(ခ)-ဝန်ထမ်းများအားဘုရားဖူးကဲ့သို့သောနိုင်ငံခြားခရီး သွားရောက်ခြင်း ခွင့်ပြုပေးရန်နှင့် တမူး နယ်စပ်မှ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားလာခြင်းကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ တို့ နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၉.၇.၂၀၁၃)

ဦးခင်မောင်ရွှေ (တမူး)ဝန်ထမ်းများ ဘုရားဖူးသွားလာခြင်း၊ အထူးသဖြင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂယာသို့ သွားရောက်ကြရာတွင် ဝန်ထမ်းဟု နိုင်ငံသားစစ်ဆေးရေး ကတ်ပြားတွင် ရေးသားထားပါက Visa လျှောက်ထားမရပါကြောင်း၊ အကယ်၍ အဆိုပါဝန်ထမ်းများအနေဖြင့် ဗုဒ္ဓဂယာသို့ သွားလိုပါက ပင်စင်စားဖြစ်ကြောင်း ထောက်ခံစာပါရှိမှ သွားခွင့်ပြုပါကြောင်း၊ အချို့ကဝန်ထမ်းဖြစ်သော်လည်း သွားရောက်လည်ပတ်ချင်သည့်အတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲများထံ ပင်စင်ယူပြီးကြောင်း ထောက်ခံစာများကို အဆင်ပြေ အောင်ရယူလျက် သွားလာလျှက်ရှိကြကြောင်းကို သိရှိရပါကြောင်း၊ ထို့သို့ အချက်အလက်များကို အမှန်အတိုင်း အသေးစိတ်ဆောင်ရွက်ခြင်းမပြုဘဲ Visa ရရှိနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြခြင်းသည် နိုင်ငံသားတော်၏ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့်အစိုးရ ဆောင်ရွက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ယူဆမိပါကြောင်း၊ ထို့အတွက်ကြောင့် အမှန်တကယ် ဘုရားဖူးသွားလာကြမည့် ဝန်ထမ်းများအား တရားဝင် သွားလာခွင့် ပေးသင့်ပါကြောင်း၊ ထို့ပြင် ခရီးသွား လမ်းကြောင်းများ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် နယ်စပ်အိန္ဒိယနိုင်ငံ မိုရေးမြို့မှတစ်ဆင့် အင်ဖာမှ ဗုဒ္ဓဂယာသို့ သွားလာခြင်းသည် ရန်ကုန်မှတစ်ဆင့်သွားလာခြင်းထက် ခရီးစရိတ်ထက်ဝက်မျှ သက်သာကြောင်း ပြည်သူများကတင်ပြခဲ့ကြသဖြင့်၊ ပြည်သူများ၏ကိုယ်စား အောက်ပါမေးခွန်းများအား မေးမြန်းလိုပါကြောင်း-

(၁) ဝန်ထမ်းများအား ဘုရားဖူးကဲ့သို့သော နိုင်ငံခြားသို့သွားရောက်ခြင်းခွင့်ပြုပေးရန် အစီအစဉ်ရှိပါသလား။ ရှိပါက မည်သည့်အချိန်မှစတင်၍ မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း။

(၂) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးနယ်စပ်၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ဘုရားဖူးသွားလာ ခြင်းကို ခွင့်ပြုဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေး နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး
အဖြေ

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံခြားဘုရားဖူးခရီးသွားရောက်လိုသည့်အခါ သာသနာရေး ဝန်ကြီးဌာန၏ထောက်ခံချက်ရယူရန်မလိုဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့်ခံစားခွင့်ပြုသည့် အမိန့်စာဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ခရီးသွား ကုမ္ပဏီများဖြင့်လည်းကောင်း၊ မိမိကိုယ်ပိုင်အစီအစဉ်ဖြင်‌့သော်လည်းကောင်း လွတ်လပ်စွာ နိုင်ငံခြား ဘုရားဖူးသွားလာနေကြပါတယ်။ အချို့ဝန်ကြီးဌာနများအနေဖြင့် ဝန်ထမ်းများအား ဘုရားဖူးကဲ့သို့ သော နိုင်ငံခြားခရီးသွားရောက်လိုပါက ကာယကံရှင်၏လုပ်သက်ခွင့်လျှောက်လွှာ၊ ကိုယ်ရေး အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ကာယကံရှင်၏ ကိုယ်တိုင်ဝန်ခံချက်နှင့် အာမခံသူ ၂ ဦး၏ ထောက်ခံချက်(မြန်မာနိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်း၊ ပျက်ကွက်ပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူခံရမည့်အပြင် ပြည်ပထွက်ခွာမှုအတွက် အမှုထမ်းအာမခံကြေးငွေကျပ် ၅၀၀၀၀၀၀ိ/-နှင့် အရာထမ်းအာမခံကြေးငွေကျပ် ၁၀၀၀၀၀၀၀ိ/- ပေးလျော်ရန် သဘောတူညီကြောင်း)တို့ကို တင်ပြလျှောက်ထားလာပါက စည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်သက်ခွင့်(ပြည်ပ)အဖြစ် စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံ ကလေးဒေသ တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ စရိတ်သက်သာစွာဖြင့် နယ်စပ်ဖြတ်ကျော် ဘုရားဖူးသွားလာခြင်းသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား သဘောတူညီချက်ရရှိရန်လိုအပ်ပြီး ဘုရားဖူးပို့ဆောင်ပေးတဲ့ ဘုရားဖူးပို့ဆောင်ရေးကုမ္ပဏီများလည်းရှိရန်လိုအပ်ပါတယ်။ ထို့အပြင် မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှ ဗုဒ္ဓဂယာအထိ ကီလိုမီတာ ၁၆၀၀ ခန့်ရှိသည့်အတွက် ခရီးကွာဝေး သည့်အပြင် အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ဒေသနယ်စပ်တွင်လည်း ဒေသခံသောင်းကျန်း သူများရှိနေ သည့်အတွက် လုံခြုံရေးအရစိတ်ချရမှုအခြေအနေမရှိခြင်း၊ လောလောဆယ် နယ်စပ်ဖြတ်ကျော် ဗုဒ္ဓဂယာဘုရားဖူးသွားလာရေးကိစ္စကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုမရှိသေးခြင်း၊ နယ်စပ်ဖြတ်ကျော်၍ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းနှင့် ပို့ဆောင်ပေးမည့်ကုမ္ပဏီများလည်း မရှိသေးခြင်းတို့ကြောင့် တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း လေးစားစွာဖြင့် ဖြေကြားပါသည်။