လှိုင်သာယာမြို့နယ်အတွင်းရှိ ကတ္တရာလမ်းမကြီးများ ဖြစ်ကြသော စိန်ပန်းမြိုင်လမ်း၊ ဗညားဒလလမ်း၊ မကွေးလမ်း၊ မင်းဘူးလမ်း၊ စစ်ကိုင်းလမ်း၊ စစ်တွေလမ်း၊ ပဲခူးလမ်းများမှာ ယခုအခါ လမ်းတစ်လျှောက်တွင် ကတ္တရာများ ပေါက်ပြဲပျက်စီးခြင်း၊ ချိုင့်ကွက်များဖြစ်ပေါ် နေခြင်းများကြောင့် မိုးတွင်ကာလတွင် ရေဝပ်ခြင်း၊ ဗွက်ပေါက်ခြင်း၊ ဒေသခံခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ သွားလာရေး အခက်အခဲဖြစ်နေခြင်း များကြောင့် အဆိုပါလမ်းမကြီး များအား လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၇)ရပ်ကွက်ရှိ ဖိုးရာဇာလမ်းမကြီးနှင့် ဦးပုညလမ်းမကြီးများကဲ့သို့ မူလကတ္တရာလမ်းပေါ်တွင် ကွန်ကရစ်လမ်း ခင်းပေးပါက ပိုမိုကောင်းမွန်သွားမည်ဖြစ်ပြီး ကွန်ကရစ်ဖြစ်၍ ရေမကြောက်ခြင်း၊ ပေါက်ပြဲပျက်စီးပါက အလွယ်တကူ ပြုပြင်ဖာထေးနိုင်ပြီး ကွန်ကရစ်မရှားပါးခြင်း၊ ကတ္တရာကဲ့သို့ မီးဖြင့်ကျိုချက်၍ လောင်းရခြင်းမျိုး မရှိသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိခြင်း၊ နေပူဒဏ်ခံနိုင်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူများမှ ယင်းလမ်းမကြီးများအား ကွန်ကရစ်လမ်းများအဖြစ် ခင်းကျင်းပေးရန် လိုလားတောင့်တလျက် ရှိနေကြသဖြင့် ခင်းကျင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် ခင်းကျင်းပေးနိုင်မည် ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ရှိတဲ့ စိန်းပန်းမြိုင်လမ်း ၆၂၀၀ ပေ x ၁၈ ပေ၊ ဗညားဒလလမ်း ၂၂၄၇ ပေ x ၁၈ ပေ၊ မကွေးလမ်း ၈၉၀၀ ပေ x ၁၈ ပေ၊ စစ်ကိုင်းလမ်း ၃၂၀၀ ပေ x ၁၈ ပေ၊ စစ်တွေလမ်း ၄၃၄၀ ပေ x ၁၈ ပေတို့အား ၅ နှစ်စီမံကိန်းအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ မင်းဘူးလမ်း ၄၆၈၀ ပေ x ၁၈ ပေ၊ ပဲခူးလမ်း ၄၂၀၀ ပေ x ၁၈ ပေတို့အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ကတ္တရာ လမ်းသားတင်ခြင်းဆောင်ရွက်ရန်လျာထားပါတယ်။ သို့ရာတွင် ဒေသလိုအပ်ချက်အရ ပိုမိုအသုံးဝင်တဲ့ ဗညားဒလလမ်းနှင့် စစ်ကိုင်းလမ်းတို့ကို ခွဲဝေရရှိတဲ့ဘဏ္ဍာငွေအပေါ်မူတည်ပြီးတော့ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
