တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မြိတ်ရထားလမ်း အထူးစီမံကိန်းတစ်ခုကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး ဖောက်လုပ်ခဲ့ပါတယ်။ အဲဒီလို ရထားလမ်းဖောက်လုပ်တဲ့နေရာမှာ အပိုင်းနှစ် ပိုင်းခွဲခြားပြီးဖောက်လုပ်ခြင်းဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ ထားဝယ်-သရက်ချောင်းရထားလမ်း အပိုင်း၊ ဒုတိယအပိုင်းအနေနဲ့ မြိတ်-ပုလောရထားလမ်းပိုင်းအဖြစ် နှစ်ပိုင်းတစ်ပြိုင်တည်း ဖောက်လုပ် ခဲ့ပါတယ်။ ထားဝယ်-သရက်ချောင်းရထားလမ်း အပိုင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ရထားသွားနိုင်ပြီး ရထားပြေးဆွဲနေပြီဖြစ်ပါတယ်။ မြိတ်-ပုလောရထားလမ်းပိုင်းမှာ မြိတ်မြို့နယ်မှ သမုတ်ရွာ၊ မရမ်းပင်ချောင်းရွာ၊ ပုလောမြို့နယ်မှ ဘုတ်ရွာ၊ သဲပုံကျေးရွာများကိုလည်း ရထားလမ်း ဖောက်လုပ်ရာလမ်းရှင်းလင်းသည့်အချိန် ရော်ဘာပင်များ၊ ကွမ်းသီးပင်များနှင့် အခြားဥယျာဉ်ခြံ၊ လူနေအိမ်နှစ်လုံးပါသွားပါတယ်။ အဲဒီကျေးလက်နေနိုင်ငံသားပိုင် ရော်ဘာခြံနှင့် ကွမ်းသီးခြံများမှ အချို့သော ရော်ဘာပင်များသည် ၂ နှစ်သား၊ ၃ နှစ်သားရှိသလို အစေးလှီးလို့ရတဲ့ ရော်ဘာပင်လည်း အမြောက်အမြားပါရှိသွားပါတယ်။ အချို့ရော်ဘာပင်များသည် အစေး ၁၅ နှစ်၊ ၂၀ နှစ်ထိ လှီးနိုင်တဲ့ ရော်ဘာပင် ၆၀၀၀ ခန့်ပါသွားပါတယ်။ ထို့အတူပဲ ကွမ်းသီးပင်များသည်လည်း အသီးသီးပြီး အသီးဆွတ် ခူးနိုင်တဲ့အပင် ၃၀၀၀ ကျော်ပါသွားပါတယ်။ အဲဒီဆုံးရှုံးနစ်နာသွားတဲ့ ရော်ဘာပင်၊ ကွမ်းသီးပင်နှင့် အခြားဥယျာဉ်ခြံမြေနဲ့ လူနေအိမ်နှစ်လုံးအတွက်ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သင့်တင့်သော လျော်ကြေးငွေများပေးဆောင်ရန်အတွက် လွှတ်တော်မှတစ်ဆင့် တင်ပြလိုပါတယ်ခင်ဗျား။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မေးမြန်းလိုသည်မှာ (၁) ရထားလမ်းဖောက်လုပ်ရာတွင်ပါသော ရော်ဘာပင်၊ ကွမ်းသီးပင်နှင့် အခြားဥယျာဉ်ခြံမြေ၊ လူနေအိမ်နှစ်လုံးအတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ လျော်ကြေးပေးရန်အစီအစဉ် ရှိ၊ မရှိ။ (၂) အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ပေးလျော် မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းပါသည်။
ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ စတင်ခဲ့ပါတယ်။ ထားဝယ်-သရက်ချောင်းလမ်းပိုင်း ၁၉.၃၁ မိုင်ကို ၄-၆-၂၀၁၁ မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မြိတ်-ပုလောလမ်းပိုင်းကို သမုတ်ကျေးရွာကစပြီးတော့ ၃၃ မိုင်ကို ဖောက်လုပ်ဖို့ စီစဉ်တဲ့အခါမှာ သမုတ်ကျေးရွာ၊ မရမ်းပင်ချောင်းကျေးရွာ၊ ဘုတ်ရွာ၊ သဲပုံရွာတွေကို ဖြတ်သန်းပြီးတော့ ရထားလမ်းအကြမ်းဖျင်းဖောက်လုပ်ပြီး ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းတစ်လျှောက် တာပေါင် မြေကြီးလုပ်ငန်း အကြမ်း ၁၀.၂၂ မိုင်ကို ဆောင်ရွက်စဉ်မှာ ရထားလမ်းနှင့် မလွတ်ကင်းတဲ့လယ်မြေ ဝ.၅၉ ဧက၊ ရော်ဘာပင် ၃၄.၈၁ ဧက၊ ကွမ်းသီးပင် ၂.၂၄ဧက၊ စုစုပေါင်း ၃၇ဧကနှင့် မျှောတိုင် ထရန်ကာဓနိမိုးနေအိမ်နှစ်လုံး အလျား ၂၅ ပေ၊ အနံ ၁၅ ပေ အိမ်နှစ် လုံးပါဝင်သွားခဲ့ပါတယ်။ လမ်းပိုင်းအနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းများကို ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ရာမှာ ထားဝယ်-မြိတ်ရထားလမ်းစီမံကိန်းကို ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။ ယခု မေးမြန်းထားတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ အမြန်ဆုံးသက်ဆိုင်ရာတိုင်းဒေသကြီးမှ တာဝန်ပေး အပ်တဲ့ပုဂ္ဂိုလ်နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူပုဂ္ဂိုလ်များ ပါဝင်တဲ့အဖွဲ့ဖြင့် ကွင်းဆင်းစာရင်း ကောက်ယူပြီးတော့ ပေးလျော်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဥက္ကဋ္ဌ။ ။ မေးခွန်းမေးမြန်းသူ ခုနကဘာများထပ်ပြီးတော့ မေးစရာလိုပါသလဲ။
ဦးမောင်လှ(ခ)ဦးလှမြင့်(ပုလောမဲဆန္ဒနယ်)။ ။မကြာမီ လျော်ကြေးပေးမယ်ဆိုရင်တော့ မေးစရာမရှိပါဘူးခင်ဗျား။
