မြန်မာနိုင်ငံဟာ ကမ္ဘာတွင် လူဦးရေ အလွန်များတဲ့ နိုင်ငံကြီးတချို့နဲ့ နယ်စပ်ချင်း ထိစပ်လျက်ရှိနေပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ထိုလူဦးရေအလွန်များတဲ့ နိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုရှိ နေသည်ကို တွေ့ရပါတယ်။ ထိုဝင်ရောက်သောသူများသည် မမှန်မကန်သော နည်းမျိုးစုံသုံး၍ ဧည့် နိုင်ငံသား၊ နိုင်ငံသားများဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ကြပြီး ပေါ်ပေါ်ထင်ထင် အခြေချ၍ နေထိုင် လျက်ရှိသည်ကို တွေ့ရပါသည်။ တချို့ ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိသူများဟာ ပုန်းလျှိုး၊ ကွယ်လျှိုး နေထိုင်နေကြသည်ကို တွေ့ရပါတယ်။ မခန့်မှန်းနိုင်သော သန်းချီသည့်အရေအတွက်ပင်ရှိနိုင် သည်ဟု ယူဆသုံးသပ်မှုများ ရှိနေကြပါသည်။ ဒေသခံတိုင်းရင်းသားများဟာ လူမှုရေး၊ စီးပွားရေးအရ အသံတိတ်နယ်ချဲ့ခြင်းခံရသည်လို့ ခံစားနေကြရပါသည်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်မှာ စိုးရိမ်ပူပန်နေကြပါတယ်။ ထိုသို့ကိစ္စမျိုးအား ကာကွယ်သောအားဖြင့် မည်သို့ စီမံမှုများ ပြုလုပ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ၁၅-၁၀-၁၉၈၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါတယ်။ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟူ၍ အမျိုးအစားခွဲခြားထားပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၃၊ ၅၊ ၆၊ ၇ တို့တွင် အောက်ဖော်ပြပါသူတို့အား နိုင်ငံသားအဖြစ် သတ်မှတ်ပါတယ်။ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဥပဒေအာဏာ တည်သည့်နေ့တွင် ယခင်ဥပဒေများအရ နိုင်ငံသားဖြစ်ပြီးသူများ၊ ဥပဒေအာဏာတည်ပြီးနောက်ပိုင်း မွေးဖွားလာသော နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့်ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသောသားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် နိုင်ငံသား၊ သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားအက်ဥပဒေပုဒ်မ ၂၃၊၂၅ တို့အရ အောက်ဖော်ပြပါသူတို့သည် ဧည့်နိုင်ငံသားများဖြစ်ကြပါတယ်။ ယခင် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ပြီး ခွင့်ပြုရန် ကျန်ရှိနေသူများ၊ ဧည့်နိုင်ငံသားဖြစ်သော မိဘနှစ်ပါးတို့မှ မွေးဖွားသူများ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၄၂၊ ၄၃၊ ၄၅၊ ၄၇ တို့အရ အောက်ဖော်ပြပါသူတို့သည် နိုင်ငံသားပြုခွင့်ရသူများအဖြစ် လျှောက်ထားနိုင်ခွင့် ရှိပါတယ်။ ၄-၁-၁၉၄၈ ရက်နေ့မတိုင်မီ နိုင်ငံတော် အတွင်း၌ ရောက်ရှိနေထိုင်သူများနှင့် ၎င်းတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသောသူများ၊ ဥပဒေအာဏာ တည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါ သူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်ပါသည်။ နိုင်ငံသားနှင့် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသား ပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသားမှတ်ပုံတင် လက်မှတ်ကိုင်ဆောင်သူ၊ နိုင်ငံသားပြုခွင့်လက်မှတ်တွင် အမည်ထည့်သွင်း ပေးခြင်းခံရသောသားသမီးများ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုပ်မ ၆၇ အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် စိစစ်ဆုံးဖြတ်ခြင်းကို အဖွဲ့ဝင် ၅ ဦး ပါသော ဗဟိုအဖွဲ့ဖြင့် ဆောင်ရွက်ပါတယ်။ ဗဟိုအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများမှ အဖွဲ့ဝင်အဖြစ်ပါဝင်၍ အတွင်းရေးမှူးအဖြစ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူအားပါဝင်ဖွဲ့စည်းထားပါတယ်။ ထို့ကြောင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူအဖြစ် စိစစ်ဆုံးဖြတ်ရာတွင် နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် အမျိုးသားစီးပွားရေး အမြင်တို့ဖြင့် ဆုံးဖြတ်နိုင်သော အားသာချက်များရှိမှာ ဖြစ်ပါတယ်။ ထို့ပြင် ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက် အပေါ်တွင် မကျေနပ်သူသည် အစိုးရအဖွဲ့သို့ အယူခံဝင်နိုင်ပြီး အစိုးရအဖွဲ့အနေဖြင့် ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ထပ်ဆင့်စိစစ် ဆုံးဖြတ်နိုင်ပါတယ်။ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားသူများနှင့် ပတ်သက်၍ စိစစ်ရာတွင် မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် နိုင်ငံသားစိစစ်ရေးအဖွဲ့များ ဖြစ်ကြသော မြို့နယ်အဆင့်တွင် မြို့နယ်အုပ်ချူပ်ရေးမှူး အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖွဲ့ဝင်၊ မြို့နယ်ဦးစီးဌာနမှူး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး၊ပြည်နယ် အဆင့်တွင်လည်း တိုင်းဒေသကြီး ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ပြည်နယ် ရဲတပ်ဖွဲ့မှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ပြည်နယ် ဦးစီးဌာနမှူး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အတွင်းရေးမှူးတို့ဖြင့် အဆင့်ဆင့်စိစစ်အတည်ပြု၍ ဗဟိုအဖွဲ့သို့ တင်ပြရပြီး ဗဟိုအဖွဲ့၏ဆုံးဖြတ်ချက်နှင့် နိုင်ငံသား ပြုခွင့်ရသူအဖြစ် သတ်မှတ်ထုတ်ပေးခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၅ တွင် ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စပေါ်ပေါက်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သဖြင့် စိစစ်ရန် ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၅-၂-၂၀၀၉ ရက်စွဲပါ စာအမှတ် ၄၃၅/၃(၈)-၂/နယကဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များကိုလည်း မြို့နယ်အဆင့်တွင် မြို့နယ်အုပ်ချူပ်ရေးမှူး အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနကို ဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖွဲ့ဝင်၊ လျှောက်ထားသူနှင့် ပတ်သက်သည့် ဒေသအဖွဲ့အစည်းများမှ အများကြည်ညိုလေးစားခံရသူ ၃ ဦး အဖွဲ့ဝင်၊ မြို့နယ်ဦးစီးဌာနမှူး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင်လည်း တိုင်းဒေသကြီး၊ပြည်နယ်အုပ်ချူပ်ရေးမှူး၊ အထွထွ အုပ်ချူပ်ရေးဦးစီးဌာနဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖွဲ့ဝင်၊ လျှောက်ထားသူနှင့် သက်ဆိုင်သည့် ဒေသအဖွဲ့အစည်းများမှ အများကြည်ညိုလေးစားခံရသူ ၃ ဦး အဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ပြည်နယ်ဦးစီး ဌာနမှူး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အတွင်းရေးမှူးအဖြစ် အဆင့်ဆင့် စိစစ်အတည်ပြု၍ ဗဟိုအဖွဲ့သို့ တင်ပြရပြီး ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်ထုတ်ပေးပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သူများမှာ ၄-၁-၁၉၈၄ ရက်နေ့ မတိုင်မီကာလက မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်သော နိုင်ငံခြားသားများနှင့် ၎င်းတို့၏ မျိုးဆက်များသာဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေပေါ်ပေါက်ပြီးနောက်ပိုင်း ပြည်ပနိုင်ငံတစ်ခုခုမှ မည်သည့်နိုင်ငံခြားသားမှ နိုင်ငံသား ပြုခွင့်အဖြစ် လျှောက်ထားခွင့်မရှိပါ။ ယနေ့အချိန်ထိ ဧည့်နိုင်ငံသားအဖြစ် ၂၇၅၃၀ ဦး၊ နိုင်ငံသားပြု ခွင့်ရသူအဖြစ် ၁၉၅၃၉ ဦးနှင့် ပုဒ်မ ၆၅ အရ နိုင်ငံသားပြုခွင့်ရသူအဖြစ် ဆုံးဖြတ်ပြီးသူ ၁၀၇၁၀၅ ဦး ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ သန်းချီ၍ ထုတ်ပေးထားခြင်း မရှိသကဲ့သို့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်ပေးခြင်းမှာ ဥပဒေအရဖွဲ့စည်း ထားသော ဗဟိုအဖွဲ့၏ခွင့်ပြုချက်၊ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီသာဆောင်ရွက်ပေးလျက်ရှိပါ တယ်။
မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည့်အတွက်လည်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှုများအား တားဆီးကြပ်မတ်နိုင်ရန် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ပြည်တွင်းတွင် ရောက်ရှိ နေထိုင်ကြသော နိုင်ငံခြားသားများကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေကို ၁၉၄၀ ခုနှစ်တွင်လည်ကောင်း၊ နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေကို ၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းပြီး နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းလုပ်ငန်းဖြင့် ထိန်းသိမ်းကြပ်မတ် လျက်ရှိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် နိုင်ငံခြားသားများ မတရား ဝင်ရောက်မှုမရှိစေရန် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ကင်းစခန်း ၄၅ ခု ဖွင့်လှစ်၍ လည်းကောင်း မိမိဌာန ဝန်ထမ်းအင်အားဖြင့် ကြပ်မတ်ခဲ့ပါတယ်။ ကင်းစခန်းများအား ရှောင်တိမ်း လျက် တောလမ်းများမှ တရားမဝင် ဝင်ရောက်လာသူများအား ကြပ်မတ်နိုင်ရန် လှည့်ကင်းအဖွဲ့ ၂၂ ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက် ရှိခဲ့ပါတယ်။ ဥပဒေမဲ့ဝင်ရောက်လာသူ နိုင်ငံခြားသားများ သွားလာလှုပ်ရှားမည့် လမ်းဆုံများ၊ ရေလမ်းခရီးများတွင် အမြန်ကင်းအဖွဲ့ ၁၃ ဖွဲ့ကို ဖွဲ့စည်းလျက် စစ်ဆေးခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်ခြင်းကာကွယ်မှုကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နေ့တွင် နိုင်ငံခြားသားများ မတရားဝင်ရောက်မှုကာကွယ်ရေး နယ်မြေများအဖြစ် နယ်မြေ ၂၃ ခု သတ်မှတ်လျက် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ယနေ့ကာလအချိန်ထိ စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
