ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမကြီးဘေးရှိ ဆည်မြောင်းအိမ်ရာရှေ့ မိုင်တိုင်အမှတ် ၁ မိုင် ၄ ဖာလုံမှ စနေမမှတ်တိုင် မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံကြားရှိ ညောင်တုန်းလမ်းမကြီးမှာ ကတ္တရာလမ်းဖြစ်ပြီး ယခုအခါ ကတ္တရာများပေါက်ပြဲပျက်စီး၍ တချို့နေရာများတွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေသည်မှာ ၁ နှစ် နီးပါးခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ ယင်းလမ်းပိုင်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနမှ BOT စနစ်ဖြင့် အေးရှားဝေါလ်ကုမ္ပဏီသို့ ကန်ထရိုက်ပေးထားသည်ဟုလည်း သိရပါတယ်။ ခရီးသွားယာဉ်ကြီးယာဉ်ငယ်များအနေဖြင့် ညောင်တုန်းလမ်းမကြီးမှ အောင်ဇေယျ တံတားသို့ဖြတ်သန်းမောင်းနှင်ရာတွင်လည်းကောင်း၊ အောင်ဇေယျတံတားအား ဖြတ်သန်း၍ ညောင်တုန်းလမ်းမကြီးအတိုင်း မောင်းနှင်ရာတွင်လည်းကောင်း တံတားအနီးတိုးဂိတ်တွင် တံတား ဖြတ်သန်းခအဖြစ် ယာဉ်ငယ်တစ်စီးလျှင် ၁၅၀ ကျပ်ကို လွန်ခဲ့သော ၁ နှစ်ခန့်မှစတင်၍ ကောက်ခံခဲ့ သော်လည်း ညောင်တုန်းလမ်းမကြီးအား စနစ်တကျ သေချာစွာပြုပြင်ခြင်းမရှိခဲ့ပါ။ လွန်ခဲ့သည့် ၂ လ လောက်ကမှ ချိုင့်ခွက်များကို သဲနှင့်ကျောက်ညှပ်ပြီး အဖြစ်သဘောသာပြုပြင်ခဲ့ပါတယ်။ ယခုအခါ သဲနှင့်ကျောက်များမှာ ကားဘီးများယက်သဖြင့် လွင့်စင်ထွက်ကုန်ပြီး မူလပျက်စီးနေသည့်လမ်း အတိုင်းပြန်လည်ဖြစ်ပေါ်နေပါတယ်။ လမ်းများပေါက်ပြဲနေသဖြင့် ခရီးသည်များ ခရီးလမ်းကြမ်းတမ်း စွာစီးနင်းရခြင်း၊ လမ်းများပေါက်ပြဲနေသည့်အပြင် ချိုင့်ခွက်များရှိနေခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု အန္တရာယ်များဖြစ်ပေါ်နိုင်ခြင်း၊ မကြာမီကာလအတွင်း မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်၍ မိုးရာသီတွင် ယင်းလမ်းမကြီးအနေနှင့် ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒေသခံခရီးသွားလုပ်သားပြည်သူ များအနေဖြင့် မိုးရာသီမရောက်မီ အဆိုပါ ညောင်တုန်းလမ်းမကြီးလမ်းပိုင်းအား ပြုပြင်ပေးရန် လိုလားတောင့်တလျက်ရှိပါတယ်။ ဒါကြောင့် ဒေသခံများရဲ့ကိုယ်စား ကြယ်ပွင့်ပြမေးခွန်းအားမေးမြန်း အပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ညောင်တုန်းလမ်းမကြီးလမ်းပိုင်း မိုင်တိုင်အမှတ် ၁ မိုင် ၄ ဖာလုံမှ မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံကြားအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ပြုပြင်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ပြုပြင်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ညောင်တုန်းလမ်းမကြီး အပိုင်းဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ယူဆောင်ရွက်တဲ့ ၃ မိုင် ၂ ဖာလုံရှည်တဲ့ အောင်ဇေယျတံတား ချဉ်းကပ်လမ်းမှာ ပါဝင်ပြီးတော့ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်အား BOT စနစ်နဲ့ ဆောက်လုပ်ခွင့်ပြုထားတဲ့လမ်းဖြစ်ပါတယ်ခင်ဗျား။ BOT စနစ်နဲ့ အေးရှားဝေါလ်ကုမ္ပဏီက ဆောင်ရွက်ခွင့်ပြုထားသော်လည်း ဒီလမ်းမကြီးရဲ့မူလပိုင်ရှင်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ တာဝန်ရှိတဲ့အားလျော်စွာ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှုကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များကို တာဝန်ပေး အပ်ထားပါတယ်။ ဒီလမ်းကြီး၏အခြေအနေကတော့ ၄၈ ပေအကျယ် ကတ္တရာလမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒီလမ်းအပိုင်းကို အေးရှားဝေါလ်ကုမ္ပဏီက လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှာ ပထမအဆင့်အနေ နဲ့ ၁ မိုင် ၄ ဖာလုံကနေပြီးတော့ ၁ မိုင် ၆ ဖာလုံအတွင်း ၂ ဖာလုံကို လမ်းပေါက်ဖာထေးခြင်းဆောင်ရွက်ခဲ့ပါတယ်။ တဖန် ၁ မိုင် ၆ ဖာလုံကနေ ၂ မိုင် ၂ ဖာလုံ အတွင်း ၄ ဖာလုံကိုတော့ အခြေခံလွှာခင်းခြင်း၊ Base Cost ကို ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက် ခဲ့ပါတယ်။ တဖန် ၂ မိုင် ၂ ဖာလုံ ကနေပြီးတော့ ၂ မိုင် ၆ဖာလုံအတွင်းကိုတော့ အကြီးစားလမ်း ပေါက်ဖာထေးခြင်းလုပ်ငန်းများကို ၄ ဖာလုံ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့ မိုင်အားလုံးဟာ ၁ မိုင်၄ ဖာလုံကနေပြီးတော့ ၂ မိုင် ၆ ဖာလုံအတွင်း ၁ မိုင် ၂ ဖာလုံ ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအဆင့်အနေနဲ့ မိုးရာသီဒဏ်ခံနိုင်အောင်လို့ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်ကနေပြီးတော့ ၁ မိုင်၄ ဖာလုံကနေပြီးတော့ ၂ မိုင် ၆ ဖာလုံကြား လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ အပိုင်းကို ကတ္တရာထပ်ပိုးလွှာတစ်လမ်းလုံးကို အိုဗာလေးလုပ်ငန်းကို ၁၈-၆-၂၀၁၂ နေ့မှာ ဆောင်ရွက် ပြီးစီးကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မြောက်ပိုင်းခရိုင် အင်ဂျင်နီယာမှူးထံသို့ တင်ပြခဲ့ပါ တယ်။ အဲဒီအခါမှာ မြောက်ပိုင်းခရိုင် အင်ဂျင်နီယာမှူးကို ထပ်မံစစ်ဆေးစေပြီးတော့ လိုအပ်တာများ ဖြည့်စွက်ပြီး ထပ်မံဆောင်ရွက်စေခဲ့တာဟာ ၃-၇-၂၀၁၂ ရက်နေ့မှာ လုံးဝပြီးစီးခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့်လည်း BOT လုပ်ငန်းရှင်များကို သတ်မှတ်စည်းကမ်းများနဲ့ အတိုင်းဆောင်ရွက်ရန် တွန်းအားပေး ညွှန်ကြားလျက်ရှိပါကြောင်း ရှင်းလင်းမေးမြန်း အပ်ပါသည်။
