ဤမေးခွန်း၏ ရည်ရွက်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင် စာသာသင်ရပြီး လက်တွေ့အသုံးချခွင့် မရရှိသောကြောင့် လက်တွေ့ အသုံးချခွင့် ရရှိရေး၊ ထို့ပြင် ဝင်ငွေနည်း မိသားစုဝင် များအတွက် ထွက်ငွေ၊ ဝင်ငွေများကို ထိန်းညှိနိုင်ပြီး ပိုငွေများ စုဆောင်းနိုင်ရေး ကုန်ဈေးနှုန်းကြီးမြင့်မှုအား တစ်ဖက်တစ်လမ်းမှ ထိန်းညှိနိုင်ရေးကို ရည်ရွယ်ပါကြောင်း၊ ဤကိစ္စရပ်များကို နိုင်ငံတော်အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လီလက်ကား စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများပါဝင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိမေးလိုသည့် မေးခွန်းအနေဖြင့် ငွေအကြွေများ ဖြစ်သော ငါးပြား၊ ဆယ်ပြား၊ နှစ်ဆယ့်ငါးပြား၊ ငါးဆယ်ပြား၊ တစ်ကျပ်စသည့်အကြွေများ၊ နိုင်ငံတော်တွင် ပြန်လည်သုံးစွဲလာရန် ရှင်သန်မှု ပြုလုပ်ပေးရန် နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ငွေစက္ကူတစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ်ကျပ်၊ ငါးဆယ်ကျပ်၊ တစ်ရာကျပ်တန်းများအားလုံ လောက်စွာ လည်ပတ်သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် လုံလောက်စွာ ထုတ်ပေးနိုင် ရန် အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်၊ ဆောင်ရွက်ပေးနိုင်မှုမရှိပါက အဘယ်ကြောင့် ဆောင်ရွက်ပေးနိုင်မှု မရှိကြောင်းကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
နိုင်ငံတော်ပိုင်ဘဏ်တွေ အားလုံးမှာ ငွေအကြွေတွေအလုံအလောက်ရှိနေပါတယ်။ တကယ်တမ်းဒါကို မသုံးကြတာတော့ ပြည်သူလူထုရဲ့ ရွေးချယ်မှုလို့ထင်ပါတယ်။ တကယ်လို့ သုံးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့ ဒီငွေအကြွေတွေကို အလုံအလောက်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်း လေးစားစွာတင်ပြအပ်ပါ တယ်။ ဒုတိယမေးခွန်း အနေနဲ့ကတော့ တန်ဖိုးနည်းငွေစက္ကူဖြစ်တဲ့ တစ်ကျပ်တို့၊ ငါးကျပ်တို့၊ တစ်ဆယ်တို့၊ ငါးဆယ်တို့၊ တစ်ရာတို့ အဲဒါတွေကို လုံလောက်စွာ ထုတ်ပေးဖို့အနေအထားကို မေးထားတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ နိုင်ငံတော်ပိုင်ဘဏ်တွေမှာ ငွေစက္ကူတန်ဖိုးနည်းတွေဟာ အလုံအလောက်ရှိနေပါတယ်။ လဲလှယ်ပေးလျက်လည်း ရှိနေပါတယ်။ နောက်တစ်ခါ ဟောင်းနွမ်း သွားတဲ့ ငွေစက္ကူတန်ဖိုးနည်းများကိုလည်း ကျွန်တော်တို့ လဲလှယ်ပေးလျက်ရှိပါတယ်။ လစာထုတ် ပေးတဲ့အခါမှာလည်း ဒါတွေကို ကျွန်တော်တို့ ထည့်သွင်းပြီးတော့ ထုတ်ပေးလျက်ရှိပါတယ်။ ဒီအပြင် ကျွန်တော်တို့ အဲဒီငွေစက္ကူနဲ့ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကနေပြီးတော့ ထုတ်ဝေထားတာတွေကို ကျွန်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ကို ကျွန်တော် တင်ပြအစီရင်ခံချင်ပါတယ်။ ၂၀၀၉-၂၀၁၀ မှာ ၁၀ ဘီလီယံ ကျွန်တော်တို့ တန်ဖိုးနည်းငွေစက္ကူတွေကို ထုတ်ခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ မှာ ၅၈ ဘီလီယံ၊ ၂၀၁၁-၂၀၁၂ မှာ ၁၁၃ ဘီလီယံ ၊ ၂၀၁၂-၂၀၁၃ မှာ ၅၃ ဘီလီယံ စုစုပေါင်း လေးနှစ် တာကာလအတွင်းမှာ ၂၃၄ ဘီလီယံကျော် အကြမ်းဖျင်းကျွန်တော်တို့ ပြောမယ်ဆိုရင် ပျမ်းမျှတစ်နှစ်ကို ၅၈ ဘီလီယံလောက်ထုတ်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
