ပဲခူး-သနပ်ပင်-သက္ကလ-ခရမ်း-သုံးခွ-သန်လျင်ကားလမ်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရထားလမ်းဖြစ်ပါ တယ်။ အဲဒီရထားလမ်းက သံလမ်းတွေကို သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းဖောက်တဲ့အခါမှာ ဂျပန် တွေက ချွတ်ယူပြီးတော့သွားတဲ့အတွက်ကြောင့် အဲဒီရထားလမ်းဟာ ကားလမ်း ဖြစ်ခဲ့ပါတယ်။ အဲဒီကားလမ်းဟာဆိုလို့ရှိရင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့အချိန်ထိ ပဲခူးက နေ သနပ်ပင် ကားနှစ်စီး ရှောင်လို့ရပါတယ်။ နောက်တစ်ခါ ခရမ်းကနေပြီးတော့ သန်လျင် ကားနှစ်စီး ရှောင်လို့ရပါတယ်။ ကြားထဲမှာ သနပ်ပင်ကနေပြီးတော့ ခရမ်းအထိ ၃၄ မိုင်က ကားနှစ်စီး ရှောင်လို့မရ ပါဘူး။ ကားတစ်စီး သွားနေလို့ရှိရင် နှစ်စီးရှောင်မယ်ဆိုရင် တစ်စီးကဘေးကို တအားချပြီးတော့ ရပ်ရတယ်။ ရပ်တဲ့အခါကျတော့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီကားလမ်းကို ကျွန်တော်တို့ နှစ်လမ်းရှောင်လို့ ရအောင်ချဲ့ပေးဖို့။ နောက်တစ်ခါ ကဝမြို့ဟာဆိုလို့ရှိရင် အဲဒီကားလမ်းရဲ့ အုန်းနှဲဆိုတဲ့ ရွာကနေပြီးတော့ ကဝကို ၈ မိုင်ဝင်ရပါတယ်။ အဲဒီ ၈ မိုင်ဝင်တဲ့လမ်းကလည်း အလားတူပဲ ကားနှစ်စီး ရှောင်လို့မရတဲ့ လမ်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီ ၃၄ မိုင်နဲ့ အုန်းနှဲကနေ ကဝကို ဝင်တဲ့ ၈ မိုင် လမ်း ၂ လမ်းကို ကားနှစ်စီး ရှောင်လို့ရအောင် တိုးချဲ့ပေးဖို့ တင်ပြအပ်ပါတယ်။ အဲဒီလို တိုးချဲ့ပေးတဲ့အခါမှာ ဘယ်တော့ လုပ်ပေးမယ်ဆိုတာကိုပါ မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင် လမ်းဟာ ၆၉ မိုင် ၂ ဖာလုံ ရှည်လျားပြီး ကတ္တရာလမ်းအမျိုးအစား ဖြစ်ပါတယ်။ အဲဒီလမ်းကို မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ B.O.T စနစ်နဲ့ ဆောင်ရွက်လျက်ရှိပြီးတော့ ပဲခူးတိုင်း ဒေသကြီးအပိုင်းမှာ ၃၀ မိုင် ၇ ဖာလုံ ပါဝင်ပြီး လမ်းအကျယ်အလိုက်တင်ပြရလျှင် ၁၂ ပေအကျယ် ကတ္တရာလမ်း ၂၂ မိုင် ၃ ဖာလုံ၊ ၂၂ ပေအကျယ်ကတ္တရာလမ်း ၆ မိုင် ၅ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၁ မိုင် ၇ဖာလုံ၊ စုစုပေါင်း ၃၀ မိုင် ၇ ဖာလုံ ဖြစ်ပါတယ်။ ပဲခူး-သနပ်ပင်- ခရမ်း-သုံးခွ-သန်လျင်လမ်းမှာ ပဲခူးတိုင်းအတွင်းမှာ ပဲခူး-သနပ်ပင်-သက္ကလအပိုင်းနှင့် ခရမ်း-သုံးခွ-သန်လျင်အပိုင်း မှာ ၁၂ ပေအကျယ် ကတ္တရာလမ်းအပါအဝင် ၁၈ ပေလမ်းအကျယ်ရရှိထားပြီး ဖြစ်ပါတယ်။ ကျန်ရှိတဲ့ သက္ကလ-ခရမ်းအပိုင်း ၁၀ မိုင် ၇ ဖာလုံမှာ လမ်းတာပေါင်ကျဉ်းပြီးတော့ တာပေါင်လည်းမြင့်တဲ့ အတွက် လမ်းအကျယ်ရရှိအောင် အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မက်စ်မြန်မာဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်လည်း အဆိုပါ လမ်းအပိုင်းကို တစ်နေ့ပျမ်းမျှယာဉ်စီး ရေ AATT တွက်ပြီးတော့ ဒီစာရင်းအရ တိုးချဲ့ဖို့မှာကြားထားပြီး ဖြစ်ပါတယ်။ တိုးချဲ့တဲ့အခါမှာလည်း လမ်းအကျယ်ကို ၂၄ ပေအထိ တိုးချဲ့မှသာလျှင် သူတို့အတွက်ကို B.O.T စံနှုန်းနဲ့ ကောက်ခံရရှိဖို့ ညွှန်ကြားထားတာဖြစ်တဲ့အတွက် မိုးကာလကုန်သွားတဲ့အခါမှာ မက်စ်မြန်မာကုမ္ပဏီအနေနဲ့ တာပေါင် ချဲ့တဲ့ မြေကြီးလုပ်ငန်းများကို စတင်ဆောင်ရွက်မှာဖြစ်ကြောင်း တင်ပြပါတယ်။ ဒုတိယလမ်းဖြစ်တဲ့ ကဝ-အုန်းနှဲလမ်းကိုတော့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ပဲခူးခရိုင်မှ တာဝန်ယူတည်ဆောက် ပြီးတော့ လမ်းအရှည် ၁၀ မိုင်ရှည်လျားပြီး လမ်းအကျယ်ကတော့ ၁၂ ပေအကျယ် ကတ္တရာလမ်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့တာတွေ ကတော့ သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၁၀ မိုင် ဆောင်ရွက်ခဲ့ပါတယ်။ လမ်းပေါက်ကြီးများကို လမ်းအနိမ့်၊ အမြင့် ညှိပြီးတော့ ရေပိတ်လွှာလောင်းခြင်းကို ၇ မိုင် ၃ ဖာလုံ ဆောင်ရွက်ခဲ့ပါတယ်။ ၂"-၄" ကျောက် နှင့် ၆"ထု၊ ၁"-၂" ကျောက် ၄၁/၂" ထုခင်းကြိတ်ခြင်းနှင့် ကတ္တရာခင်းခြင်းကို ၁ မိုင် ဆောင်ရွက်ခဲ့ပါ တယ်။ သစ်သားတံတားများ ပျက်စီးတာကို ကြမ်းခင်း၊ ဒက်ကီနဲ့ ဘီးနင်း၊ ကီးထရက်၊ လက်ရန်းများ ကိုလည်း ပြုပြင်ခြင်းလုပ်ငန်းကို ၅စင်း ဆောင်ရွက်ခဲ့ပါတယ်။ ကဝတံတားဟာ ၅၆၀ ပေရှည်တဲ့ ဘေလီတံတား ဖြစ်တဲ့အတွက် ဒီတံတားမပျက်စီးအောင်လည်း မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ ကဝ-အုန်းနှဲလမ်းမှာရှိတဲ့ လမ်းတာကျယ်နေတဲ့အပိုင်းကို ချန်ပြီးတော့ ကျဉ်းတဲ့အပိုင်းများကို သတ်မှတ်ထား တဲ့အတိုင်း ကားနှစ်စီးရှောင်တိမ်းနိုင်အောင် ချဲ့ထွင်တဲ့လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းပါသည်။
