(ဂ)-ပညာသင်ဆုများကို ကြီးကြပ်စစ်ဆေးခြင်းများ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၃.၇.၂၀၁၂)

နိုင်ငံတော် အစိုးရအနေနဲ့ ပညာရေးကဏ္ဍ အထူးမြင့်မားတိုးတက်စေရန်နှင့် ပညာတော်ပြီးဆင်းရဲသော ပညာဆက်လက်မသင် နိုင်သော ကျောင်းသူကျောင်းသားများအတွက် ပညာသင်ဆုအား မူလတန်းအဆင့်တွင် ၁၀၀၀၀ ကျပ်၊ အလယ်တန်းအဆင့်တွင် ၁၅၀၀၀ ကျပ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၂-၂၀၁၃ ပညာရေး နှစ်မှစတင်၍ ပေးအပ်မည်ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ အဆိုပါပညာသင်ဆုများကို မြို့နယ်တိုင်းတွင် ၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်း ကျင်းပပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ သို့သော်လည်း အဆိုပါပညာသင်ဆုအတွက်ရရှိမည့် ကျောင်းသူ ကျောင်းသားမှာ မူလတန်းအောင်အဆင့်တွင် တစ်ဦးနှင့် အလယ်တန်းအောင်အဆင့်တွင်တစ်ဦး၊ စုစုပေါင်းနှစ်ဦးအတွက်ချီးမြှင့်ငွေမှာ တစ်နှစ် အတွက်မူလတန်းအောင် အဆင်‌့အတွက် ၁၀၀၀၀၀၊ အလယ်တန်းအောင်အဆင့်အတွက် ၁၅၀၀၀၀၊ စုစုပေါင်း ၂၅၀၀၀၀ သာဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုရွေးချယ်ရေးအတွက် အမြို့မြို့ အနယ်နယ် မှပညာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများလာရောက်ပြီး စာမေးပွဲကြီးကြပ်သူ၊ စာမေးပွဲစစ်ဆေးသူတို့ အတွက် နေထိုင်စားသောက်စရိတ်၊ သွားလာရေးစရိတ်များမှာ အဆမတန်များပြားပြီး ဆင်ဖိုးထက် ချွန်းဖိုးကြီးနေသလိုဖြစ်နေကြောင်းကိုလည်း တွေ့ရှိရပါတယ်။ သို့ပေမယ့် နိုင်ငံတော်အစိုးရအနေဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်းကောင်း သက်ဆိုင်ရာမြို့နယ်များ၏ မူလတန်း အောင်အဆင့်နှင့် အလယ်တန်းအောင်အဆင့် ပညာသင်ဆုများကို မိမိမြို့နယ်အတွင်းရှိ မြို့နယ် ပညာရေးမှူး၊ အထက်တန်းကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ်၊ မူလတန်းကျောင်းအုပ်များဖြင့် ကြီးကြပ်စစ်ဆေးပြုလုပ်ပါက ကုန်ကျစရိတ်သက်သာပြီး ပညာသင်ဆုအား ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်လိမ့်မည်လို့ ယုံကြည်မိပါတယ်။ အဆိုပါကိစ္စများကို ပညာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပညာသင်ဆုစာမေးပွဲများကို မြို့နယ်အလိုက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က စတင်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ နှင့် ၃၁ ရက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြိုင်တူဖြေကြားစေခဲ့ပါတယ်။ ပညာသင်ဆု စာမေးပွဲဆိုင်ရာမေးခွန်းပြုစုခြင်း၊ ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာများကို စစ်ဆေးခြင်း၊ လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းစတဲ့ လုပ်ငန်းအဆင့်ဆင့်ကို ပညာရေးဝန်ကြီးဌာနမှ တာဝန် ယူ၍ ယခုအကြိမ်ဟာ ပထမဆုံးစတင် ပြန်လည်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စာဖြေခန်းများ ကြီးကြပ် ရေးအတွက် ဒေသခံဆရာ ဆရာမများနှင့် အခြားမြို့နယ်များမှ ဆရာဆရာမများ စုပေါင်းကြီးကြပ် စေခဲ့ပါတယ်။ အဖြေလွှာများကို အခြားမြို့နယ်မှ ကျောင်းအုပ်နှင့် ဆရာဆရာမများက အမှတ်ပေးစည်းမျဉ်း နှင့်အညီ အမှတ်ပေး စစ်ဆေးစေ ခဲ့ပါတယ်။ ဒါကြောင့် ဌာနစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းစွာဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စစ်ဆေးရွေးချယ်ရန် စီစဉ်ရခြင်းဖြစ်ပြီး အဆင်ပြေချောမွေ့စွာ ကျင်ပပေးနိုင်ခဲ့ပါ တယ်။ သို့ပါ၍ မေးခွန်းလုံခြုံမှုကောင်းမွန်ခြင်း၊ မိဘများအနေဖြင့်လည်း သံသယဖြင့်တိုင်ကြားမှုများ ကင်းရှင်းကြောင်းတွေ့ရှိရသဖြင့် ဆုရသူများရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းမြှင့်တင် ပေးနိုင်ခဲ့ပါတယ်။ မြို့နယ်အလိုက် အမှန်တကယ် ထူးချွန်သူများကိုသာ ပညာသင်ဆု ချီးမြှင့်ပေးနိုင်ရန် ရည်ရွယ်တဲ့ အတွက်ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်းနှင့် နောင်လာမယ့် ပညာသင်နှစ်များမှာလည်း စာမေးပွဲရဲ့ အဆင့်အတန်းကို မထိခိုက်စေဘဲ မြို့နယ်အတွင်းမှ ဆရာဆရာမများကို ပိုမိုတာဝန်ပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဒီဆုပေးပွဲဟာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် တစ်မြို့နယ် ၂၅၀၀၀၀ ဆိုသော်လည်း ပြည်ထောင်စုချုပ်အနေနဲ့ မြို့နယ် ၄၀၀ ကျော်ကိုပေးရတဲ့အတွက် သန်း ၁၀၀ ကျော်ရှိပါတယ်။ နောက်အလယ်တန်းအဆင့် ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀ ခြောက်နှစ်ပေးရမှာဖြစ်တဲ့အတွက် ဆုအနေနဲ့ နိုင်ငံတော်ရဲ့ဘတ်ဂျက်ငွေဟာ သန်း ၃၀၀ ကျော် ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရရှိတဲ့ဘတ်ဂျက်အနေအထားနဲ့ ၁၀၀၀၀ စီနည်း သော်လည်း၊ ၁၅၀၀၀ စီနည်းသော်လည်း ဒီထက်ပိုပေးနိုင်အောင်လည်း လာမယ့်ဘတ်ဂျက်အနေ အထားပေါ်မူတည်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ငွေကြေးပမာဏ ထုထည်ပမာဏထက် ဂုဏ်သိက္ခာအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ၄ တန်း၊ ၈ တန်း ပညာသင်ဆုဖြေတဲ့ ကလေးများဟာ ကျောင်းတစ်ကျောင်းချင်းရဲ့ ပထမရတဲ့ ကလေးများသာ ဝင်ရောက် ပြီးမြို့နယ်မှာ ပြိုင်ခွင့်ရှိပါတယ်။ မြို့နယ်အတွင်းရှိတဲ့ ကျောင်းအားလုံးစုစုပေါင်းမှ ၄ တန်း ပညာသင်ဆု ရတာတစ်ယောက်သာ ဖြစ်ပါတယ်။  အလားတူ ၈ တန်းအဆင့်သင်တဲ့ မြို့နယ်မှာ ကျောင်းအားလုံး စုစုပေါင်း တစ်မြို့နယ်မှာ တစ်ယောက်သာ ရပါတယ်။ နိုင်ငံတော်အနေနဲ့တော့ မြို့နယ်အဆင့်မှာ တစ်ယောက်စီသာ ချီးမြှင့်နိုင်တဲ့ အနေအထား ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့တော့ မြို့နယ်၊ ပြည်နယ်နှင့် တိုင်းဦးစီးဌာနကျောင်းများသို့ သီးခြားညွှန်ကြားလွှာ အနေနဲ့ ဒီပညာသင်ဆုနှင်‌့ ပတ်သက်လို့ ကျောင်းအဆင်‌့ရွေးချယ်တဲ့ ပထမ၊ မြို့နယ်အဆင့်ပထမ ပညာသင်ဆုအပြင် ဒုတိယ၊ တတိယ၊ အလားတူခရိုင်အဆင့် ပ၊ ဒု၊ တ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပ၊ ဒု၊ တ ကို ဇန်နဝါရီ ၃ ရက် နှစ်စဉ်ကျင်းပတဲ့ စုံညီပညာရေးပွဲတော်မှာ ထိုက်သင့်သလို ချီးမြှင့်ပေးဖို့အတွက်လည်း ကျွန်တော်တို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒီကိစ္စဆောင်ရွက်ခြင်းဟာ နိုင်ငံတော်သမ္မတကြီးရဲ့ တိုက်ရိုက် လမ်းညွှန်မှုနဲ့ ယခင်ကလည်း ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသားပညာ ရည်မြင့်မားရေးအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ရနိုင်မှာဖြစ်တဲ့အတွက် မိဘ ပြည်သူများလည်း ကူညီပေးဖို့အတွက် မေတ္တာရပ်ခံပါကြောင်း ရှင်းလင်းဖြေကြားပါသည်။