(ဃ)-တယ်လီဖုန်း ပြောဆိုခ နှုန်း လျော့ချပေး ရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊မရှိ နှင့် မြန်မာ့ ဆက်သွယ်ရေး ကော်ပိုရေးရှင်း ကဦးဆောင် သတ်မှတ် ပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၈.၆.၂၀၁၃)
အဖြေ

လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ် လျှင် ၅၀ ကျပ်မှ ၅ ကျပ်နှုန်းသို့လျော့ချပေးရန် လက်ကမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့်မြန်မာ့ဆက်သွယ် ရေးကော်ပိုရေးရှင်းက ဦးဆောင် သတ်မှတ်ပေးရန် အစီ  အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဤမေးခွန်းအား အခြေခံအချက် ၃ ချက်အပေါ် မူတည်ပြီး ဖြစ်နိုင်ခြေ တွက်ချက်ပြီး မေးမြန်း လိုပါကြောင်း၊ ပြည်သူများအနေဖြင့် ကုမ္ပဏီကြီးများနဲ့ အစိုးရအဖွဲ့ အစည်းကြီးများကို ယုံကြည်အားထားမှုကြီးမားစွာ ထားရှိကြပါကြောင်း၊ ၎င်းတို့ ထုတ်လုပ်သောပစ္စည်းများ၊ ဝန်ဆောင်မှုများကို အရည်အသွေးအားဖြင့်လည်းကောင်း ဈေးနှုန်း အားဖြင့်လည်းကောင်း ယုံကြည်စိတ်ချရသော အစဉ်အလာ ရှိကြပါကြောင်း၊ ပထမအချက်အနေဖြင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီကြီးများမှာ အများပိုင် ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလာရာ ပြည်သူများ အနေဖြင့် မိမိဝင်ငွေထဲမှ ပိုလျှံငွေများကို အများပိုင် ကုမ္ပဏီကြီးများတွင် ရှယ်ယာ ဝယ်ယူပြီး ထည့်ဝင်ထူထောင်လာရသည့် ဈေးကွက်စီးပွားရေးခေတ်ကြီးကို မိမိတို့ရောက် ရှိနေပါကြောင်း၊ ထို့အတွက်ကြောင့် အများပိုင်ကုမ္ပဏီကြီးများနှင့်၊ အစိုးရကော်ပိုရေးရှင်းကြီးများ အနေဖြင့် ပြည်သူများအတွက် အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်း၊ ကုန်စည် ဝန်ဆောင်ထုတ်လုပ်မှုများကို ပြုလုပ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပထမအချက်အနေဖြင့် တင်ပြပါသည်။

ဒုတိယအချက်အနေဖြင့် ကုမ္ပဏီကြီးတွေ၊ အစိုးရကော်ပိုရေးရှင်းကြီးများ အနေဖြင့် ပြည်သူအများစု၏ အစုရှယ်ယာအဖြစ်ပါဝင်ပြီး ထူထောင်သည့် ကော်ပိုရေးရှင်းကြီးများ ဖြစ်သည့် အတွက်ကြောင့် လုပ်ငန်းကြီးခြင်း၏ အကျိုးကျေးဇူး Economy Of Scale ရှိပါကြောင်း၊ ထို့အတွက်ကြောင့် သန်းဆယ်ဂဏန်းမျှ ရှိသော အများပြည်သူ လက်ကိုင်သုံးစွဲနေ ကြသည့် GSM/CDMA စသည့် တယ်လီဖုန်းများမှာ ဖုန်းအလုံးရေများတာသည်နှင့်အမျှ ယင်းတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်းသွားသည့်အတွက်ကြောင့် မိမိတို့အနေဖြင့် ဒီနေ့တယ်လီဖုန်းဆက်သွယ်ခ ၁ မိနစ် ၅၀ ကျပ်က ၅ ကျပ်ဆိုသည်မှာ ဖြစ်နိုင်လောက်သော အနေအထား တစ်ခုတွေ့ပါကြောင်း၊ ဒါကို ထပ်ဆင့်ပြီး ထောက်ခံမည့်အခြေခံ တတိယအချက်အနေဖြင့် စာရင်းကိုင်ပညာတွင် အရင်းကြေကာလကို တွက်ချက်သည့် အခြေခံပေါ်တွင် သွားတည်ပါကြောင်း၊ တိုင်တွေထူထောင်တဲ့ကိစ္စမျိုး၊ အခြေခံအဆောက်အဦတွေ တည်ဆောက်ရတဲ့ကိစ္စမျိုးတွေမှာ ကုန်ကျတဲ့အရင်းကို ကျွန်တော်တို့က ၁ နှစ်အတွင်း ကြေအောင် အခြေခံထားပြီးတော့ စာရင်းကိုင်နည်းနဲ့ တွက်ချက်မည်ဆိုပါက ဖုန်းပြော ဆက်သွယ်ခ ၅၀ ဆိုတာဖြစ်နေမှာဖြစ်ပါကြောင်း၊ အများပိုင်ကုမ္ပဏီ ကြီးတွေ၊ အစိုးရကော်ပိုရေးရှင်းကြီးတွေ အနေဖြင့် ရေရှည်ကိုတွက်ချက်ပြီး အများပြည်သူရဲ့ အကျိုးစီးပွားကို အများဆုံး ဖော်ဆောင်နိုင်သည့် ရည်မှန်းချက်ကို ထားရမည် ဖြစ်ပါကြောင်း၊ အရင်းကြေ ကာလကို ၁ နှစ်၊ ၂ နှစ်စသည်ဖြင့် ကာလတိုထားမယ့်အစား အရင်းကြေကာလကို ၁၀ နှစ်၊ ၁၅ နှစ် ထားမည်ဆိုပါက တယ်လီဖုန်း သုံးစွဲခနှုန်းထားများနှင့် အခြားတစ်ဖက်က လုပ်ငန်းကြီးခြင်းရဲ့ အကျိုးကျေးဇူး Economy Of Scale နဲ့ပေါင်းစပ်လိုက်ပါက မိမိတို့ ၁ မိနစ်ဖုန်းသုံးခဟာ ၅ ကျပ်ဆိုသည်မှာ ဖြစ်နိုင်ခြေရှိကြောင်း ဘောဂဗေဒ အုပ်စုနှင့် အပြင်မှာတွေ့ကြဆုံဆွေးနွေးပြီး တွက်ချက်မိတာရှိပါကြောင်း၊ ဒီအချက် ၃ ချက်ကို အခြေခံပြီး ယခုမေးမြန်းလိုသည့်မေးခွန်းများမှာ သန်း ၁၀ ဂဏန်းမျှရှိတဲ့ GSM/CDMA လက်ကိုင်ဖုန်းများရဲ့ ပြောဆို ဆက်သွယ်ခကို ၁ မိနစ်လျှင် ၅၀ ကျပ်နှုန်းမှနေပြီးတော့ ၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများရှိ/မရှိ။ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ကဦးဆောင်ပြီးတော့ လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ။ သိရှိလိုကြောင်းမေးမြန်းပါသည်။