စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင် ပါဝင်သော ခမ်းပတ်မြို့နယ်ခွဲသည် အစိုးရဌာနဆိုင်ရာများ၊ ကျောင်းများ၊ စာစစ်ဌာနများ၊ တိုက်နယ် ဆေးရုံ၊ ရဲစခန်းနှင့် တပ်မတော်ရှေ့တန်းရုံးများ တည်ရှိသည့်အပြင် ဝန်ထမ်းများ၊ ပင်စင်စားများနှင့် ကုန်သွယ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသူများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များဆောင်ရွက်ကြသူများလည်း တည်ရှိနေထိုင်ကြပါကြောင်း။ လစာနှင့် ပင်စင် ထုတ်ယူခြင်း၊ ငွေလွှဲ/ငွေလက်ခံ ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြတဲ့အခါမှာ ခမ်းပတ်မြို့မှ ၃၅ မိုင် ဝေးကွာသော တမူးမြို့သို့လည်းကောင်း၊ မိုင် ၅၀ နီးပါးဝေးကွာတဲ့ ကလေးမြို့သို့လည်းကောင်း သွားရောက် ဆောင်ရွက်နေကြရပါကြောင်း၊ သို့ပါ၍ ခမ်းပတ်မြို့နယ်ခွဲတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခု ဖွင့်လှစ်ပေးရန် ဒေသခံပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် တွေ့ဆုံပွဲတွင် တင်ပြလာပါသဖြင့် အောက်ပါမေးခွန်းမျာကို မေးမြန်းလိုပါကြောင်းမေးမြန်းပါသည်။
မေးခွန်းမှာ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ နယ်စပ်ဒေသတွေ၊ မဖွံ့ဖြိုးသေးတဲ့တောင်တန်းဒေသတွေအပါအဝင် ထိုဒေသများမှာ ဘဏ်ခွဲများ၊ ငွေတိုက်ခွဲများဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စုစုပေါင်း ယခုဖွင့်လှစ်ထားတာဆိုလို့ရှိရင် ၃၁၀ ရှိပါတယ်။ နောက်ထပ်လည်းပဲ တိုးချဲ့ဖွင့်လှစ်သွားမယ့်အစီအစဉ်တွေရှိပါတယ်။ အဲ့လိုတိုးချဲ့ဖွင့်လှစ်သွားတဲ့ အခါမှာတော့ အချက်ပေါင်းများစွာကိုမူတည်စဉ်းစားရပါတယ်။ လုံခြုံရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဆက်သွယ်ရေးစသည်ဖြင့် လျှပ်စစ်မီးခြုံငုံစဉ်းစားပြီးတော့မှ ဦးစားပေးပြီးတော့ လုပ်သွားတဲ့ အနေအထားတွေရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းချက်ကို ပြန်ကြည့်တဲ့အခါမှာ ခမ်းပါတ်မြို့ဟာ တမူးမြို့နဲ့ မိုင် ၃၀ ကျော် ၃၆ မိုင်လောက်ဝေးပြီးတော့ ကလေးမြို့နဲ့ဆို မိုင် ၄၀ ကျော် ၄၅ မိုင်လောက်ဝေးပါတယ်။ ခမ်းပါတ်မြို့နယ်မှာ နိုင်ငံပိုင် အဖွဲ့အစည်း၊ အစိုးရဌာန ၁၈ ခုရှိပါတယ်ခင်ဗျား။ ၁၈ ခုအနက်က ၂ ခုကတော့ တမူးမှာပဲ ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ပြီးတော့ ကျန်တဲ့ ၁၆ ခုကတော့ သူတို့သက်ဆိုင်ရာအဖွဲ့အစည်းကမှ တစ်ဆင့် လစာထုတ်တဲ့လုပ်ငန်းတွေကိုလုပ်ပါတယ်။ နောက်ခမ်းပါတ်မြို့နယ်မှာ ပင်စင်စား ၃၀၀ ကျော် လောက်ရှိပါတယ်ခင်ဗျား။ နောက် ခမ်းပါတ်ကနေပြီးတော့ ငွေစုဘဏ်သွားဖွင့်ထားတဲ့ ငွေစုထားတဲ့ အရေအတွက်က ၁၀၀ ပဲရှိပါတယ်ခင်ဗျား။ ငွေစာရင်းရှင်ဖွင့်တဲ့သူက ၁ ဦးပဲရှိပါသေးတယ်။ ရှိသေးတဲ့ အတွက် လောလောဆယ်မှာတော့ ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးအကန့်အသတ်တွေလည်းရှိတဲ့ အတွက်ကြောင့် ခမ်းပါတ်မှာ ဖွင့်ဖို့ အစီအစဉ်မရှိသေးပါဘူး။ သို့သော်လည်း ဒါကိုလည်း ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပြီးတော့ အခြေအနေကောင်းသည်နဲ့အမျှ ဖွင့်ပေးသွားမှာဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားပါသည်။
