ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်ဟု ဖော်ပြပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများအားနောင်တွင် ထပ်မံဖြစ်ပွားပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကာကွယ်နိုင်စေရေးအလို့ငှာ နောင်တွင်ပဋိပက္ခဖြစ်ပွားမှုများကို ဟန့်တားဆောင်ရွက်နိုင်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်တို့အတွက် ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြအတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မှုအစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် စတင်ရေးဆွဲပြီး မည်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နိုင်ငံသားများရဲ့ မူလအခွင့်အရေးများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခွင့်အရေးများကမျက်မှောက် ခေတ်မှာ ဒီမိုကရေစီနည်းလမ်းကျကျ ပွင့်လင်းလာပြီဖြစ်ပါတယ်။ ပွင့်လင်းမြင်သာလာတဲ့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းမှာ လူမှုရေး၊ ဘာသာရေးမတူကွဲပြားခြားနားမှုကို အကြောင်းပြုပြီး သဘော ထားချင်း မတိုက်ဆိုင်သူတွေက မကျေနပ်မှုများ ရှေ့တန်းတင်လာရာမှစပြီး သွေးထိုးလှုံ့ဆော်မှုနဲ့ တိုက်ခိုက်လိုမှုများကြောင့် ဘာသာရေးနဲ့ လူမျိုးရေးကိုအကြောင်းပြုပြီး ပဋိပက္ခများဖြစ်ပွားခဲ့ရ ကြောင်း တွေ့ရှိရပါတယ်။ လက်ရှိအခြေအနေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၃၊ ၁၄၃၊ ၁၄၄ နှင့် ၁၉၆ တို့နဲ့အညီ ကျင့်သုံးပြီး အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ လူမျိုးရေး/ဘာသာရေးကို အခြေခံပြီး ဥပဒေနဲ့ဆန့်ကျင်တဲ့ ပဋိပက္ခဖြစ်စဉ်များဟာ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီကို ချီတက်ရာမှာ အဟန့်အတား အနှောင့်အယှက် ဖြစ်စေခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်မှာ ပြဋ္ဌာန်းထားရှိတဲ့ တည်ဆဲဥပဒေများနဲ့အညီ ပြစ်မှုကျူးလွန် သူများကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ်များ ထပ်မံမဖြစ်ပွား စေဖို့အတွက် တရားဥပဒေစိုးမိုးရေးမှာ အဓိကတာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့က လုပ်ငန်းအစီအမံ/စီမံချက်များ ရေးဆွဲထားရှိပြီး စနစ်တကျ ထိန်းသိမ်းတားဆီး အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင် တွယ်ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ်(၃၄/၂၀၁၃) နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ပါသည်။ အဆိုပါ ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်များမှာပါဝင်တဲ့ လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိ ရောက်ရောက်ကာကွယ်နိုင်ရန် ဆိုတဲ့ လုပ်ငန်းသဘာဝအရ အဆိုပါကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရေး အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး/ဘာသာရေးပဋိပက္ခများ၊ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးများမှာ ပါဝင်သူများကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ အဓိကရုဏ်းနှိမ်နှင်းရေးလက်စွဲ၊ ရဲအက်ဥပဒေတို့အပြင် ၂၀၁၂ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါ တယ်။ တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်ခုတွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိသည့်အခါ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၀ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်ကြောင်းကိုလည်းကောင်း၊ အဆိုပါနေရာဒေသတွင် ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂(က) အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်ကြောင်းကိုလည်းကောင်း၊ ပြည်ထောင်စုပြိုကွဲ စေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ် ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာ နိုင်ကြောင်းကိုသော်လည်းကောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်လို့ တည်ဆဲဥပဒေများနဲ့လုံလောက်မှုရှိ ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။
သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤအဖွဲ့အစည်း အခြေခံဥပဒေနှင့် ဆန့်ကျင် သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည် လို့ဖော်ပြထားတဲ့ အတွက် ကြောင့် ဥပဒေအသစ်တစ်ရပ်ပြဋ္ဌာန်းပါက လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများ၊ အခြားတည်ဆဲဥပဒေများနဲ့ ရောထွေးသွားနိုင်တဲ့အပြင် ကိုင်တွယ် ကျင့်သုံးလျက်ရှိတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုက်နာဆောင်ရွက်ရမည့် ပြည်သူများ အနေဖြင့်လည်း အကြောင်းအရာတစ်ခုတည်းအပေါ်မှာ ဥပဒေရဲ့ အနှစ်သာရများ၊ အယူအဆများ ကွဲလွဲရှုပ်ထွေးမှုဖြစ်ပေါ်လာနိုင်တဲ့အတွက် ဥပဒေအသစ် ပြဋ္ဌာန်းရန်မလိုအပ်သေးပါကြောင်း ဖြေကြားပါသည်။
