တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ် ပြဋ္ဌာန်းရန်အတွက် အစိုးရအဖွဲ့နှင့် ရှေ့နေချုပ်ရုံးအနေဖြင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေများ နှင့်ပတ်သက်လို့ လွှတ်တော်အပါအဝင် အစိုးရဝန်ကြီး ဌာနအသီးသီးနဲ့ ရှေ့နေချုပ်ရုံးတို့မှာ ဥပဒေများနှင့်ပတ်သက်လို့ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ် ပြဋ္ဌာန်းရန်ဆောင်ရွက်နေတာကိုသိရှိရပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန များအနေနဲ့ ပြင်ဆင်ဖြည့်စွက်အသစ်ရေးဆွဲပြီးတော့ ရှေ့နေချုပ်ရုံးကိုတင်ပြပြီးတော့မှ စိစစ်ဖြည့်စွက် အကြံပြုချက်များကို ရှေ့နေချုပ်ရုံးမှရယူကာ အစိုးရအဖွဲ့သို့တင်ပြပြီးမှသာလျှင် လွှတ်တော်အသီးသီး သို့ပြဋ္ဌာန်းနိုင်ရန် တင်ပြရသည်ကိုလည်းသိရှိရပါတယ်။ သို့ပါ၍ ကျွန်တော်မေးမယ့်မေးခွန်းမှာ ဥပဒေများအား ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန်အတွက် လွှတ်တော်များပေါ်ပေါက်ချိန်မှစ၍ သက်ဆိုင်ရာ ဌာနများနှင့် ဝန်ကြီးဌာနများမှရေးဆွဲဆောင်ရွက်ဆဲ ဥပဒေများ၏အမည်များ၊ သက်ဆိုင်ရာ ရေးဆွဲ ပြီးစီး၍ ရှေ့နေချုပ်ရုံးသို့ပေးပို့ပြီးစီးခဲ့သည့် ဥပဒေအမည်၊ အရေအတွက် ရှေ့နေချုပ်ရုံးမှ လက်ခံ ရရှိပြီး စိစစ်ဆောင်ရွက်ဆဲ၊ စိစစ်ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ ပြန်လည်ပေးပို့ ခဲ့သည့်ဥပဒေအမည်နှင့် အရေအတွက်များ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များမှလွှတ်တော် များသို့ စိစစ်အတည်ပြုနိုင်ရန်ပေးပို့ခဲ့သည့်ဥပဒေများအရေအတွက်၊ အမည်၊ လွှတ်တော်များမှ အတည်ပြု၍ နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြဋ္ဌာန်းပြီးသည့်ဥပဒေများအနက်မှ ယခုထပ်၍ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ မထုတ်ပြန်နိုင်သည့်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရဲ့အမည်၊ အရေအတွက် များ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ယခုအထိပြဋ္ဌာန်းနိုင်ခြင်းမရှိရသည့် အကြောင်းအရင်းများ။ ဒါ့အပြင်စိစစ်အတည်ပြုနိုင်ရန်အတွက် လွှတ်တော်အသီးသီးသို့ ကျွန်တော်တို့ဥပဒေများကိုတင်ပြရပါ တယ်။ ဒီလိုတင်ပြတဲ့အခါမှာ လွှတ်တော်အသီးသီးရှိဥပဒေကြမ်းဆိုင်ရာကော်မတီ၊ ပူးပေါင်းကော်မတီ များ၊ ကော်မရှင်များမှစိစစ်ပြီးတော့ အတည်ပြုနိုင်ရေးအတွက် လွှတ်တော်သို့ အသေးစိတ်စိစစ် ဆွေးနွေးနိုင်ရန်တင်ပြရပါတယ်။ ဒီလိုတင်ပြတဲ့အခါမှာ မကြန့်ကြာစေရန်အတွက်လည်းကောင်း၊ ကြိုတင်လေ့လာစိစစ်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ရှေ့နေချုပ်ရုံးသို့ပေးပို့တဲ့အချိန်မှာ တစ်ပြိုင်တည်းပဲ လွှတ်တော်များသို့ ကြိုတင်တစ်ပြိုင်တည်းပေးပို့ ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိသိလိုပါကြောင်း။ ဒါ့အပြင် သက်ဆိုင်ရာဌာနအသီးသီးသို့ ကန့်သတ်နှင့် လျှို့ဝှက်အချက်များမှအပ ကျန်အချက်အလက်များကို သမ္မတရုံးမှတစ်ဆင့် တောင်းခံနေရသည့်အစား လုပ်ငန်းအဆင်ပြေချောမွေ့စေရန်၊ အချိန်မကြန့်ကြာစေရန် လွှတ်တော်၏ကော်မတီအသီးသီးမှ ကော်မရှင်များမှ သက်ဆိုင်ရာဌာနအသီးသီးသို့ ညှိနှိုင်းတောင်းခံခြင်းအားခွင့်ပြုနိုင်ရန် မည်သည့် အခက်အခဲများ အစိုးရဌာနအသီးသီး၌ရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
တည်ဆဲဥပဒေတွေ၊ နည်းဥပဒေတွေနှင့် လုပ်ထုံး လုပ်နည်းတွေ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်းဖို့အတွက် အစိုးရအဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေနဲ့ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေတွေကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်းပြီးတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေမူကြမ်းတွေ စိစစ်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကို ရှေးဦးစွာ ရှင်းလင်းတင်ပြလိုပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ယခင်က ၂၀၀၁ ခုနှစ် ရှေ့နေချုပ်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(င)အရ ဥပဒေများစိစစ်ခြင်း၊ ရေးဆွဲခြင်းနှင့် ဘာသာပြန်ဆိုခြင်း တာဝန်တွေဆောင်ရွက်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ပြီးတဲ့နောက်မှာ ကျင့်သုံးနေတဲ့ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ည) မှာတော့ ဥပဒေများစိစစ်ခြင်းနှင့် ရေးဆွဲခြင်းတာဝန်ကို ဖော်ပြခြင်းမပြုတော့ဘဲ ဥပဒေ ဘာသာပြန်ဆိုခြင်းကိုသာ ပြဋ္ဌာန်းဖော်ပြခဲ့ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတှေဟာ ဥပဒေမူကြမ်းတွေကို လွှတ်တော်ကို တင်သွင်းခွင့်ရှိတဲ့ အတွက်ကြောင့် ဒီပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတွေဟာ ဥပဒေမူကြမ်းတွေ ရေးဆွဲပြီးတော့ တင်သွင်းနိုင်တဲ့ အလျောက် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေမှာ ဥပဒေများစိစစ်ခြင်းနှင့် ရေးဆွဲခြင်းတာဝန်ကို ထည့်သွင်း ပြဋ္ဌာန်းခြင်းမရှိခဲ့တာကိုတွေ့ရှိရပါတယ်။ ဒါပေမယ့်လို့ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ဂ) မှာတော့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနတွေက ဥပဒေအကြံဉာဏ် တောင်းခံလို့ရှိရင် ဥပဒေအကြံဉာဏ်ပေးဖို့ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေကပေးပို့တဲ့ ဥပဒေမူကြမ်းတွေကိုလေ့လာပြီးတော့ လိုအပ်တဲ့ ဥပဒေအကြံဉာဏ်တွေ ပေးရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ပေးပို့တဲ့ ဥပဒေမူကြမ်းတွေဟာ လေ့လာစိစစ်ပြီးတော့ အကြံဉာဏ် ပေးဖို့သာတာဝန်ရှိပေမယ်လို့ ဝန်ကြီးဌာနအသီးသီးမှာ ဥပဒေရေးဆွဲရေးဆိုင်ရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုနည်းပါးတဲ့ အခက်အခဲများ ရှိတဲ့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ဥပဒေမူကြမ်း များကိုစိစစ်၍ ဥပဒေအကြံဉာဏ် ပေးရုံသာမကဘဲနဲ့ ဥပဒေမူကြမ်းတစ်ရပ်အဖြစ် ရေးထုံးရေးနည်း များနှင့်အညီ စနစ်တကျဖြစ်စေဖို့ ကူညီဆောင်ရွက်ပေးနေရလျက် ရှိပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့သစ် ပေါ်ပေါက်ပြီးတဲ့နောက်မှာ သမ္မတကြီးကနေပြီးတော့ အခြေပြုမိန့်ခွန်းပြောကြားရာမှာ ခေတ်နှင့်မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ မိန့်ကြားချက်နှင့်အညီ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနအနေနဲ့ မိမိတို့စီမံခန့်ခွဲတဲ့ ဥပဒေတွေကို ခေတ်နှင့်လျော်ညီမှုရှိ၊ မရှိပြန်လည်စိစစ်၍ ခေတ်နှင့်မလျော်ညီသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ အစားထိုးပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်းနှင့် လိုအပ်တဲ့ ဥပဒေအသစ်များပြဋ္ဌာန်းခြင်းများ ဆောင်ရွက်နိုင်ရန် ဥပဒေမူကြမ်းတွေ ရေးဆွဲပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့ခဲ့ကြပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့လည်း အထက်တင်ပြပါ အတိုင်း ဥပဒေမူကြမ်းတွေအပေါ် အကြံပြုခြင်း သာမကဘဲနဲ့ ဥပဒေတစ်ရပ် ချောမွေ့စွာပြဋ္ဌာန်းနိုင်ဖို့ အတွက် ရေးထုံးရေးနည်းတွေအရ စိစစ်ပြီးတော့ ဆောင်ရွက်ပြန်ကြားလျက်ရှိပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဥပဒေမူကြမ်းတွေအတွက် စိစစ်အကြံပြုရာတွင် တည်ဆဲဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း၊ တည်ဆဲဥပဒေကိုရုပ်သိမ်းပြီးတော့ အစားထိုးပြဋ္ဌာန်းတဲ့ဥပဒေမူကြမ်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ရုပ်သိမ်းတဲ့ ဥပဒေမူကြမ်းနှင့် အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေမူကြမ်းဆိုပြီးတော့ လေးမျိုးရှိပါ တယ်။ ဒီလို အမျိုးမျိုးသော ဥပဒေမူကြမ်းတွေရဲ့သဘော သဘာဝအရ လေ့လာသုံးသပ်ရသော အနေအထားကလည်း ကွဲပြားပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်တဲ့ ဥပဒေအကြောင်းအရာ အလျောက် ပြည့်စုံစွာလေ့လာဆောင်ရွက်ရတာရှိပါတယ်။
ဥပဒေမူကြမ်းတွေကိုစိစစ်အကြံပြုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိ၊ မရှိ။ တည်ဆဲဥပဒေများနှင့်ဆန့်ကျင်ခြင်းရှိ၊ မရှိ။ ခေတ်နှင့်လျော်ညီမှုရှိ၊ မရှိစသည့်အချက်များကိုအခြေပြု ပြီးတော့အကြံပြုရပါတယ်။ ဒါ့အပြင် ဥပဒေမူကြမ်းတွေပြဋ္ဌာန်းချက်တွေဟာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေ၊ သဘောတူစာချုပ်တွေနှင့်စပ်ဆိုင်လို့ရှိရင်လည်း ဒီ ကွန်ဗင်းရှင်းတွေ သဘောတူ စာချုပ်တွေနှင့် ကိုက်ညီမှုရှိ၊ မရှိတာတွေလည်းကြည့်ရပါတယ်။ ဥပဒေမူကြမ်းတစ်ရပ်သည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနှင့်ဆက်စပ်လို့ရှိရင် ဒီအဖွဲ့အစည်းတွေနှင့် လိုအပ်သလိုညှိနှိုင်း ဆောင်ရွက်ရပါတယ်။ မကြာမီကပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ၊ ဒီ ဥပဒေတွေစိစစ် ဆောင်ရွက်တဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့်ညှိနှိုင်းဆောင်ရွက်ရပါတယ်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေစိစစ်တဲ့နေရာမှာဆိုရင် အလားတူပဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့်ညှိနှိုင်းဆောင်ရွက်ရပါတယ်။ ဥပဒေတစ်ရပ်ကိုရုပ်သိမ်းမည့် ဥပဒေ မူကြမ်းဖြစ်လို့ရှိရင်လည်း အမှန်တကယ်ရုပ်သိမ်းဖို့လိုအပ်ခြင်းရှိ၊ မရှိ။ ဥပဒေတစ်ရပ်ကို ရုပ်သိမ်း လိုြက်ခင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်စတာတွေကို ဆန်းစစ်သုံးသပ်ရပါတယ်။ ဒါ့အပြင် ဥပဒေမူကြမ်းပါ ရေးသားဖော်ပြချက်တွေမှာ အငြင်းပွားဖွယ်ရာအချက်တွေမပါရှိဖို့၊ အဓိပ္ပာယ် ပေါ်လွင်တဲ့ အသုံးအနှုန်းစကားရပ်တွေဖြစ်ဖို့၊ အသုံးအနှုန်းတွေ ရှေ့နောက်ညီညွတ်မှုရှိစေဖို့နှင့် ရေးသားဖော်ပြချက်တွေ အစီအစဉ်ကျနမှုအပါအဝင် ဥပဒေရေးထုံးရေးနည်းတွေမှန်ကန်စေဖို့ စိစစ် ဆောင်ရွက်ရပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို စိစစ်အကြံပြုရေး အတွက်ဆောင်ရွက်တဲ့နေရာမှာ ကနဦးအဆင့်မှာ သက်ဆိုင်ရာတာဝန်ပေးအပ်ခြင်းခံရတဲ့ အရာရှိ များကလေ့လာစိစစ်ပြီးတော့ လိုအပ်လို့ရှိရင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ဥပဒေရေးဆွဲရေးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူချုပ်ဦးစီးပြီးတော့ ဆွေးနွေးစိစစ်ခြင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်တို့ ဦးဆောင်ပြီးတော့ ဆွေးနွေး စိစစ်ခြင်းစတဲ့အဆင့်ဆင့် ဒီလိုဆောင်ရွက်ပြီးတော့မှပဲ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနကို အကြံပြုပြန်ကြားပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေမူကြမ်းတစ်ရပ်ကို တစ်ဦးတစ်ယောက်တည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲနဲ့ အဆင့်ဆင့်စိစစ်ဆောင်ရွက်ပြီးမှသာလျှင် သက်ဆိုင်ရာဌာနများသို့ ပြန်ကြားလျက်ရှိပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ဥပဒေမူကြမ်းတွေကို ဒီလိုစိစစ်အကြံပြု နိုင်ဖို့အတွက်ဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့အခါမှသာလျှင် စာဖြင့်ဆက်သွယ်မေးမြန်းဆောင်ရွက် ပြီးတော့ သာမန်အားဖြင့်တော့ မြန်မြန်ဆန်ဆန်ပြီးစီးဖို့အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း တွေက တာဝန်ရှိသူတွေကိုဖိတ်ခေါ်ပြီးတော့ အပြန်အလှန်ဆွေးနွေးပြီးညှိနှိုင်းဆောင်ရွက်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပေးပို့တဲ့ ပြည်ထောင်စုဝန်ကြီးဌာနအချို့ရဲ့ ဥပဒေမူကြမ်းတွေဟာ အထက်ပါတင်ပြသလို ရေးဆွဲခြင်းအတွေ့အကြုံနည်းပါးတဲ့အလျောက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းရခြင်း၊ ပထမအကြိမ်၊ ဒုတိယအကြိမ် စသည်ဖြင့် မူကြမ်းတွေကို အကြိမ်ကြိမ်ညှိနှိုင်းရေးသားရခြင်းတွေ ဆောင်ရွက်ရတာရှိပါတယ်။ ဒီလို ဆောင်ရွက်ရတဲ့အတွက် ကြောင့်မို့လို့ အတိုင်းအတာတစ်ရပ်အထိ အချိန်ယူရပါကြောင်းတင်ပြအပ်ပါတယ်။ ဥပဒေမူကြမ်း တွေကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုပြန်ကြားပြီးတဲ့အခါမှာ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနဟာ နိုင်ငံတော်သမ္မတရုံးကိုတင်ပြရာမှာ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ ကလည်း အကြံပြုချက်တွေရှိလို့ရှိရင် ဒီအကြံပြုချက်တွေနှင့်အညီ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက် ပြီးတော့ ဒီပြင်ဆင်ဖြည့်စွက်ထားသည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ပြီးတော့ သဘောထားမှတ်ချက်တစ်ခါတောင်းလာပြန်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဒုတိယအကြိမ် ပေးပို့တဲ့ဥပဒေမူကြမ်းကိုစိစစ်ပြီးတော့ သဘောထားမှတ်ချက်နှင့်အတူ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနကိုပြန်ကြားရပါတယ်။ ဒီလို ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ် ပြန်ကြားပြီးတဲ့အခါတိုင်းမှာလည်း ပြီးပြတ်တဲ့စာရင်းဖော်ပြပြီးတော့ ပြည်ထောင်စုရှေနေချုပ်ရုံးကို ပြန်လည်အကြံဉာဏ်တောင်းခံတဲ့အခါမှာ တစ်ခါအဝင်စာရင်းသွင်းပြီးတော့ ဖော်ပြဆောင်ရွက် ရပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေမူကြမ်းတစ်ရပ်ကို လိုအပ်သည်များပြင်ဆင်ဖြည့်စွက်ရေးဆွဲနိုင်ဖို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ပြန်လည်ပေးပို့ခြင်း၊ ပြင်ဆင်အကြံပြုပေးပြီးဖြစ်သော်လည်း ဒုတိယအကြိမ် သဘောထားတောင်းခံခြင်းစတဲ့ အဝင်အထွက်တွေရှိနေတဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ကနဦးရောက်ရှိသည့်ရက်ကိုအခြေပြုပြီးတော့ ဥပဒေကြမ်းများပေးပို့ ထားပါတယ်လို့တင်ပြလို့ရှိရင် ကြန့်ကြာတယ်လို့လည်း ထင်မြင်ယူဆနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပေးပို့ထားတဲ့ ဥပဒေကြမ်းတွေအနက်မှာ အကြောင်းကြောင်းကြောင့် မြန်မြန်ဆန်ဆန်ပြီးစီးဖို့လိုအပ်သည့်အခါမှာ အခြားဥပဒေမူကြမ်းများထက် အဆိုပါဥပဒေမူကြမ်း တွေကို ဦးစားပေးဆောင်ရွက်ရသည်များလည်းရှိပါတယ်။ ဥပမာအားဖြင့် မကြာမီကပြဋ္ဌာန်းခဲ့သော အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေတို့လို ဒီဥပဒေမူကြမ်းတွေဟာ ဦးစားပေး စိစစ်ဆောင်ရွက်ပေးခဲ့ရတဲ့ ဥပဒေတွေပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးတဲ့ နောက်မှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေစုစုပေါင်း ၂၆ ခု ပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီမှာ အသစ် ပြဋ္ဌာန်းတဲ့ဥပဒေက ၉ ခု၊ ပြင်ဆင်တဲ့ဥပဒေက ၁၀ ခု၊ ရုပ်သိမ်းတဲ့ဥပဒေက ၂ ခုနှင့် အစားထိုးပြဋ္ဌာန်း တဲ့ဥပဒေ ၅ ခု တို့ပါဝင်ပါတယ်။ ယင်းဥပဒေများပြဋ္ဌာန်းနိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေနဲ့ စိစစ်အကြံပေးခြင်းနှင့် စိစစ်ရေးသားခြင်းများကို အဓိကပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီ ဥပဒေမူကြမ်းတွေကို လွှတ်တော်အသီးသီးကလည်း ဆွေးနွေးအတည်ပြုပေးခဲ့ခြင်းကြောင့် ဥပဒေ အဖြစ် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းပါ အချက်တွေနှင့်စပ်လျဉ်းတော့ လွှတ်တော်များပေါ်ပေါက်ချိန်ကစပြီးတော့ ဇွန်လကုန် ၃၀-၆-၂၀၁၂ ရက်နေ့အထိအခြေအနေကတော့ ဝန်ကြီးဌာနတွေက ရေးဆွဲဆောင်ရွက်ဆဲဥပဒေတွေရဲ့ အမည်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ဆဲကိစ္စရပ်များဖြစ်ပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပေးပို့ခြင်းမရှိသေးလို့ရှိရင်တော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ မသိရှိနိုင် ပါကြောင်းတင်ပြအပ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကရေးဆွဲပြီးတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပေးပို့ခဲ့တဲ့ ဥပဒေမူကြမ်းပေါင်းဟာ လွှတ်တော်များပေါ်ပေါက်ချိန်က စပြီးတော့ ဇွန်လကုန်အထိ ၁၃၈ ခု ရှိပါတယ်။ ဒီစာရင်းမှာတော့ ပထမအကြိမ်စိစစ်ပြန်ကြားပြီးသော ဥပဒေမူကြမ်းကို ရှေ့ကတင်ပြသလို ထပ်မံပေးပို့လာတဲ့အတွက်ကြောင့် ပြန်လည်စိစစ်ပေးပို့ရသော ဥပဒေများလည်းရှိတဲ့အတွက်ကြောင့် ရုံးလုပ်ငန်းသဘောအရ ဝင်စာထပ်မံရေးသွင်းပြီးတော့ စာရင်း ဖော်ပြရခြင်းများလည်းရှိပါကြောင်း တင်ပြအပ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကိုပြန်ကြားခဲ့တဲ့ ဥပဒေမူကြမ်းစုစုပေါင်း ၉၆ ခု ရှိပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းဆောင်ရွက်ပြီးစီးနိုင်မှုဟာ ၆၉.၅၇ ရာခိုင်နှုန်းပြီးစီးဆောင်ရွက်နိုင်ခဲ့ပါတယ်။ လက်ရှိဆောင်ရွက်ဆဲဥပဒေမူကြမ်းစုစုပေါင်းမှာ ၄၂ ခုရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၃၀.၄၃ ရာခိုင်နှုန်းရှိပါကြောင်းဖြေကြားအပ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ အစိုးရအဖွဲ့က လွှတ်တော်များကို စိစစ်အတည်ပြုနိုင်ရန်ပေးပို့ပြီးစီးခဲ့တဲ့ ဥပဒေမူကြမ်းအမည်နှင့် အရေအတွက်မှာ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက လွှတ်တော်ကိုတင်ပြတာ ဖြစ်တဲ့အတွက် ကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် မသိရှိနိုင်ပါကြောင်းဖြေကြား အပ်ပါတယ်။
လွှတ်တော်ကအတည်ပြုပြီးတော့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဋ္ဌာန်းပြီးတဲ့ ဥပဒေ တွေအနက်က ယခုထက်တိုင် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မထုတ်ပြန်နိုင်သည့် အမည်နှင့် အရေအတွက်များနှင့် စပ်လျဉ်းပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ဆောင်ရွက်သည့်ကိစ္စ ဖြစ်တဲ့အတွက်ကြောင့်လည်းကောင်း၊ ပြဋ္ဌာန်းတဲ့ဥပဒေတိုင်းဟာလည်း နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေထုတ်ပြန်ဖို့လိုအပ်တယ်လို့ တစ်ထစ်ချမပြောနိုင်ခြင်းကြောင့်လည်းကောင်း အရေအတွက်မည်ရွေ့ မည်မျှရှိသည်ဟု သုံးသပ်ဖို့ခက်ခဲမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ဖို့လိုအပ်ပါလျက် ထုတ်ပြန်နိုင်ခြင်းမရှိရတဲ့အကြောင်း အရင်းတွေ ဥပဒေတစ်ရပ်အတွက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများမှာ အချက်အလက်ပြည့်ပြည့် စုံစုံပါရှိရေးအတွက် အချိန်ယူဆောင်ရွက်ရန်လိုအပ်ခြင်း၊ လိုအပ်ပါက ဆက်စပ်တဲ့ဌာနအဖွဲ့အစည်း များနှင့် ညှိနှိုင်းရခြင်း၊ ဒီနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေမှာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွေကို တာဝန်ပေးဖို့၊ အချက်အလက်တွေဖော်ပြဖို့ လိုအပ်တယ်ဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုကြိုတင်တင်ပြရခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဒီ မူကြမ်းပေးပို့ပြီး သဘောထားတောင်းခံခြင်းစတဲ့ ဒီလို လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဆောင်ရွက်ရခြင်းကြောင့် လည်း ထိုက်သင့်သည့် အချိန်ယူရခြင်းများကြောင့်ဖြစ်တယ်လို့ သုံးသပ်ယူဆပါကြောင်း တင်ပြအပ်ပါ တယ်။
ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးဟာ မိမိတို့စီမံခန့်ခွဲတဲ့ ဥပဒေတွေနှင့်စပ်လျဉ်းတော့ လိုအပ်တဲ့ မူကြမ်းတွေရေးဆွဲပြီးတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သဘောထားမှတ်ချက် တောင်းခံ ပြီးနောက်မှာ လိုအပ်သလိုစိစစ်ပြင်ဆင်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကခွင့်ပြုတဲ့အခါမှာ အဆိုပါဥပဒေမူကြမ်းကို ဆွေးနွေး အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်ကိုတင်ပြရပါတယ်။ အဲ့ဒီအခါမှာ လွှတ်တော်မှာ လုပ်ထုံးလုပ်နည်း တွေနှင့်အညီ ဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီး ဆွေးနွေးဆောင်ရွက်ရတာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပေးပို့တဲ့အချိန်မှာ ဒီဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီးတော့ ပါရှိသင့်တဲ့ပြဋ္ဌာန်းချက်တွေကို အကြိမ်ကြိမ်ဆွေးနွေးစိစစ်ဖြည့်စွက်ရဦးမည့် ကနဦးမူကြမ်းအဆင့် မျှသာဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့သည်နှင့် တစ်ပြိုင်နက်မှာ ဥပဒေမူကြမ်းကို လွှတ်တော်ကိုကြိုတင်ပြီးတော့ တစ်ပြိုင်တည်းပေးပို့ဆောင်ရွက်ရန်မှာမသင့်ကြောင်း ပြန်လည်ပြီးတော့ဖြေကြားအပ်ပါတယ်။ ကန့်သတ်နှင့် လျှို့ဝှက်အချက်အလက်တွေမှအပ ကျန်အချက် အလက်တွေကို နိုင်ငံတော်သမ္မတရုံးမှတစ်ဆင့်တောင်းခံနေရတဲ့အစား လုပ်ငန်းအဆင်ပြေချောမွေ့ စေရန်နှင့် အချိန်မကြန့်ကြာစေရန် လွှတ်တော်ရဲ့ ကော်မတီအသီးသီးနှင့် ကော်မရှင်တို့မှ သက်ဆိုင်ရာ ဌာနအသီးသီးကို ညှိနှိုင်းတောင်းခံခြင်းကိုခွင့်ပြုနိုင်ရန် အစိုးရဌာနအသီးသီး၌ မည်သည့်အခက်အခဲ များရှိသည်ကိုသိရှိလိုပါကြောင်းနှင့်စပ်လျဉ်း၍တော့ အစိုးရဌာနများဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်တွင် ဖွဲ့စည်းထားတဲ့ကော်မတီနှင့် ကော်မရှင်များအနေဖြင့် သိရှိလိုတဲ့ အချက်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံးများမှတစ်ဆင့် တောင်းခံခြင်းက အုပ်ချုပ်မှုသဘောအရသင့်မြတ်မည်လို့ယူဆပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
