မြို့နယ်ရဲစခန်းများ၏အခက်အခဲများပြေလည်စေရန်နှင့် မြို့နယ်တိုင်းလောင်းကစား မှုအပါအဝင် ဒုစရိုက်လုပ်ငန်းများ ထိထိရောက်ရောက်ဖမ်းဆီးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပတ်သက်၍ မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက် လေးရပ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းများထားရှိဆောင်ရွက်လျက်ရှိပြီး မြို့နယ်အလိုက်ထား ရှိသော ရဲစခန်းများက အဆင့်ဆင့်သောတာဝန်ရှိသူများဟာ သက်ဆိုင်ရာရဲစခန်းအလိုက် အထွေထွေ ကုန်ကျစရိတ်များအား နည်းအမျိုးမျိုးဖြင့်ရှာဖွေဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်လေးရပ် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှု များရှိနေကြောင်း ဝမ်းနည်းဖွယ်လေ့လာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ရဲစခန်များအလိုက် တယ်လီဖုန်းခေါ်ဆိုခ၊ လျှပ်စစ်မီးအသုံးပြုခ၊ လျှပ်စစ်မီတာခ၊ အကျဉ်းထောင်မှ မြို့နယ်တရားရုံးသို့ အကျတရားခံ၊ အချုပ်တရားခံထုတ်ရာတွင်အသုံးပြုသည့် မော်တော်ယာဉ်၊ ရဲအရာရှိနှင့် ရဲစခန်းသုံးမော်တော်ယာဉ်စက်သုံးဆီဖိုးနှင့် ရဲစခန်းဖွံ့ဖြိုးတိုးတက်သာယာ လှပစေရေး နှင့်အခြားအထွေထွေကုန်ကျစရိတ်များအား သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ခွင့်ပြုထားသည်ကို သိရှိလိုပါကြောင်းနှင့် ခွင့်ပြုထားသည့်ငွေသည်ခေတ်စနစ်နှင့်လျော်ညီမှုရှိ၊ မရှိ။ ခွင့်ပြုခဲ့သည့်ငွေများ သည်လည်း သက်ဆိုင်ရာရဲစခန်းများသို့ အမှန်တကယ်ရောက်ရှိခြင်းရှိ၊ မရှိသိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းများအလိုက် တယ်လီဖုန်းခေါ်ဆိုခကို နှစ်စဉ်ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး တပ်ဖွဲ့တစ်ခုလုံးရဲ့ တပ်ဖွဲ့ပိုင်တယ်လီဖုန်းအရေအတွက်နှင့်မျှခြေပြုပြီး နှစ်စဉ်ခွဲဝေ ပေးလျက်ရှိပါတယ်။ ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ တယ်လီဖုန်းပြောဆိုခကို တစ်လအတွက် ခွဲဝေပေးတဲ့နှုန်းက ၁၆၂၅၀ ကျပ်ဖြစ်ပြီး လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဖုန်းပြောဆိုခတစ်လ အတွက် ၂၀၀၀၀ ကျပ်နှုန်းအထိ တိုးတက်ခွဲဝေပေးနိုင်ခဲ့ပါတယ်။ လျှပ်စစ်မီးအသုံးပြုခအနေနဲ့ ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း၊ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ခရိုင်၊ မြို့နယ်ရဲစခန်းအဆင့်များအလိုက် တပ်ဖွဲ့အရွယ်အစားအလိုက် လစဉ်ယူနစ်သတ်မှတ်မှုကို စစ်ဆေးရေးအဖွဲ့နဲ့ ကွင်းဆင်းတိုင်းတာ အတည်ပြုသတ်မှတ်ပြီး သုံးလပတ်တစ်ကြိမ်အတွက် လက်ရှိခွင့်ပြုထားတဲ့ တစ်ယူနစ် ၂၅ ကျပ်နှုန်းနဲ့ ခွဲဝေပေးလျက်ရှိပါတယ်။ ပြင်ဆင်သတ်မှတ်တဲ့တစ်ယူနစ် ၃၅ ကျပ်နှုန်းအတွက် ကွာခြားငွေ ၁၀ ကျပ် နှုန်းကိုလည်း ဖြည့်စွက်ရန်ပုံငွေအနေနဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို တင်ပြတောင်းခံထားဆဲ ဖြစ်ပါတယ်။ မော်တော်ယာဉ်စက်သုံးဆီအနေနဲ့ ရဲတပ်ဖွဲ့ပိုင်ယာဉ်များအတွက် စွမ်းအင်ဝန်ကြီးဌာနက လစဉ်ခွဲဝေရရှိတဲ့ စက်သုံးဆီနှုန်းထားအတိုင်း စက်သုံးဆီဖိုးကျသင့်ငွေကို အစိုးရစက်သုံးဆီဆိုင်များမှာ ရဲတပ်ဖွဲ့ဘဏ္ဍာငွေက ချက်လက်မှတ်နဲ့ပေးသွင်းပြီး သုံးလပတ်တစ်ကြိမ်ခွဲဝေထုတ်ပေးလျက်ရှိပါတယ်။ အခြားအထွေထွေအသုံးစရိတ်များအတွက် ရဲစခန်းများက တင်ပြတောင်းခံမှုများအတွက် သက်ဆိုင်ရာ ဘဏ္ဍာရေး အသုံးစရိတ်ခေါင်းစဉ်များအောက်မှ စစ်ဆေးစိစစ်ပြီး လိုအပ်ချက်များအပေါ် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထောင်စုဝန်ကြီးရုံး တို့က စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။ ခွင့်ပြုဘဏ္ဍာငွေများကိုလည်း ခေတ်စနစ်နှင့် လျော်ညီမှုရှိစေရေးအတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကစပြီး တိုးမြှင့်ထောက်ပံ့နိုင်ဖို့ တင်ပြ ဆောင်ရွက်ပေးနိုင်ခဲ့ရာမှာ တပ်ဖွဲ့ဝင်များရိက္ခာထောက်ပံ့ငွေအတွက် ယခင်ကနယ်မြေခံရဲတပ်ဖွဲ့ဝင် တစ်ဦးကို တစ်ရက် ၅ ကျပ်နှုန်း၊ ရဲတပ်ရင်းကတပ်ဖွဲ့ဝင်တစ်ဦးကို တစ်ရက် ၂၀ ကျပ်နှုန်းသာ ခံစားခွင့်ရှိရာမှ ယခုတပ်ဖွဲ့ဝင်အားလုံး တစ်ဦးတစ်ရက် ၅၀၀ ကျပ်နှုန်းထောက်ပံ့နိုင်ဖို့ ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အချုပ်တရားခံ ထမင်းကျွေးစရိတ်အတွက် ယခင်ကရဲစခန်းများမှာရှိတဲ့ အချုပ်တရားခံများကို တစ်ဦးလျှင်တစ်ရက် ၃၀ ကျပ်နှုန်းကနေ ယခု ၄၈၀ ကျပ် ၈၂ ပြားနှုန်းကို တိုးတက်ခံစားနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာမှာ ကွပ်ကဲမှုအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ဥပဒေအရခံစားခွင့်များအပြင် သက်သာချောင်ချိ ရေးထောက်ပံ့မှုများကိုလည်း မူဝါဒများချမှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘဏ္ဍာငွေခွဲဝေ သုံးစွဲမှုနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပေးထားတဲ့ ပြည်ထောင်စုရဲ့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေများအရသာ သုံးစွဲ လျက်ရှိပါတယ်။ အဲ့ဒီလို ဘဏ္ဍာငွေများကိုကိုင်တွယ်သုံးစွဲရာမှာလည်း ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရဲစခန်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများ၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးများ ကိုလည်း ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများနှင့် ငွေကြေးသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များသာမက တည်ဆောက်ရေးလုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ရဲလုပ်ငန်းများဆောင်ရွက်မှုတို့ကိုလည်း အဆင့်ဆင့်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ခွင့်ပြုဘဏ္ဍာငွေများ၊ သက်သာချောင်ချိရေးရန်ပုံငွေများအလွဲသုံးစားမှု မဖြစ်စေရေးအတွက် လည်း ဝန်ကြီးဌာနစစ်ဆေးရေးအဖွဲ့များထားရှိပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ တာဝန်ပျက်ကွက်မှုများနှင့် အလွဲသုံးစားမှုများဖြစ်ပေါ်လို့ရှိရင်လည်း တာဝန်ရှိသူအဆင့်ဆင့်ကို တည်ဆဲဥပဒေများနှင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတို့အရ အပြစ်ပေးအရေးယူမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
