မြန်မာမျိုးရင်းဖြစ်တဲ့ နိုင်ငံတကာမှာ နာမည်ရတဲ့ ပေါ်ဆန်းမွှေး(ရွှေဘိုပေါ်ဆန်း) ကဲ့သို့သော စပါးများအတွက် အထွက်တိုးရန် သုတေသနအစီအစဉ်ရှိ/ မရှိနှင့် မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိလိုပါကြောင်း၊
ဒုတိယအနေနဲ့ကတော့ အညာဒေသအနေနဲ့ အထူးအားထားအသက်မွေးဝမ်းကျောင်းပြုရတဲ့ ဝါငွေချည်-၆ ဝါမှ အပ နှမ်း၊ ပဲအမျိုးမျိုးအထွက်တိုးမျိုးကောင်းမျိုးသန့်များ၊ နည်းပညာများ ရယူမှသာ လျှင် အခက်အခဲအမျိုးမျိုးအား တောင်သူယာသူများမှ ဖြေရှင်းနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှ တင်သွင်းနေသော စက်မှုကုန်ကြမ်းဝါများ သွင်းကုန်အစားထိုးအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်ပ ကိုပါ တင်ပို့နိုင်မည်ဖြစ်ပါတယ်။ ဒါကြောင့်ဝါငွေချည်-၆ ဝါမျိုးအပြင် မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ဝါများ၊ နှမ်း၊ ပဲ အမျိုးမျိုးအတွက် နည်းပညာနှင့် အထွက်တိုးမျိုးများ ရရှိရေးဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။
တတိယအနေနဲ့ကတော့ ၁၉၂၀ ခုနှစ်ကတည်းက တည်ထားခဲ့တဲ့ မလှိုင်မြို့ သုတေသန စိုက်ပျိုးရေးခြံ ဝါသုတေသနလုပ်ငန်းများကို ဆက်လက်ပြီးတော့ လုပ်ကိုင်ရန်အစီအစဉ်ရှိ/ မရှိ မေးမြန်းပါသည်။
မြန်မာ့မျိုးရင်းဖြစ်တဲ့ နိုင်ငံတကာမှာ နာမည်ရ ပေါ်ဆန်းမွှေး(ရွှေဘိုပေါ်ဆန်း) ကဲ့သို့ မျိုးစပါးအထွက်တိုးရန် သုတေသန အစီအစဉ် ရှိ/မရှိ။ မရှိက မည်သည့်အတွက်ဖြစ်သည်ကို သိလိုပါ ကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ပေါ်ဆန်းမွှေးဟာ (Tropical Japonica) အမျိုးအစားမှာ ပါဝင်ပြီး ရာသီအလိုက် သီးပွင့်တဲ့စပါးမျိုး ဖြစ်ပါတယ်။ ပေါ်ဆန်းမွှေးမှာ အဖိုမြုံထိန်းသိမ်းသော ဗီဇ (B gene) သို့မဟုတ် အဖိုလိုင်းဗီဇ (R gene) ဗီဇများ ပါဝင်ခြင်းမရှိသဖြင့် အထူးအထွက်တိုး ပေါ်ဆန်းမွှေး စပ်မျိုးအဖြစ် ပြုပြင်ထုတ်လုပ်ရန် နည်းပညာအရ မလွယ်ကူကြောင်း တွေ့ရှိရပါတယ်။ သို့သော် ၎င်းပေါ်ဆန်းမွှေးစပါးမျိုးအား စိုက်ချိန်မှန်ကန်စွာဖြင့် တစ်နှစ် နှစ်သီး စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များအသုံးပြု၍ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စနစ်တကျလိုက်နာ ဆောင်ရွက် စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးအောင် စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ရာသီ အလိုက်သီးပွင့်တဲ့ ပေါ်ဆန်းမွှေးစပါးမျိုးအား သက်လျင်သက်တမ်းစပါးမျိုးအဖြစ်နဲ့ အထွက်တိုး လာစေရန်အတွက် (၁) မျိုးကူးဆက်၍ သားဆက်အဆင့်ဆင့် ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ ဒုတိယနည်းကတော့ ဂါမာရောင်ခြည်ပေးပြီးတော့ သက်တမ်းတို အထွက်ကောင်းဖြစ်လာ အောင် လက်ရှိဆောင်ရွက်လျက်ရှိပါတယ်။ တတိယနည်းလမ်းကတော့ (Tissue Curture) နည်းလမ်း ဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ပေါ်ဆန်းမွှေးစပါးဟာ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းလာအောင် လက်ရှိဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် လက်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေနဲ့ ပေါ်ဆန်းစပါးကို အဓိကထားပြီး သုတေသနများ ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
ဒုတိယမေးခွန်းအနေနဲ့ ဝါအထွက်တိုးနည်းပညာနှင့်ပတ်သက်လို့ သိပ္ပံနည်းကျ GAP စိုက်နည်း စနစ်များနဲ့ တောင်သူများသိရှိလိုက်နာနိုင်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အပင်ပြုစု စောင့်ရှောက်မှုနည်းစနစ်များ၊ ပိုးမွှားကာကွယ်ရေးနည်းပညာများကို တောင်သူများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေလျက်ရှိသည့် လယ်ယာစီးပွား သတင်းဂျာနယ်မှာ နည်းပညာနှိုးဆော်ချက်များအနေဖြင့် ထည့်သွင်းဖော်ပြပေးခြင်း၊ ဝါအဓိက စိုက်ပျိုး တဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ဝါစံပြအထူး အထွက်တိုး စိုက်ခင်းများ ဧက ၅၀၀ ကျော် စိုက်ပျိုးကာ တောင်သူများအား ဖိတ်ခေါ်ပြသတဲ့ (Free Day) များဆောင်ရွက်ခြင်း၊ စိုက်နည်းပေးနည်းပညာအကူအညီပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အထွက်တိုးမျိုးများ ရရှိရေးနှင့်ပတ်သက်ပြီးတော့ တောင်သူအများစုစိုက်ပျိုးနေတဲ့ ငွေချည်-၆ ချည်မျှင်ရှည်ဝါမျိုးဟာ အရည်အသွေးနှင့်အထွက်နှုန်းကောင်းပြီး သီးလုံးဖောက်ပိုးဒဏ်ကိုခံနိုင်ရည် ရှိတဲ့ အဆိုပါမျိုးရဲ့ မျိုးရိုးဗီဇယုတ်လျော့မှု မရှိစေရေးအတွက် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ငွေချည်-၆ ဝါမျိုးအား နှစ်စဉ်သွေးသစ်လောင်းခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါတယ်။ မျိုးစေ့ထုတ်လုပ်ခြင်းအနေဖြင့် မိဘမျိုးစေ့ (Breeder Seed)၊ ဆင့်ပွားမျိုးစေ့ (Foundation Seed)၊ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed) များကို မိမိဌာနပိုင် ခြံများမှာ စိုက်ပျိုးပွားများပြီး မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed) များကို ခြံများမှ တစ်ဆင့် တောင်သူများ ထံသို့ နှစ်စဉ်ဖြန့်ဝေပေးလျက်ရှိပါတယ်။ ၎င်းဝါမျိုးစေ့မှရရှိတဲ့ တောင်သူများအနေဖြင့် အဆိုပါဝါ မျိုးစေ့များကို ၃ နှစ်အထိ တောင်သူများအချင်းချင်း မျိုးဖလှယ်ပွားများ စိုက်ပျိုး နိုင်ပါတယ်။ ငွေချည်-၆ ဝါမျိုးအပြင် မျိုးသစ်များ ရရှိရေးအတွက်လည်း စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ လွန်ကျော်ဝါသုတေသနမျိုးသန့်ခြံနှင့် ရွှေတောင်ဝါသုတေသနမျိုးသန့်ခြံများမှာ အရည်အသွေး ကောင်း ဝါမျိုးသစ်များရရှိရေးအတွက် သုတေသနပြုဖော်ထုတ် စိုက်ပျိုးလျက်ရှိပါကြောင်း တင်ပြအပ် ပါတယ်။
မြန်မာနိုင်ငံရဲ့ ဝါစိုက်ပျိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများကို ဝါစိုက်ပျိုးရာခြံကြီးများဖြစ် သည့် မန္တလေးတိုင်းဒေသကြီး လွန်ကျော်ဝါသုတေသနနှင့် မျိုးသန့်ခြံ၊ ရွှေတောင်ဝါသုတေသနနှင့် မျိုးသန့်ခြံများမှာ စဉ်ဆက်မပြတ်သုတေသနပြုဆောင်ရွက်လျက်ရှိပါတယ်။ ဝါသုတေသနလုပ်ငန်းများ အား လွန်ကျော်ဝါသုတေသနနှင့်မျိုးသန့်ခြံနှင့် ရွှေတောင်ဝါသုတေသနနှင့် မျိုးသန့်ခြံများတွင် ပြည့်စုံ လုံလောက်စွာ ဆောင်ရွက်လျက်ရှိပါတယ်။
ယာသီးနှံများအနေဖြင့် မြန်မာနိုင်ငံရဲ့ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီတဲ့ ပြည်တွင်းပြည်ပမှာ ဈေးကွက်ဝင်တဲ့ သီးနှံမျိုးကောင်းမျိုးသန့်များကို သုတေသနပြုဖော်ထုတ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့အဆင့်ဆင့်ပွားများထုတ်လုပ်ပြီး တောင်သူများကို ဖြန့်ဝေလျက်ရှိပါတယ်။ ထို့ကြောင့် ဒေသအတွက် ရေရှည်အကျိုးဖြစ်ထွန်းတဲ့၊ သေချာတဲ့၊ ရေလိုအပ်ချက်နည်းတဲ့ တောင်သူ များအတွက် စီးပွားရေးအရ တွက်ခြေကိုက်တဲ့သီးနှံများဖြစ်တဲ့ နှမ်းသီးနှံအတွက် ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၆ မျိုးသန့်များ၊ ပဲစင်းငုံသီးနှံအတွက် ကျွဲခြံရွှေဒင်္ဂါး၊ မုံရွာရွှေဒင်္ဂါး၊ ရေဆင်း ပဲစင်းငုံ-၆ မျိုးသန့်များ၊ ပဲတီစိမ်းသီးနှံအတွက် ရေဆင်း-၁၁၊ ရေဆင်း-၁၄ မျိုးသန့်များ၊ မတ်ပဲသီးနှံ အတွက် ရေဆင်း-၂၊ ရေဆင်း-၆ မျိုးသန့်များ၊ ကုလားပဲသီးနှံအတွက် ရေဆင်း-၅ နှင့် ရေဆင်း-၆ မျိုးသန့်များ၊ ပဲပုတ်သီးနှံအတွက် ဆင်းပဲပုတ်-၆နှင့် ဆင်းပဲပုတ်-၁၁ မျိုးသန့်များနှင့် ပဲလွမ်းသီးနှံ အတွက် ဆင်းပဲလွမ်းဖြူ-၂ မျိုးသန့်များကို အထွက်တိုးမျိုးသန့်များပွားများထုတ်လုပ် ဖြန့်ဖြူးပေးလျက် ရှိတဲ့အပြင် နည်းပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
မလှိုင်မြို့ မျိုးသန့်စိုက်ပျိုးရေးခြံဟာ ယခင်ကလယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း လက်အောက်မှာ ဝါသုတေသနလုပ်ငန်းနှင့် မျိုးသန့်ပွားများရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော် လည်းပဲ ယခုအခါတွင် စိုက်ပျိုးရေးဦးစီးဌာနပိုင်ခြံအဖြစ်နဲ့ နှမ်း၊ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲနှင့် ပဲလွန်း စသည့် ယာသီးနှံများကိုသာ အထွက်တိုးမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါတယ်။ ဝါသီးနှံအတွက် သုတေသနလုပ်တဲ့ ဝါမျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးအတွက် လွန်ကျော်မျိုးသန့်ခြံ နှင့် ရွှေတောင်မျိုးသန့်ခြံတို့ လုံလောက်စွာရှိတဲ့အတွက် မလှိုင်မြို့ မျိုးသန့်စိုက်ပျိုးရေးခြံကို ဝါသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
