ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့၏ အရှေ့ဘက်ရှိ ပြည်သူများ၏တင်ပြချက်အရ GSM တယ်လီဖုန်းလိုင်းများမမိသည့်အတွက်ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းသွားမှာဖြစ်ပါတယ်။ ဇီးကုန်းမြို့ရဲ့အရှေ့ဘက် ၇ မိုင်ခန့်ကွာဝေးသော ရွာဝိုင်းကြီးကျေးရွာ အုပ်စု ရွာဝိုင်းကြီးကျေးရွာတွင် စခန်းသစ်တည်ဆောက်ပေးနိုင်ပါလျှင် ရွှေဖလားကျေးရွာ၊ သက်ကယ်ပြင်ကျေးရွာ၊ သင်ကန်ကျေးရွာ၊ ခရူးချောင်းကျေးရွာ၊ ဒိုးနယ်ကျေးရွာ၊ဘော်ဘင်ကျေးရွာ၊ ဆိတ်ကူးကျင်းကျေးရွာ၊ ကန်ကြီးကျေးရွာ၊ မီးကောက်ပင်ကျေးရွာ၊ ကန်ကလေးကျေးရွာ၊ ချောင်းသာယာရွာ၊ တောင်ညိုမြို့သစ်၊ ရေတာရှည်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ အုန်းနှဲကန် ကျေးရွာ၊ ကြံရင်းကျေးရွာ၊ စခန်းကြီးကျေးရွာ၊ စောင်ဝှက်ကျေးရွာအစရှိတဲ့ စီးပွားရေးတောင့်တင်းပြီး သုံးသီးစိုက်ကျေးရွာများမှာ GSM တယ်လီဖုန်းလိုင်းများရရှိပါက ပြည်သူများအထူးပင်အဆင်ပြေ ချောမွေ့မှာဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေးအဆင့်အတန်းများလည်း မြင့်မားလာနိုင်မှာဖြစ်တဲ့အပြင် ဆက်သွယ်ဆောင်ရွက်နိုင်မှုများ အဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ သို့ပါ၍ GSM မိုဘိုင်းရေဒီယို စခန်းသစ်တစ်ခုတည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိ ပြည်သူများ၏လိုလားတောင့်တချက်အရ မေးမြန်း ရခြင်းဖြစ်ပါတယ်။ (၁) ယခုလက်ရှိအနေအထားတွင် ဇီးကုန်းမြို့ မိုက်ခရိုဝေ့စခန်းတွင် GSM စခန်း တစ်ခုဖွင့်လှစ်ထားရှိပါတယ်။ (၂) ဇီးကုန်းမြို့နယ်အနောက်ဘက် လေးမျက်နှာကျေးရွာတွင် GSM မိုဘိုင်းရေဒီယိုစခန်းတစ်ခုဖွင့်လှစ်ထားရှိပါတယ်။ ယခုတင်ပြတောင်းခံသောဧရိယာမှာ ဇီးကုန်းမြို့ရဲ့ အရှေ့ဘက်ရှိ ကျေးရွာအုပ်စုများ၊ မြို့ချင်းထိစပ်လျက်ရှိသော နတ်တလင်းမြို့ရဲ့အရှေ့ဘက်ကျေးရွာ အုပ်စုများ၊ ကြို့ပင်ကောက်မြို့ရဲ့အရှေ့ဘက်ကျေးရွာအုပ်စုများရှိပြည်သူများပါ အကျိုးရှိနိုင်မည်ဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ မေးမြန်းလိုတဲ့မေးခွန်းမှာ မေးခွန်း (၁) ဇီးကုန်းမြို့၏အရှေ့ဘက် ၇ မိုင်ခန့်ကွာဝေး သော ရွာဝိုင်းကြီးကျေးရွာအုပ်စု ရွာဝိုင်းကြီးကျေးရွာတွင် GSM မိုဘိုင်းရေဒီယိုစခန်းအသစ်တစ်ခု တိုးချဲ့တပ်ဆင်ပေးရန်အစီအစဉ်ရှိ၊ မရှိ ပြည်သူများရဲ့လိုလားတောင့်တချက်အရ မေးမြန်းခြင်းဖြစ်ပါ တယ်။ မေးခွန်း (၂) တိုးချဲ့တပ်ဆင်ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရှိလိုပါ၍ ရိုသေလေးစားစွာဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါတယ်ခင်ဗျား။
ဇီးကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့ ဇီးကုန်းမြို့နယ်၊ ရွာဝိုင်းကြီးကျေးရွာမှာ GSM မိုဘိုင်းရေဒီယိုစခန်းအသစ် ၁ ခုတိုးချဲ့တပ်ဆင်ဖို့ အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းတဲ့မေးခွန်းကို ကျွန်တော်ဖြေကြားပါ့မယ်။
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ရွာဝိုင်းကြီးကျေးရွာမှာ GSM/UMTS စခန်း ၁ ခု တိုးချဲ့ တပ်ဆင်ပေးဖို့အတွက် မကြာမီဆောင်ရွက်မည့် ကျေးလက်ဒေသ GSM/UMTS တိုးချဲ့တပ်ဆင်ရေး စီမံကိန်းမှာ ထည့်သွင်းလျာထားဆောင်ရွက်ရန်စီစဉ်ပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံး ကျေးဇူးတင်ပါတယ်။
