(စ)-ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်တံဆိပ်ခေါင်းများအား အချိန်မရွေးအဆင်ပြေလွယ်ကူစွာဝယ်ယူ ရရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၈.၈.၂၀၁၂)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ တရားရုံးအဆင့်ဆင့်မှာ အမှုကိစ္စမျိုးစုံကို သက်ဆိုင်ရာ တရားရုံးမှာရှိတဲ့ တရားသူကြီးတွေကကြားနာဆုံးဖြတ်တဲ့အခါမှာ ဥပဒေဆိုင်ရာကိစ္စတွေ အကုန်လုံးကို သက်ဆိုင်ရာဥပဒေ၊ ပြဋ္ဌာန်းဥပဒေနှင့်အညီ ဆုံးဖြတ်ဖြေရှင်းဆောင်ရွက်ကြရတာဖြစ်ပါ တယ်။ အဲ့လို ဥပဒေဆိုင်ရာကိစ္စတွေကို သက်ဆိုင်ရာပြဋ္ဌာန်းဥပဒေတွေနှင့် နည်းဥပဒေများအရဖြေရှင်း ဆောင်ရွက်ကြရတာက Simple Logiest ပဲဖြစ်ပါတယ်။ အခြားနည်းနဲ့ ဖြေရှင်းလို့မရပါဘူး။ အဲ့တော့ တရားမမှုမှာလည်းကျင့်ထုံးဥပဒေတွေရှိပါတယ်။ ပြစ်မှုဥပဒေမှာလည်း သက်ဆိုင်ရာဥပဒေတွေ အားလုံးသတ်မှတ်ပြီးသားဖြစ်ပါတယ်။ အဲ့တော့ ဒီတရားရုံးကိစ္စတွေကို လိုက်ပါဆောင်ရွက်တဲ့နေရာမှာ အမှုလိုက်တဲ့ရှေ့နေတွေရှိပါတယ်။ အမှုသည်တွေရှိပါတယ်။ အမှုသည်တွေမှာ အမှုဖြစ်လို့စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းဖြစ်တဲ့အချိန်မှာ အဆင်မပြေတဲ့ကိစ္စတွေအမျိုးမျိုးထပ်တွေ့ရပါတယ်။ အဲ့ဒါကတော့ အမှုနဲ့ဆိုင်တဲ့လျှောက်လွှာတွေတင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာ အစိုးရကိုအခွန် ကျေချင်လို့ အခွန်တော်တံဆိပ်ခေါင်းတွေဝယ်ရပါတယ်။ အဲ့တော့ အခွန်တော်တံဆိပ်ခေါင်းဝယ်တဲ့ အခါတိုင်း အမှုသည်တွေက အမြဲတမ်းပြဿနာတွေတွေ့နေရပါတယ်။ အခွန်တော်တံဆိပ်ခေါင်းဝယ်ဖို့ အတွက် ပြည်တွင်းအခွန်များဦးစီးဌာနမှာဝယ်ယူရပါတယ်။ အဲ့လိုဝယ်ယူတဲ့အခါမှာ အခက်အခဲမျိုးစုံ တွေ့ရတယ်။ ပထမဦးဆုံးအခက်အခဲက တံဆိပ်ခေါင်းပြည့်ပြည့်စုံစုံမရှိတဲ့အခက်အခဲ၊ နောက်ပြီးတော့ တန်းစီရတဲ့အခက်အခဲစသည့် ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျင့်မဲ့တဲ့အခက်အခဲတွေအမျိုးစုံတွေ့ရပါ တယ်။ အဲ့ဒီအတွက်ကြောင့် တံဆိပ်ခေါင်းတွေဝယ်ယူတဲ့အခါမှာ ရောင်းချတဲ့နေရာ၊ ရောင်းချပုံ နည်းစနစ်နှင့် ရောင်းချတဲ့အချိန်ကာလကန့်သတ်ချက်စတဲ့အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သော အခွန်တံဆိပ်ခေါင်းတွေဝယ်ယူဖို့ အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အဲ့တော့ တစ်နည်းအားဖြင့် ဆိုလို့ရှိရင် ခက်ခက်ခဲခဲဝယ်ယူရတဲ့အတွက် ၂၀၀ တန် တံဆိပ်ခေါင်းတွေကို အပြင်မှာကျတော့ ၁၀၀၀ ပေးလျှင်ကြိုက်သလိုဝယ်လို့ရပါတယ်။ အပြင်မှာရှိတဲ့လူတွေတောင်မှတံဆိပ်ခေါင်းဝယ်နိုင်ရင် တကယ် လိုအပ်တဲ့လူတွေကျတော့ ဘာဖြစ်လို့ခက်ခဲနေသလဲဆိုတာ စဉ်းစားစရာရှိပါတယ်။ အဲ့တော့ Stamp Ben Step ရောင်းချနိုင်မလား။ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ အခွန်တော်တံဆိပ်ခေါင်းရောင်းချတဲ့ဌာန တွေကို တရားရုံးအဆင့်ဆင့်အနီးအပါးမှာထားနိုင်မလား။ အချိန်မရွေးလွယ်ကူစွာဝယ်ယူရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်မလား။ အကယ်၍မဆောင်ရွက်ပေးနိုင်ပါက မည်သည့်အကြောင်းကြောင့် မဆောင်ရွက်နိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

၁၈၇၀ ပြည့်နှစ် ရုံးခွန်အက်ဥပဒေနောက်ဆက်တွဲဇယား ၁ ပါ တန်ဖိုးအလျောက်ရုံးခွန် ကပ်နှိပ်ရမယ့် ကိစ္စရပ် ၁၅ မျိုး အနက်ဇယား ၂ ပါ ပုံသေရုံးခွန်ကပ်နှိပ်ရမယ့်ကိစ္စ ၂၁ မျိုးတို့အတွက် ရုံးခွန် တံဆိပ်ခေါင်းများကို ရောင်းချလျက်ရှိပါတယ်။ ရောင်းချရာမှာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအသီးသီးနှင့် ဗဟိုတံဆိပ်ခေါင်း အရောင်းကောင်တာ ၂ ခုဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး အနီးမှာရှိတဲ့ ပြည်တွင်းအခွန်များဦးစီးဌာန (ရုံးအမှတ်-၄၆) မှာလည်းကောင်း၊ ရန်ကုန်မြို့မှာ တရားရုံးနှင့်နီးသော ၃၆ လမ်းမှာလည်းကောင်း အသီးသီးရောင်းချပေးလျက်ရှိတဲ့အပြင် မန္တလေးမြို့မှာ တရားရုံးအနီးမှာရှိတဲ့ အောင်မြေသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှာလည်းကောင်း ရောင်းချပေးလျက်ရှိပါတယ်။ မြို့နယ် အချို့မှာ အစိုးရရုံးများဟာ စုပေါင်းရုံးများအဖြစ်လည်းကောင်း၊ သီးခြားစီလည်းကောင်းတည်ရှိနေကြ သော်လည်း မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် မြို့နယ်တရားရုံးများဟာ မြို့နယ်တစ်မြို့နယ်အတွင်း၌သာ တည်ရှိနေတာဖြစ်တဲ့အတွက် ခရီးကွာဝေးခြင်း မရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ အခက်အခဲ မရှိအဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တရားရုံးသုံးတံဆိပ်ခေါင်းများရောင်းချတဲ့နေရာမှာ ရုံးခွန်အက်ဥပဒေပုဒ်မ ၃၄၊ နည်းဥပဒေ ၂၄ မှာရုံးခွန်တံဆိပ်ခေါင်းများကိုအောက်ပါအတိုင်း တံဆိပ်ခေါင်းရဲ့ကျောဘက်မှာ ရေးသွင်းပြီးမှ ရောင်းချရန်ပြဋ္ဌာန်းထားပါတယ်။ ဒါတွေကတော့ ပြက္ခဒိန်နှစ်အသီးသီးအတွက် အမှတ်စဉ်သီးခြားပါရှိစေရမှာဖြစ်ပါတယ်။ နောက်ရောင်းချတဲ့နေ့ရက်ဖြစ်ပါတယ်။ နောက်ဝယ်ယူသူ အမည်၊ အဖအမည်နှင့် ၎င်းဝယ်ယူသူနေရပ်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ စာဖြင့်အပြည့်အစုံ ရေးပြီးတော့ထည့်ရန် တံဆိပ်တော်တန်ဖိုးရေးရမှာဖြစ်ပါတယ်။ ရောင်းချသူရဲ့ ရေးထိုးမြဲလက်မှတ်ကို ကျောဘက်မှာရေးသွင်းပြီးမှသာရောင်းချတာဖြစ်ပါတယ်။ နည်းဥပဒေ ၂၅ မှာ ရုံးခွန်ကပ်တံဆိပ်ခေါင်းတွေကိုအောက်ပါ အတိုင်းမျက်နှာစာမှာရေးသွင်းပြီးမှ ရောင်းချရန်ပြဋ္ဌာန်းပါ တယ်။ ဒါကတော့ ဝယ်ယူသူရဲ့အမည်၊ ရောင်းချသည်‌့နေစွဲ၊ ရောင်းချသူရေးထိုးမြဲလက်မှတ်တွေကို မျက်နှာစာမှာရေးသွင်းရပါတယ်။ တံဆိပ်ခေါင်းတွေကိုရောင်းချတဲ့နေရာမှာ မနက် ၀၉း၃၀ နာရီအချိန် ကနေပြီးတော့ ညနေ ၁၄း၀၀ နာရီအချိန်အထိ ရုံးဖွင့်ရက်တိုင်းရောင်းချပေးပါတယ်။ နေ့စဉ် ရောင်းချရတဲ့ငွေတွေကို ဘဏ်ကိုနေ့စဉ်ပေးသွင်းရပါတယ်။ ဘဏ်ပိတ်ချိန်ဟာနေ့စဉ် ၁၅း၀၀ နာရီ ဖြစ်တဲ့အတွက် တံဆိပ်ခေါင်းအရောင်းကို နေ့စဉ် ၁၄း၀၀ နာရီအချိန်မှာပိတ်ပြီးတော့မှ စာရင်းဇယား တွေပြုစုပြီးတော့မှဘဏ်ပိတ်ချိန်အမီ ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် အထက်ပါအတိုင်း နံနက် ၀၉း၃၀ အချိန်ကနေ ၁၄း၀၀ နာရီအချိန်အထိ တံဆိပ်ခေါင်းရောင်းချချိန်ကိုကန့်သတ်ဆောင်ရွက် ရခြင်းဖြစ်ပါတယ်။ တံဆိပ်ခေါင်းခွန်နှုန်းထားတွေကို ခေတ်ကာလနဲ့လျော်ညီတဲ့ အခွန်နှုန်းထားအဖြစ် ဖြစ်စေဖို့ ပြင်ဆင်သတ်မှတ်ခဲ့မှုများကြောင့် အခိုက်အတန့်အားဖြင့်တံဆိပ်ခေါင်းလိုအပ်မှုများဖြစ်ပေါ် လာခဲ့ပေမယ့်လည်း နှုန်းထားအသစ်နဲ့ကိုက်ညီတဲ့ တံဆိပ်ခေါင်းတွေအချိန်မီရိုက်နှိပ်ပေးနိုင်ရေး အတွက်ကို လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်တဲ့ အတွက် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ဗဟိုတံဆိပ်ခေါင်းအရောင်းကောင်တာများမှာ ပြည်သူ များသို့ လုံလောက်အဆင်ပြေလွယ်ကူစွာရောင်းချပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးပြောသလို ၀၉း၃၀ နာရီစရောင်းတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဝန်ထမ်းတွေက ၁၀း၀၀ နာရီမထိုးမချင်းရုံးကို မရောက်ပါဘူး။ ၁၀း၀၀ နာရီထိုးတဲ့အခါလည်း တံဆိပ်ခေါင်းရောင်းဖို့အတွက် သူတို့တံခါးကိုဖွင့်၊ မှတ်ပုံတင်စာအုပ်ကို ထုတ်၊ နောက်တစ်ခါ သူတို့တစ်နေ့တာစားဖို့သောက်ဖို့ အလုပ်တွေလုပ်ပြီးမှ တန်းစီတဲ့လူတှေအရှေ့ကို သူတို့ရောက်လာပါတယ်။ တန်းစီတဲ့လူတွေကလည်း ၀၉း၃၀၊ ၁၀း၀၀ နာရီကစပြီးတော့ မှတ်ပုံတင်တွေထပ်ထားရပါတယ်။ မှတ်ပုံတင်တွေ ထပ်ထားပြီးတော့ တန်းစီတဲ့သူက ကိုယ့်အလှည့် ရောက်ပြီဆိုတော့  ကိုယ့်အလှည့်ရောက်လို့တံဆိပ်ခေါင်းကုန်တာနဲ့ ကြုံရင်ကြုံမယ်။ တကယ်လို့ တံဆိပ်ခေါင်းကုန်တာနဲ့ မကြုံဘူးဆိုလို့ရှိရင် ဘာတွေထပ်ပြရလဲဆိုလို့ရှိရင် အမှုသည် ကာယကံရှင် ကိုယ်တိုင်ကလာရမယ်။ တံဆိပ်ခေါင်းဝယ်တဲ့လူနှင့် အမှုသည်နဲ့ဘယ်လို သက်ဆိုင် သလဲဆိုတဲ့မေးခွန်း တွေထပ်မေးတာခံရမယ်။ လူစားဝယ်လို့မရဘူး။ နောက်ဘယ်လို စာရွက် စာတမ်းတွေ၊ အမှုနှင့်ပတ်သက်တဲ့စာချုပ်တွေ တင်ပြပါဆိုပြီးတော့ အထောက်အထားတွေ အမျိုးမျိုး တောင်းပါတယ်။ အဲ့တော့ အထောက်အထားမပါတဲ့လူကပြန် ကိုယ်တိုင်လာဝယ်နိုင်တဲ့လူမှ တံဆိပ်ခေါင်းရပါတယ်။ ဒါပေမယ့် အဲ့ဒီ ၁၀း၃၀ နာရီ လောက်မှာ ကံကောင်းလို့ အရောင်းခံရပါတယ်။ ကံမကောင်းလို့ရှိရင် တံဆိပ်ခေါင်းဝန်ထမ်းတွေက ၁၀း၀၀ နာရီ ကျော်လောက်မှာရုံးကို ရောက်လာ  ပါတယ်။ နောက်ပြီးတော့ အစုလိုက်အပြုံလိုက် ရုံးခန်းကိုသော့ခတ်ပြီးတော့ လက်ဖက်ရည်ဆိုင်   သွားထိုင်ကြပါတယ်။ အဲ့တော့ သူတို့ပြန်လာတဲ့အချိန်က ၁၁း၀၀ နာရီထိုးပါပြီ။ အဲ့တော့ ၀၉း၃၀ နာရီကစတန်းစီနေတဲ့လူတွေက ၁၁း၀၀ နာရီအထိကိုစောင့် ကိုယ့်အလှည့်လည်းကျရော ၁၂း၀၀ နာရီထိုးခါနီးမို့လို့ ထမင်းစားမှာမို့လို့ဆိုပြီးတော့ တံခါးကြီးကိုပြန်ပိတ်ပစ်လိုက်ပါတယ်။ အဲ့တော့ ၁၂း၀၀ နာရီထိုးတဲ့အချိန်မှာတော့ တာဝတိံသာက သိကြားမင်းကြီး နဂင်းကြီးနဲ့ဆင်းပြီးတော့ ဖွင့်ခိုင်းရင်တောင်ဖွင့်မှာမဟုတ်ပါဘူး။ ၁၂း၀၀ နာရီကနေ ခုနက ဝန်ကြီးပြောသလို ဘဏ်ပိတ်တဲ့  အချိန်မတိုင်ခင်ဆိုလို့ရှိရင် တော်တော်ကြီးစောင့်စားပြီးတော့ ခက်ခက်ခဲခဲအလွန်ကံထူးမှ တံဆိပ်ခေါင်းတွေ ဝယ်ခွင့်ရတာပါ။ အဲ့တော့ တံဆိပ်ခေါင်းရောင်းချတဲ့စနစ်၊ အချိန်ကာလလို့ ကျွန်မ   အသေအချာထည်‌့ပြီးတော့ မေးထားပါတယ်။ အဲ့တော့ ဒီဥစ္စာ၊ ဒီလိုဖြစ်နေတာကို ဝန်ကြီး အသစ်စက်စက်က မသိပေမယ့် အရင်ဝန်ထမ်းတွေ၊ တာဝန်ရှိတဲ့လူတွေက သိပြီးဖြစ်မှာပါ။ ကွင်းဆင်း လေ့လာကြည့်ဖို့ရန် လိုအပ်ပါကြောင်းဖြင့် မေးမြန်းပါသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်

ယခုလို အခက်အခဲတွေအတွက်ကို ကျွန်တော်တို့ဖြေရှင်းနိုင်အောင်က ရုံးခွန်တံဆိပ်ခေါင်းတွေကို ရာထူးအလျောက်ရောင်းချသူနှင့် လိုင်စင်အရတံဆိပ်ခေါင်း ရောင်းချသူတို့မှတစ်ပါး အခြားသူများ ရောင်းချခြင်း မရှိစေရဆိုတဲ့ ရုံးခွန်အက်ဥပဒေပုဒ်မ ၃၄၊ နည်းဥပဒေ ၂ မှာပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်းပဲ အစိုးရဌာနများအနေနဲ့တော့ လက်ရှိမှာတော့ရာထူးအလျောက်ရောင်းချသူပေါ့။ ဥပမာ  မြို့နယ်အခွန် ရုံးတွေမှာဆိုရင် မြို့နယ်အခွန်ဦးစီးအရာရှိကိုပဲ ရောင်းချခွင့်ပေးထားတာ ရှိပါတယ်။ လိုင်စင်ရတံဆိပ် ခေါင်းရောင်းချသူဆိုတာ လိုင်စင်ပေးပြီးတော့မှရောင်းချဖို့ကိစ္စကိုတော့ ဟိုးယခင်ကတည်းက အကောင်အထည်မပေါ်သေးတဲ့အတွက် ကျွန်တော်တို့က ဒါကိုလက်ရှိမှာတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ သို့သော်လည်းပဲ လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ အနေနဲ့ဆိုတာကလည်း သူရဲ့ကန့်သတ်ထားတဲ့၊ သတ်မှတ်ထားတဲ့နယ်မြေအတွင်း ရောင်းချရမှာဖြစ်ပြီးတော့ သူ့မှာလည်း ရှေးယခင်ကသတ်မှတ်တဲ့ ၅၀ ကျပ်တန်ထက်ပိုတဲ့ တံဆိပ်ခေါင်းကိုပဲရောင်းချခွင့်ရှိတာပေါ့လေ။ အဲ့ဒါ မျိုးလေးတွေရှိတဲ့အတွက် ကျွန်တော်တို့အပိုင်းကလည်း ဒါတွေခေတ်နှင့်လျော်ညီအောင်ပြင်ဆင်ဖို့တွေ ရယ်၊ နောက်လိုင်စင်ရတံဆိပ်ခေါင်းရောင်းချခွင့်ကို ပြန်လည်အသက်သွင်းဖို့ကိစ္စတွေကို စဉ်းစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်းလင်း ဖြေကြားပါသည်။