(က) ဦးအောင်စိန်၊ မာန်အောင် မဲဆန္ဒနယ်၏ စီးပွားဖြစ် နွားမွေးမြူရေးဇုန် အဖြစ် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၃.၇.၂၀၁၂)

မာန်အောင်မြို့နယ်တွင် စီးပွား ဖြစ် နွားမွေးမြူရေးဇုန်အဖြစ်စီစဉ်သတ်မှတ်ပေးရေးအတွက် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မာန်အောင် မြို့နယ်ဟာ ဆန်စပါး၊ အုန်းသီး၊ ကွမ်းသီးနှင့် ငပိ၊ ငါးခြောက်တို့ အဓိကထားထွက်ရှိပြီးတော့ နွားထီး၊ နွားမ တွေလည်းပေါများပါတယ်။ ထွားလည်းထွားကျိုင်းပါတယ်။ နွားစားကျက်များလည်း အပြည့် အစုံရှိပါတယ်။ လောလောဆယ် မာန်အောင်မြို့နယ်အတွင်း နွားထီး၊ နွားမ ကောင်ရေ ၂၅၅၇၀  ရှိပါ တယ်။ ခိုင်းနွားအားလုံး ၁၁၉၅၀ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ပိုနေတဲ့နွားကောင်ရေဟာ ၁၁၉၅၀ မှာ မျိုးပွားနေတဲ့နွားမ ၃၇၆၀ ကို နုတ်လိုက်ရင် အားလုံးဟာ ပိုနေတဲ့နွားဟာ ၁၀၀၀၀ ကျော်ဖြစ်ပါတယ်။ မာန်အောင်မြို့နယ်ဟာ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းဆွယ်တစ်ခုဖြစ်ပြီးတော့ ရေလမ်းတစ်ခု တည်းကိုသာ အားကိုးပြီးတော့သွားလာနေရတဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ ပါဝင်တဲ့ မြို့နယ်ဖြစ်ပါ တယ်။ အထက်ပါပိုလျှံနေသော နွားထီး၊ နွားမကောင်ရေ ၁၀၀၀၀ ကျော်ကို ရောင်းချနိုင်ရေးအတွက် နွားဈေးကွက်တစ်ခုကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးဖို့အတွက် တင်ပြထားပါတယ်။ အခု ၎င်းတင်ပြချက်နှင့်ပတ်သက်ပြီးတော့ အခုလဆန်း ၁ ရက်နေ့က 7Day News မှာ သမ္မတကြီးကနေပြီး တော့ မာန်အောင်မြို့နယ်က နွားတွေကို အားလုံးတာဝန်ယူပြီးတော့ ရောင်းချပေးမယ်ဆိုတာကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသွားပါတယ်။ သမ္မတကြီးကပြောတာတော့ မင်းတို့များများရရင် ခိုးမသွားနဲ့။ ငါတည်းဖို့ရှာပေးမယ်။ ဒါ ကျွန်တော် မီဒီယာတွေလည်းသိအောင်ပြောတာ။ တိရစ္ဆာန်တွေလည်းတည်းဖို့အတွက် နိုင်ငံခြားအထိသွား ပတ်စ်ပို့မလိုဘူး။ ရအောင်စီစဉ်ပေးမယ်ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သမ္မတကြီးရဲ့ ပြောဆိုချက်တွေကို တင်ပြသွားတာ 7 Day News စာမျက်နှာ ၃ မှာ ပါတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ မာန်အောင်ကျွန်းမှာ တင်ပြချက်အရ မာန်အောင်မြို့မှာ စီးပွားဖြစ် နွားမွေးမြူရေးဇုန်ကို အမြဲတမ်းဖြစ်နိုင်ရေးအတွက် ပို့ဆောင်ရောင်းချနိုင်ဖို့အတွက်ပါ ဆောင်ရွက်ပေးရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရဟာ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဖော်ဆောင် လျက်ရှိရာမှာ မာန်အောင်မြို့နယ်မှ ပိုလျှံနေတဲ့နွားများကို ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်တို့ တွင် ရောင်းချနိုင်ရေးအတွက် ဝယ်ယူမည့်နိုင်ငံများနှင့် တိုက်ရိုက်လက်ခံဆွေးနွေးပြီး တရားဝင် ရောင်းဝယ် ဖောက်ကားနိုင်ကြစေရေး၊ နွားပိုင်ရှင်များ Transation Cost သက်သာပြီး ဝင်ငွေပိုမိုရရှိ စေရေးအတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူခြင်းမပြုဘဲ၊ ဝယ်ယူမည့်နိုင်ငံနှင့် ရောင်းမည့်အဖွဲ့များ ဆက်သွယ်ပြီး MOU ရေးထိုးပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ပြည်နယ်မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရှာဖွေပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မွေးမြူရေးတောင်သူများ မနစ်နာစေရေးအတွက် Bottom Up ပုံစံဖြင့် မာန်အောင်ကျွန်းမှ နွားရောင်း လိုသူများအသင်း စတင်ဖွဲ့စည်းကာ ဆောင်ရွက်လျှင် ပိုမို အဆင်ပြေ သွားမှာ ဖြစ်ပါတယ်။ မွေးမြူရေး နှင့်ရေလုပ်ငန်းဝန်ကြီးဌာန၏ စီမံကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ မှာ မွေးမြူရေးဇုန် ၄ ခု၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့များရဲ့ စီမံခန့်ခွဲမှုဖြင့် မွေးမြူရေးဇုန် ၂၃ ခု၊ စုစုပေါင်းမွေးမြူရေးဇုန် ၂၇ ခုကို ဖော်ထုတ်ပြီး ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မာန်အောင် မြို့နယ် စီးပွားဖြစ်နွားမွေးမြူရေးဇုန် သတ်မှတ်ထူထောင်ထားခြင်း မရှိသော်လည်းပဲ ဇုန်ဖော်ထုတ်ရန် နွားမွေးမြူသူများက သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ လမ်းညွှန်ပံ့ပိုးမှု၊ အဆင့်ဆင့်သော မွေးမြူရေးလုပ်ငန်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အကူအညီ ရယူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်မှုအပေါ် မူတည်ပြီး ဇုန်ဖော်ဆောင်မည့် အချိန်ကာလကို သတ်မှတ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့နှင့် နွားမွေးမြူသူများက ဇုန်ဖော်ထုတ်ခြင်းသည် ဒေသပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိကြောင်း အများဆန္ဒအရ ဆုံးဖြတ်၍ တင်ပြလာသည့်အချိန်သည် မာန်အောင်မြို့နယ်တွင် စီးပွားဖြစ်နွားမွေးမြူရေးဇုန် ဖော်ထုတ် နိုင်မှုအချိန်ဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။ ပြည်ပနိုင်ငံများကို နွားအရှင်များ တင်ပို့ရာမှာ ခွာနာ၊ လျှာနာ ကင်းရှင်းရန် လိုအပ်ပါတယ်။ မာန်အောင်မြို့နယ်တွင် လွန်ခဲ့သော နှစ်များအတွင်း ခွာနာ၊ လျှာနာရောဂါ မရှိခဲ့တဲ့အတွက်ကြောင့် အခြားမြိုနယ်များမှ ခွာနာ၊ လျှာနာရောဂါနှင့် အခြားကူးစက် ရောဂါများ ဝင်ရောက်ကူးစက်မှုမရှိစေရန် မြို့နယ်အတွင်းကို ကျွဲ၊ နွားတိရစ္ဆာန်များ ဝင်ရောက်မှုကို ထိန်းချုပ်ထားရန် လိုအပ်ပါတယ်။ အဲဒီအစီအစဉ်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ နည်းပညာပံ့ပိုးကူညီမှုကို ရယူပြီး ဒေသအာဏာပိုင်များရဲ့ကြီးကြပ်မှု၊ မွေးမြူရေးလုပ်ငန်းအဆင့်ဆင့် တို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် နွားမွေးမြူသူများကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဈေးကောင်း ရရှိဖို့ နွားများကို မရောင်းချမီ ကြိုတင်ပြီးတော့မှ အစား၊ ဆေးဝါးများဖြင့် ကျန်းမာဝဖြိုးအလေးချိန် တိုးအောင် ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။ ပြည်ပပို့လိုပါက ရောဂါကန့်သတ် ကင်းရှင်းဒေသနှင့် တိရစ္ဆာန်ထိန်းသိမ်းရေးစခန်း တည်ဆောက်ထားရန် လိုအပ်ပြီးတော့မှ အဲဒီစခန်းမှာ တင်သွင်းသည့်နိုင်ငံ တိရစ္ဆာန်ဆေးကုဌာနမှ လာရောက်ကြည့်ရှုအသိအမှတ်ပြုထားရန် လိုအပ်ပါ ကြောင်းအကြံပြုတင်ပြအပ်ပါတယ်။ မာန်အောင်မြို့နယ်တွင် နွားမွေးမြူရေးအစုအဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်း ထားပြီး အစုအဖွဲ့တွင် နွားကောင်ရေ ၃၁၇ ကောင် မွေးမြူထားရှိရာ သစ်ပင်ကျေးရွာမွေးမြူရေး အဖွဲ့ တွင် အစုအဖွဲ့ဝင် ၁၉ ဦး နွားကောင်ရေ ၉၅ ကောင်၊ ကံ့ကော်တောကျေးရွာအစုအဖွဲ့မှ အစုအဖွဲ့ဝင် ၁၃ ဦး နွားကောင်ရေ ၁၀၇ ကောင်၊ ကင်းတဲကျေးရွာအုပ်စုမှ အစုအဖွဲ့ဝင် ၁၇ ဦး နွားကောင်ရေ ၆၈ ကောင်၊ ခက်ဦးမော်ကျေးရွာအစုအဖွဲ့မှ အစုအဖွဲ့ဝင် ၁၁ ဦး နွားကောင်ရေ ၄၇ ကောင်တို့ဖြင့် ဖွဲ့စည်း မွေးမြူထားပါတယ်။ မာန်အောင်မြို့နယ်ရှိ နွားမွေးမြူရေးသမားများရဲ့ဆန္ဒမှာ ဒေသအတွင်းရှိ ပိုလျှံ ကျွဲ၊ နွားများကို မြို့နယ်ပြင်ပသို့ ရောင်းချလိုခြင်းဖြစ်ပြီး မွေးမြူရေးဇုန်ဖော်ထုတ်မထားသော်လည်း လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်သည့် ခိုင်းကျွဲ၊ နွား ကောင်ရေ စားသုံးရန် လိုအပ်ချက် တို့အပေါ်မူတည်ပြီးတော့မှ ဒေသအာဏာပိုင်များအနေဖြင့် မြို့နယ်ပြင်ပဈေးကွက်များကို ရောင်းချနိုင် ရေးအတွက် ခွင့်ပြုပေးထားပါတယ်။ ဒေသနွားမွေးမြူသူများအနေဖြင့် မွေးမြူရေးဇုန်အတွင်း မွေးမြူ လိုသူအမည်စာရင်း၊ မွေးမြူလိုသည့် ကျွဲ၊ နွားအမျိုးအစား၊ ကောင်ရေတို့အား စာရင်းကောက်ယူပြီး လိုအပ်သည့်မြေအကျယ်အဝန်းပေါ်မူတည်ပြီး မွေးမြူရေးဇုန်ဖော်ထုတ်သွားရန် ဖြစ်ပါတယ်။ မြို့နယ် အတွင်း မွေးမြူထားသောနွားများမှာ နို့စားနွားများမဟုတ်ဘဲ ခိုင်းနွားအမျိုးအစားများ ဖြစ်ပါတယ်။ မွေးမြူရေးဇုန်မြေနေရာကို ၇ ဧကဖြင့် သတ်မှတ်မယ်ဆိုပါက ၎င်းပေါ်တွင် ၁၀၀ ပေပတ်လည် မြေကွက် ၂၈ ကွက် ရရှိမည်ဖြစ်ပြီးတော့မှ မြေတစ်ကွက်လျှင် နွား ၂၀ ကောင်မွေးမြူနိုင်ပါတယ်။ အဲဒီ ဇုန်နေရာမှာ မွေးမြူမည့်သူများ ရှိ၊ မရှိမှာ ဦးစွာအရေးကြီးသော အချက်ဖြစ်သဖြင့် မွေးမြူမည့်သူများ စာရင်းရရှိပါက မြေကွက်နေရာအား သတ်မှတ်ပေးနိုင်ပါတယ်။ မွေးမြူရေးဇုန်ဖော်ထုတ်တည်ဆောက် နိုင်ရေးအတွက် အထက်အဆင့်ဆင့်၏ ကြီးကြပ်လမ်းညွန်မှုကို ခံယူပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ များပါဝင်သော မွေးမြူရေးဇုန်ကြီးကြပ်ရေး ကော်မတီအား ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။