပ်တွင် မပါဝင်သည့် အခြားလုပ်ငန်းပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာမှုများအပေါ် မိမိတို့ဝန်ကြီးဌာန အနေနှင့် စိစစ်သုံးသပ်ခြင်းနှင့် ဆက်စပ်ဌာနများ၏ အကြံပြုချက်များရယူခြင်းများ ဆောင်ရွက် ပြီးတော့ ‌ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာသည့် လုပ်ငန်းအပေါ်မူတည်ပြီး အဖွဲ့စနစ်နှင့် စိစစ် သုံးသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငှားရမ်းခအခကြေးငွေကို ကာလပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပြီး နှုန်းထား‌ပြောင်းလဲခြင်းကို လိုအပ်ပါက တည်ဆဲလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ အထက်အဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြပြီး စာချုပ်ပြင်ဆင်ချုပ်ဆိုခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။