ယခုအခါမှာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှာ ကျောင်းသား ကျောင်းသူများအတွက် ပြင်ပမှာ အဆောင်များ ငှားရမ်းနေထိုင်ရတဲ့ အတွက်ကြောင့် မိဘများမှာ ကျောင်းသား ကျောင်းသူများရဲ့ လူမှုဘဝ လုံခြုံရေး မရှိဘူးလို့ ခံစားနေရပါတယ်။ ပြင်ပအဆောင်တွေမှာ ကျောင်းသား ကျောင်းသူများအား စည်းကမ်း ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ကျောင်းသား ကျောင်းသူများအတွက် လူမှုရေး အန္တရာယ်၊ မူယစ်ဆေး အန္တရာယ ် ရှိသဖြင့် မိဘများ စိတ်ပူတာကြောင့် မဲဆန္ဒရှင်မိဘပြည်သူများမှ တင်ပြလာပါသဖြင့် နောက်ပိုင်းတွင် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများအတွက် စည်းကမ်းတကျ အဆင့် မီသော ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၆၃ ခုကို ဖွင့်လှစ်ပြီးတော့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၂၁၈၈၀ ပညာ သင်ကြားလျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနများမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် စုစုပေါင်း ၄၆ ခုရှိရာမှာ ယခု ပညာသင်နှစ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၇၀၉၁၂ ဦး၊ သင်ကြားပို့ချနေတဲ့ ဆရာ ဆရာမ စုစုပေါင်း ၁၉၀၆၀ ဦးနှင့် စီမံဝန်ထမ်း စုစုပေါင်း ၈၆၁၃ ဦး တို့ ရှိပါတယ်။ အဆင့်မြင့် ပညာသင်ကြားရေးဌာနများ မှာ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီးတော့ ပညာရည်ပြည့်ဝတဲ့ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေးကို အထူးအာရုံပြုဆောင်ရွက်လျက်ရှိပါတယ်။ တက္ကသိုလ်များမှာ သင်ကြားပို့ချလျက် ရှိတဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများမှာ ပညာသင်နှစ်ကာလကို ယခုပညာသင်နှစ်မှ စပြီးတော့ ၁ နှစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်တဲ့အတွက် တိုးတက်လာမည့်ကျောင်းသား ကျောင်းသူဦးရေနှင့် အညီ လိုအပ်တဲ့ကျောင်း၊ စာသင်ဆောင်တွေ၊ လက်တွေ့ခန်းတွေ၊ ဓာတ်ခွဲခန်းတွေ၊ Lab Equipment တွေနဲ့ အခြားခေတ်မီ ပညာရေးဆိုင်ရာ ကိစ္စများကို နိုင်ငံတော်ရဲ့ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှာ စာသင်ဆောင် တိုးချဲ့ ဆောက်လုပ်ခြင်း၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများနေထိုင်ရန် ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ခြင်းတို့ကို နှစ်စဉ် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါတယ်။ အခြေခံပညာ အထက်တန်းအဆင့်ပြီးဆုံးပြီးတော့ အဆင့်မြင့်ပညာကို သင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူများဟာ မိမိတို့ရဲ့ ဘဝတိုးတက်ရေးအတွက် တက္ကသိုလ်ပညာ များကို လေ့လာသင်ယူတဲ့နေရာမှာ အစိုးရကျောင်း ဆောင်တွင်ဖြစ်စေ၊ ပြင်ပပုဂ္ဂလိက ဘော်ဒါဆောင် တွင်ဖြစ်စေ နေထိုင်တဲ့နေရာမှာ မိမိတို့ရဲ့ အသက်အရွယ်၊ မိမိတို့ရဲ့ ပညာအရ ဆင်ခြင်တုံတရားကို အခြေခံပြီးတော့ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ နယ်ဝေးမှ လာရောက် ပညာသင်ကြားတဲ့ ကျောင်းသား ကျောင်းသူတွေဟာ မိမိတို့ တက္ကသိုလ်အနီးမှာရှိတဲ့ ဘော်ဒါဆောင်တွေမှာ နေထိုင်ကြရတဲ့အတွက် ဘော်ဒါဆောင် ပိုင်ရှင်တွေကို သက်ဆိုင်ရာ ပါမောက္ခချုပ်များက ခေါ်ယူတွေ့ဆုံပြီး တော့ ဘော်ဒါ ဆောင်တွေရဲ့ စည်းကမ်းထိန်းသိမ်းရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ သန့်ရှင်းရေးကိစ္စတွေကို ညှိနှိုင်းမှာကြားပါတယ်။ တစ်ဆက်တည်းမှာပဲ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်တဲ့ အဆောင် သာယာရေးကော်မတီများကို ဖွဲ့စည်းပေးပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာကြီး ဆရာမကြီးများဟာ အခါအားလျော်စွာ ဘော်ဒါဆောင်တွေကို သွားရောက် ပြီးတော့ စစ်ဆေးကြီးကြပ်ကြပ်မတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါ တယ်။ အခုအခါမှာတော့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှာ တိုးတက်လာတဲ့ကျောင်းသား ကျောင်းသူဦးရေအရ နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေပေါ် မူတည်ပြီးတော့ စာသင်ဆောင်များကိုသာ အဓိကဦးစားပေး ဆောက်လုပ်နေရသေးတဲ့အတွက် ကျောင်းဆောင် Hostels များ ဆောက်လုပ်ပေး ရန်ကိစ္စနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ အခက်အခဲ တွေရှိနေ ပါသေးတယ်။ ဒါကြောင့်မို့လို့ တက္ကသိုလ်အသီးသီးမှာ သင်ယူတက်ရောက်နေကြတဲ့ ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဆောင် Hostels များကို သင့်လျော်တဲ့ကာလတွင် ပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
