(ခ)-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လယ်သမားအမည်ပေါက်ငွေစုစာအုပ်အမည်ပြောင်းလဲခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၈.၈.၂၀၁၂)

 

ပထမမေးခွန်းအနေဖြင့် တကယ်လို့ အဲ့ဒီလိုမျိုးငွေကြေးတွေပေးပြီးတော့မှ အမည်ပြောင်းရတာတွေရှိနေတာ တကယ်ဟုတ်/မဟုတ်ဘယ်လို စုံစမ်းဖော်ထုတ်မလဲလို့ မေးခွန်း(၁)အနေနဲ့ မေးချင်ပါတယ်။ မေးခွန်း(၂)အနေနဲ့ကတော့ ငွေကြေးကောက်ခံမှုနှင့် ပတ်သက်ပြီးတော့မှ အမည်ပြောင်းခငွေကြေးများ ပေးနေရတယ်ဆို တာမှန်ကန်ကြောင်းဖော်ထုတ်သိရှိရလို့ရှိရင် မည်ကဲ့သို့အရေးယူဆောင်ရွက် မည်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ကျေးလက်နေတောင်သူလယ်သမားများ ငွေစုဆောင်း တတ်သည်‌့ အလေ့အကျင့်ရရှိစေရန်နှင့် ဘဏ်စနစ်နှင့်ရင်းနှီးကျွမ်းဝင်ပြီး ဘဏ်စနစ်ကျင့်သုံး တတ်စေရန်ရည်ရွယ်၍ ငွေစုဆောင်းခြင်းလုပ်ငန်းကို စည်းမျဉ်း၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက် ပေးခဲ့ပါတယ်။ အခြားနိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနည်းတူ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူ တောင်သူလယ်သမားတိုင်း စာရင်းဖွင့်လှစ်ခြင်း၊ မိမိနှင့်တွဲဖက်၍ အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် နှစ်ဦးပူးတွဲစာရင်း ဖွင့်လှစ်ခွင့်ပြုခြင်း၊ စာရင်းပိတ်သိမ်းလိုပါကစာရင်း ပိတ်သိမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မူလငွေစုစာရင်းဖွင့်လှစ်စဉ်က ဖွင့်လှစ်သူမှ မိသားစုအချင်းချင်းဖြစ်စေ၊ ကျေးရွာသူကျေးရွာသားများ အချင်းချင်းဖြစ်စေ၊ အမည်ပြောင်းလဲခွင့်မရှိပါ။ ၎င်းကိစ္စများအတွက် ငွေကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ကို သက်ဆိုင်ရာတာဝန်ရှိသူများက ကောက်ခံနေသည့်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ခွင့် မရှိသည့်အတွက် ၎င်းကဲ့သို့တောင်းခံသည့် မြို့နယ်ဘဏ်ခွဲအမည်နှင့် ဝန်ထမ်းများကိုတိတိကျကျ တိုင်ကြားလာပါက အဖြစ်မှန်အားစုံစမ်းဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။