အဆိုပါလုပ်ငန်းစဉ်မှာ မသန်စွမ်းသူများ၏ အခွင့်အရေး တန်းတူညီမျှရေးနှင့် ဘဝအရည်အသွေးမြင့်မားရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိတာကိုတွေ့ရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ အဆိုပါပုဒ်မ ၃၂ မှာပါ ရှိတဲ့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် (၁) မူဝါဒမည်ကဲ့သို့ ချမှတ် ဆောင်ရွက်လျက်ရှိသည်ကိုလည်းကောင်း၊ (၂) မသန်စွမ်းသူများအခန်းကဏ္ဍ မြင့်မားရေးအတွက် မည်ကဲ့သို့တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကိုလည်းကောင်း၊ (၃) မသန်စွမ်း ကလေးငယ်များ ပညာ သင်ကြားရေးအတွက် မည်ကဲ့သို့ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကိုလည်းကောင်း၊ (၄) မသန်စွမ်း ကလေးငယ်များပညာသင်ကြားရန်အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် မိခင်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့နှင့်ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျား၊မတန်းတူညီမျှမှုရှိရေးဆိုင်ရာအသိပညာပေးခြင်း၊ မျိုးဆက်ပြန့်ပွား ကျန်းမာရေးနှင့် HIV, AIDS အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကာကွယ် စောင့်ရှောက်ရန်လိုအပ်သောအမျိုးသမီးများအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန ၂ ခု၊ အမျိုးသမီးအသက်မွေးအတတ်ပညာသင်ကျောင်း ၄ ကျောင်း၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေး ဌာန ၂ ခု၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၈ ကျောင်း၊ လူကုန်ကူးခံရသူများအား ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ ၁ ခုတို့ကိုဖွင့်လှစ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူပေါင်းပြီး ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။
ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် မိမဲ့ဖမဲ့၊ မိဘမဲ့ကလေးများ၊ အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးချို့တဲ့သောကလေးများကို နိုင်ငံတော်မှကာကွယ်စောင့်ရှောက် ရန်လိုအပ်သောကလေးများအဖြစ်သတ်မှတ်ပြီး ကလေးပြုစုရေးဌာန ၅ ခုဖွင့်လှစ်ကာ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် မိဘမဲ့ကလေးများအား ပုံမှန်မိသားစုဘဝရရှိခံစားနိုင်ရေးအတွက် တည်ဆဲကိတ္ထိမမွေးစားရေး အက်ဥပဒေ မွေးစားခွင့်လည်းပေးလျက်ရှိပါတယ်။ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော အသက် ၁၈ နှစ်အောက်ကလေးများနှင့် ကလေးသူငယ်များကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပြီး လူမှုဝန်ထမ်းဦးစီး ဌာနမှဖွင့်လှစ်သော လူငယ်သင်တန်းကျောင်း ၇ ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း ၃ ကျောင်းတွင် ကလေးများ၏စားဝတ်နေရေး၊ ပညာရေး၊ အကျင့်စာရိတ္တဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး၊ အလုပ်အကိုင်နေရာချထားရေးတို့ကို ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ စေတနာမူကြိုကျောင်းများ၊ လူငယ်ရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာများကိုလည်း နည်းပညာနှင့် ငွေကြေးထောင်ပံ့ပေးလျက်ရှိသည့် အပြင် ရပ်ရွာအတွင်းကာကွယ် စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များနှင့် မိသားစုများ အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း၊ ဝင်ငွေတိုးလုပ်ငန်းများအားဆောင်ရွက် ပေးခြင်းများကို ကုလသမဂ္ဂအဖွဲ့စည်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ဘိုးဘွားရိပ်သာ ၆၅ ခုတည်ထောင်လျက်ရှိပြီး ဘိုးဘွားရိပ်သာများကိုအဆင့်မြှင့်တင်ပေးခြင်း၊ ထောက်ပံံ့ပေးခြင်းများအပြင် ပြည်တွင်းလူမှု အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အိမ်တိုင်ရာရောက်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် သက်ကြီးရွယ်အိုဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ကြီးသူချင်းကူညီစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။ မသန်စွမ်းသူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများ၏အခွင့်အရေး များအားကာကွယ်ပေးရန် မသန်စွမ်းသူများဖြစ်မှုကြောင့် ခွဲခြားဆက်ဆံမှုလျော့နည်းပပျောက်စေရန် မသန်စွမ်းသူများ၏ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်ရည်များကိုမြှင့်တင်ပေးရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများအပြည့်အဝပါဝင်ခွင့်ရရှိစေရန်၊ မသန်စွမ်းသူ များ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ဆိုသည့် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ မသန်စွမ်းသူများအခန်းကဏ္ဍမြင့်မားရေးအတွက် သင်တန်းကျောင်းအခြေပြု၊ ရပ်ရွာအခြေပြု လုပ်ငန်းစဉ် ၂ ရပ်ဆောင်ရွက်လျက်ရှိပြီး သင်တန်းကျောင်းအခြေပြုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန သည် မသန်စွမ်းကျောင်း ၆ ကျောင်းဖွင့်လှစ်ထားရှိပြီး လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိများ မှတည်ထောင် ဖွင့်လှစ်ထားသော မသန်စွမ်းကျောင်း ၁၆ ကျောင်းကိုလည်း နည်းပညာနှင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် ကျေးရွာအခြေပြုလုပ်ငန်းစဉ်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး၊ အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖန်တီးရေးတို့ကိုလည်း ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရပ်ရွာအခြေပြုလုပ်ငန်းစဉ်အဖြစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်းမြို့နယ်ပေါင်း ၅၂ မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ဆောင်ရွက် ပေးနေပါတယ်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသားအဆင့် မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၁၀-၂၀၁၂ ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဥပဒေကို ရေးဆွဲလျက်ရှိပြီး ဥပဒေ ပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများအတွက် တန်းတူအခွင့်အရေးများ၊ ခွဲခြားဆက်ဆံမှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုရေးအခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ မသန်စွမ်းသူကလေးများ ပညာသင်ကြားရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနသည် မျက်မမြင်ကျောင်း ၂ ကျောင်း၊ နားမကြား သော ကလေးသူငယ်များကျောင်း ၁ ကျောင်းနှင့် ဉာဏ်ရည်ဆိုင်ရာမသန်စွမ်းသူ ကလေးများအတွက် ကျောင်း ၁ ကျောင်းဖွင့်လှစ်ပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားပေးလျက်ရှိပါတယ်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်သင်ကြားနိုင်ရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သီးခြားပညာသင် ကျောင်းများ ဖွင့်လှစ်ထားရှိခြင်းမရှိကြောင်းနှင့် အခြားဝန်ကြီးဌာနများမှဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းနှင့် တက္ကသိုလ်ကျောင်းများတွင် သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ အရ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သား များနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့ စောင့်ရှောက်ရေးဥပဒေကို ၃၀-၃-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၈)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နည်းဥဒေပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ စစ်မှုထမ်းချိန်တွင်စစ်မှုထမ်းဆောင် ခြင်းနှင့် အကျုံးဝင်သည့်အကြောင်းတစ်ခုခုကြောင့် ကိုယ်စိတ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်း သွားသော သို့မဟုတ် စစ်မှုထမ်းဆောင်ခြင်းကြောင့် ပိုမိုဆိုးရွားလာသည့်အကြောင်းပြ၍ရသည့် မသန်စွမ်းအဖြစ် ဆေးခုံရုံးအဖွဲ့မှစစ်ဆေး၍ မသန်စွမ်းရာခိုင်နှုန်း ၆၀ နှင့်အထက် သတ်မှတ်ခံရသူ သို့မဟုတ် သေဆုံးသူ သို့မဟုတ် ကျဆုံးသူတစ်ဦးသည် တပ်မတော်မှာ ကျေနပ်လောက်အောင် တာဝန်ထမ်းဆောင်ခဲ့လျှင် မှတ်တမ်းဝင် အမွေခံ ဇနီး သို့မဟုတ် ခင်ပွန်း သို့မဟုတ် သားသမီးသည် ထောက်ပံ့စောင့်ရှောက်မှုအား နိုင်ငံတော်မှ စီစဉ်ပေးသောနေရာရှိခြံမြေနှင့် နေထိုင်ရန်အိမ် သို့မဟုတ် တိုက်ခန်းကိုခံစားခွင့်ရှိပါတယ်။ သေဆုံး၊ ကျဆုံးသောတပ်မတော်သားများနှင့် စပ်လျဉ်း၍ ကျန်ရှိသော မိသားစုများ၏အငြိမ်းစားလစာ၊ သေဆုံးမှု ဆုကြေး၊ ကလေးစရိတ်၊ ဂရုဏာကြေး၊ ဆေးကုသခွင့်နှင့် ဘုတ်အဖွဲ့ဖြင့် ပညာသင်ကြားထောက်ပံ့ပေးမှုများ ပေးအပ်လျက်ရှိပါတယ်။ လက်ရှိတွင် ကျဆုံးသော တပ်မတော်သားများ၏ ကလေးများအတွက် အသက် ၁၈ နှစ် မပြည့်မီအထိ ကလေးစရိတ် ခံစားခွင့်ရှိပါတယ်။ အသက် ၁၈ နှစ်ပြည့်သည့်အခါ သို့မဟုတ် အိမ်ထောင်ပြုသည့်အခါ ကလေး စရိတ်ပေးခြင်းမှ ရပ်စဲပါတယ်။ အသက် ၁၈ နှစ်ကျော်လွန် သောကလေးသည် အသက် ၂၅ နှစ် မကျော်လွန်သောအချိန်ကာလအထိ အချိန်ပြည့်ပညာသင်ကြားနေလျှင် သို့မဟုတ် အသက် ၁၈ နှစ် မပြည့်မီ စိတ်ချွတ်ယွင်းခြင်းကြောင့်သော်လည်းကောင်း၊ မိမိကိုယ်တိုင် အသက်မွေးဝမ်းကျောင်းမှု မစွမ်းဆောင်နိုင်ပါက ကလေးစရိတ်အားထုတ်ပေးနိုင်ပါတယ်။ သေဆုံး သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများထောက်ပံ့စောင့်ရှောက်ရေးဥပဒေအမှတ်(၈)အရ အရာရှိကလေး ၁ ဦးတစ်လလျှင်နောက်ဆုံးထုတ်မူရင်းလစာ၏ ၅ ရာခိုင်နှုန်း၊ စစ်သည်၏ကလေး ၁ ဦးတစ်လလျှင် နောက်ဆုံးထုတ်မူရင်းလစာ၏ ၈ ရာခိုင်နှုန်းတိုးမြှင့်ခံစားခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ထားဆဲဖြစ်ပါတယ်။ အလားတူအသက် ၄ နှစ်ပြည့်ပြီး နိုင်ငံတော်ကအသိအမှတ်ပြုသည့် ကျောင်းတွင် နေသည့်နေ့မှစ၍ ၂၅ နှစ်အထိပညာသင်စရိတ်ခံစားခွင့်ရှိပြီး အိမ်ထောင်ပြုသည့်အခါ သို့မဟုတ် ကျောင်းမနေဘဲ ကျောင်းထွက်သည့်အခါ သို့မဟုတ် အသက် ၂၅ နှစ်ပြည့်သည့်အခါ ပညာသင်စရိတ် ရပ်စဲပါတယ်။ ထို့အပြင် ၁၈ နှစ်အောက်သားသမီးများနှင့် ၁၈ နှစ်အထက်ဖြစ်သော်လည်း ပညာသင်ဆဲသားသမီးများအတွက် တပ်မတော်စစ်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
