ရခိုင်ပြည်နယ်သည် နှစ် ၆၀ ခန့်ဖွံ့ဖြိုးမှုနောက်ကျကျန်နေသော ဒေသတစ်ခုဖြစ်ခဲ့ပြီး ယခုရာစုနှစ်တွင် အသင့်အတင့် တိုးတက်လာခဲ့ပါကြောင်း၊ သို့ရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် မောင်တောမြို့ တို့ကို ကျောက်ခင်းလမ်းများဖြင့် ဆက်သွယ်ထားပြီး ကား၊ ဆိုင်ကယ်အစရှိသည့် ယာဉ်များ သွားလာ နိုင်သော်လည်း မီးရထားလမ်း ဖောက်လုပ်ပေးနိုင်ပါက ပိုပြီးအကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းလမ်းမှာ စစ်တွေမြို့နှင့်လည်း နီးသောကြောင့် ယခင်စီစဉ်ထားသော စစ်တွေ-မင်းဘူးအစား မောင်တော-မင်းဘူးလမ်းကို ဆက်ပြီး တိုးချဲ့ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်လာမည်ဟု ထင်မြင်မိပါကြောင်း၊ သို့အတွက်ကြောင့် စစ်တွေ-မင်းဘူးလမ်း စီမံကိန်းအား မောင်တော-မင်းဘူးလမ်းအဖြစ် တိုးချဲ့ဖောက်လုပ် ပေးရန်အစီအစဉ် ရှိ/ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။
မြန်မာ့မီးရထား အနေနဲ့ ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးတိုးတက်စေရန်အတွက် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းကို ဖောက်လုပ်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီရထားလမ်းကို ၁၅-၂-၂၀၀၉ ရက်နေ့မှာ စတင်ဖောက်လုပ်ခဲ့ရာမှာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းခရီးမိုင် ၁၁.၄၆ မိုင်ပြီးစီးပြီးတဲ့အတွက်ကြောင့် ၁၉-၅-၂၀၁၀ ရက်နေ့မှစတင်ပြီး ရထားများ ပြေးဆွဲပေးခဲ့ပါတယ်။ လက်ရှိအားဖြင့်တော့ နယ်မြေအခြေအနေအရ ၁၂-၆-၂၀၁၂ ရက်နေ့မှစပြီးတော့ ရထားပြေးဆွဲမှု ရပ်ဆိုင်းထားခဲ့ရပါတယ်။ အလားတူပဲ ကွမ်းတောင်-ပုဏ္ဏားကျွန်း-ယိုးတရုတ်လမ်းပိုင်း ၂၂.၇၂ မိုင် ပြီးစီးတဲ့အတွက်ကြောင့် ၁၅-၅-၂၀၁၀ ရက်နေ့ကစပြီး ရထားများ ပြေးဆွဲခဲ့ပါတယ်။ ယိုးတရုတ်-ကျောက်တော်လမ်းပိုင်းနောက်ထပ် ၁၉.၈၂ မိုင်ကိုလည်း ၁၀-၄-၂၀၁၁ ရက်နေ့ ဖွင့်လှစ်နိုင်ချိန်မှာ အထက်ပါရထားများကို ကွမ်းတောင်ကနေ ကျောက်တော်အထိ ပြေးဆွဲပေးလျက်ရှိပါတယ်။ ကျောက်တော်-မြောက်ဦးလမ်းပိုင်း ၃၂.၅ မိုင်ကို ဆက်လက်ဖောက်လုပ်ခဲ့ရာမှာ တံတားငယ် ၉၁ စင်းရှိတဲ့အနက် ယနေ့အထိ တံတား ၈၉ စင်းကိုလည်းကောင်း၊ မြေသားလုပ်ငန်း ၂၈.၅ မိုင်အနက် ၂၆ မိုင်ကိုလည်းကောင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက်ရရှိတဲ့ ဘဏ္ဍာငွေနဲ့ ကျန်ရှိသော တံတားများနဲ့ ဘူတာများကို ဆက်လက်ပြီးတော့ တည်ဆောက်သွားမှာ ဖြစ်ပါတယ် ခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်ကြီး ဆရာကြီး ဦးမောင်ညိုရဲ့ မေးခွန်းထဲမှာ မောင်တောကနေ အငူမော်အထိ ကားလမ်းရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲဒီကားလမ်းကို အမှီပြုပြီးတော့ မောင်တောကို ရထားလမ်းဖောက်လုပ်ဖို့ လျာထားမယ်ဆိုရင် လက်ရှိရထားလမ်းရှိနေပြီးဖြစ်တဲ့ ရေချမ်းပြင်ကနေ အငူမော်အထိ ရထားလမ်း ဖောက်လုပ်ရေးမှာ လမ်းမှာ ချောင်းတံတားအပြင် ပင်လယ်ဝကို ဖြတ်တဲ့တံတားတစ်ခုပါ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် မိမိတို့မှာ ပင်လယ်ဝကို ဖြတ်တဲ့တံတား တည်ဆောက်ဖို့အတွက် နည်းပညာနဲ့ အတွေ့အကြုံ၊ ငွေကြေးပမာဏ လက်လှမ်းမမီနိုင်သေးကြောင်းတွေ့ရပါတယ်ခင်ဗျား။ နောက် ရခိုင်ဒေသမိုးရွာသွန်းမှုများပြားခြင်း၊ ချောင်းမြောင်းပေါများခြင်း၊ တောတောင်လျှိုမြောင်ပေါများခြင်း၊ ပွင့်လင်းရာသီလုပ်ငန်းဆောင်ရွက် ချိန် နည်းပါးခြင်း၊ ကျောက်ရှားခြင်းစတဲ့ ကန့်သတ်ချက်တွေအရ လက်ရှိ ကျွန်တော်တို့ ဆောင်ရွက်တဲ့ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းပေါ်မှာ ၅ နှစ်တာကာလအတွင်းမှာ ရထားလမ်းမိုင် ၈၆.၅ မိုင် ခန့်သာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းများထက် ပိုပြီးတော့ဆိုးရွားတဲ့ မြေပြင်အနေအထားရှိတဲ့ မောင်တောလမ်းအူကြောင်းနဲ့ ပတ်သက်ပြီးတော့ လေ့လာမှုကို ကျွန်တော်တို့ ရထားဝန်ကြီးဌာနက တိုက်ရိုက်မလုပ်ဆောင်နိုင်ခဲ့သေးသော်လည်းပဲ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှ စစ်တွေ-မောင်တော မော်တော်ကားလမ်းအူကြောင်း ရှာဖွေဆောင်ရွက်နေမှုကို ကျွန်တော်တို့ ဖြည့်စွက်ပြီးတော့ တင်ပြလို ပါတယ်။ အဲဒီမှာ သူတို့ လမ်းကြောင်းနှစ်ကြောင်းနဲ့ ရှာဖွေလျက်ရှိပါတယ်။ ပထမတစ်ခုကတော့ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော မော်တော်ကားလမ်းအူကြောင်း ဖြစ်ပါတယ်။ ခရီးမိုင် ၆၀ မိုင်ခန့်ရှိပြီးတော့ ပုဏ္ဏားကျွန်း-ရသေ့တောင် အကြားမှာပင် ပေ ၁၀၀၀ နှင့် အထက် တံတား ၄ စင်းတည်ဆောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အခုစတင်ပြီးတော့ လုပ်ငန်းဆောင်ရွက် နေတာ ၂ နှစ်တာ ကာလအတွင်းမှာ မြေလမ်းက ၁၀ မိုင်ခန့်သာ ဖောက်နိုင်ခဲ့ပြီးတော့ သူတို့ခန့်မှန်း ထားတဲ့ ငွေကြေးကုန်ကျမှုများထက် များနေတဲ့အကြောင်း ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။ အလားတူပဲ နောက်လမ်းကြောင်းတစ်ခုဖြစ်တဲ့ အပေါက်ဝရွာ-ဘူးသီးတောင်-မောင်တော မော်တော် ကားလမ်းအူကြောင်းကတော့ ခရီးမိုင် ၃၂ မိုင်ခန့်လောက် ရှိပါတယ်။ ကားလမ်းအူကြောင်း Site Track တစ်ကြောင်းထိုးလမ်းကိုပဲ စမ်းသပ်ဖောက်လုပ်စဉ်မှာပင် မြေပြင်အနေအထားအရ ကန့်သတ်ချက်များအရ အခက်အခဲတွေ တွေ့နေရတယ်လို့ ကျွန်တာ်တို့ သိရှိရပါတယ်။ ရထားလမ်း ဖောက်လုပ်ခြင်းဟာ မော်တော်ကားလမ်းဖောက်လုပ်ခြင်းထက် ကန့်သတ်ချက်တွေ ပိုပြီးတော့များပါ တယ်။ အဲဒီကန့်သတ်ချက်တွေကို ကျော်လွန်နိုင်ဖို့အတွက် ကုန်ကျစရိတ်ကလည်း ပိုပြီးတော့ များမှာ ဖြစ်တဲ့အတွက်ကြောင့် မောင်တောကို ရထားလမ်းဖောက်လုပ်ခြင်းကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်တွေ အစား မောင်တောကို ဆက်လက်ဖောက်လုပ်ရေးအတွက် လက်ရှိအားဖြင့်တော့ လျာထားနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။
