မေလနှင့် ဇွန်လမှာ တောင်သာမြို့နယ်ပြည်သူများနှင့်တွေ့ဆုံစဉ်မှာ ကျွန်တော်တို့ ဒီဒေသမှာရှိတဲ့ လယ်သမား များက ကျောဇီမြစ်ရေတင်မှာ ပျက်စီးသွားသော မြောင်းများကို ပြုပြင်ပေးဖို့အတွက် တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ပြင်းထန်စွာရွာတဲ့မိုးကြောင့် ကျောဇီမြစ်ရေတင်မြောင်းဟာ ပေတံအမှတ် ၆၀၀၀ ရယ်၊ ၆၂၅၀၊ ၆၉၀၀ တို့မှာ ပေ ၁၅၅၀ လောက်ပျက်စီးသွားပါတယ်။ အဲဒီပျက်စီးသွားတဲ့ နေရာအပြင် ၆ ပေ x ၅ပေ x ၆ပေ x ၆ပေစသည့်အားဖြင့် ရေခြံများ ၃ ခုလည်း ပျက်စီးသွားပါတယ်။ လယ်သမားများ အနေနဲ့က နွေစပါး ၇၇၈ ဧက စိုက်ထားပါတယ်။ ဒီဧကတွေအတွက် ရေရလို ရငြားဆိုပြီး တတ်နိုင်တဲ့နည်းလမ်းနဲ့ ဝါးကပ်များချခြင်း၊ သဲအိတ်များချခြင်းနဲ့ အခြားနည်းလမ်းများ အသုံးပြုပြီးတော့ ဆောင်ရွက်ထားပါတယ်။ သို့သော်လည်းပဲ လုံလောက်ခြင်းမရှိပါဘူး။ ရေစီးရေ လာ ကောင်းခြင်းလည်း မရှိပါဘူး။ ထိန်းသိမ်းနိုင်တဲ့အနေအထားလည်း မရှိပါဘူး။ နောက်မကြာမီ ဆိုရင်လည်းပဲ လျာထားသတ်မှတ်ပေးထားတဲ့ မိုးစပါး ဧက ၆၁၀၀ စိုက်ပျိုးဖို့ ရှိပါတယ်။ လာမည့် ဇူလိုင်လကုန်မှာ မြေများပြုပြင်ခြင်း၊ ပျိုးထောင်ခြင်းများ လုပ်တော့မှာဖြစ်တဲ့အတွက် ရေမြောင်းဟာ အမြန်ပြုပြင်ပေးဖို့ လိုအပ်နေတယ်လို့ တင်ပြကြပါတယ်။ ဒါကြောင့်မို့လို့ နွေစပါးအဆင်ပြေဖို့ အတွက်၊ မိုးစပါးများကို အချိန်မီပျိုးထောင်စိုက်ပျိုးမြေပြင်နိုင်ဖို့အတွက် ပျက်စီးသွားသော ရေမြောင်းကို ပြင်ဆင်ပေးဖို့လိုလားပါတယ်။ ရေအရင်းအမြစ်မှာလည်း လာရောက်ပြီးတော့မှ စစ်ဆေး ပြီးတော့မှ ပြုပြင်ပေးဖို့ သက်ဆိုင်ရာသို့ တင်ပြထားတယ်လို့ တင်ပြပါတယ်။ ဒါကြောင့်မို့လို့ ကျောဇီမြစ်ရေ တင်မှာ ပျက်စီးသွားသော နေရာကို အမြန်ပြုပြင်ပေးဖို့နဲ့ ပြုပြင်ပေးနိုင်မှု အခြေအနေများကိုသိလို၍ မေးမြန်းရခြင်းဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျောဇီမြစ်ရေတင်လုပ်ငန်းတွင် ၁၈-၄-၂၀၁၂ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံပြီး လက်တံ(၂)ဘယ်ပေတိုင် ၆၀၀၀၊ ၆၂၅၀၊ ၆၉၀၀ တို့ရှိ ၆ ပေ x ၅ပေ x ၆ပေ x ၆ပေ ရေကျ အဆောက်အဦ ၃ လုံး ပြိုကျခဲ့ပြီး မြောင်းအရှည် ၁၅၅၀ ပေ ရေတိုက်စား ခံခဲ့ရပါသည်။ ယခုအခါ မိုးစပါး၊ နွေစပါးများ အချိန်မီစိုက်ပျိုးနိုင်ရန် ပျက်စီးသွားသော အဆောက်အဦနှင့် ရေပေးမြောင်းများအား အရေးပေါ် ပြုပြင်ပေးရန်နှင့် ပြုပြင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေကို သိရှိ လိုပါကြောင်း မေးခွန်းနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တင်ပြ ရှင်းလင်း သွားမှာ ဖြစ်ပါတယ်။ ကျောဇီလျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ၆-၂-၂၀၀၀ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ၃၁-၃-၂၀၀၈ ရက်နေ့တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် နွေစပါး ၆၈၇ ဧကနှင့် အခြားသီးနှံ ၂၀၀ ဧက၊ စုစုပေါင်း ၈၈၇ ဧက ရေပေးဝေစဉ် ၁၈-၄-၂၀၁၂ ရက် နေ့နှင့် ၄-၅-၂၀၁၂ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်တံ(၂)ဘယ်မြောင်း ရေလျှံ ပြီး လက်တံ(၂)ဘယ် ပေတိုင် ၆၀၀၀၊ ၆၂၅၀၊ ၆၉၀၀ တို့ရှိ ၆ ပေ x ၅ပေ x ၆ပေ x ၆ပေ ရေကျ အဆောက်အဦ ၃ လုံး ပြိုကျခြင်း၊ မြောင်းအရှည် ၁၅၅၀ ပေ ရေတိုက်စားခံရခြင်းများ ဖြစ်ပေါ်ခဲ့ပါ သည်။ နွေသီးနှံရေပေးဝေမှု မထိခိုက်စေရန် ယာယီပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်၍ ရေပေးဝေ နိုင်ခဲ့ရာ သီးနှံပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်းနှင့် ၅-၇-၂၀၁၂ ရက်နေ့တွင် နွေစပါးရေပေးဝေမှုဟာ အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်။ နွေသီးနှံရေပေးဝေမှု ပြီးစီးသည် နှင့်တစ်ပြိုင်တည်း ပျက်စီးမှုအား စတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လက်တံ(၂)ဘယ်မြောင်းအရှည် ၁၅၅၀ ပေ ပြင်ဆင်ခြင်းလုပ်ငန်းခွင်သို့ ဌာနပိုင် ဘက်ဟိုး HY 10877 သည် ၆-၇-၂၀၁၂ ရက်နေ့တွင် ရောက်ရှိပြီး ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများနှင့် မြေကြီးလုပ်ငန်း ကျင်း ၄၅၀ အား ဆောင်ရွက်ပြီး ဖြစ်ပါသည်။ လက်တံ(၂) ဘယ်ရှိ ရေကျအဆောက်အဦ ၃ လုံး ပြင်ဆင်ရန် ပစ္စည်းအားလုံး စုဆောင်းထားရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို ၁၂-၇-၂၀၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြင်ဆင်မှု လုပ်ငန်းများအား မိုးသီးနှံရေပေးဝေမှု မစတင်မီ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လကုန်အပြီး ပြီးစီးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ ကျောဇီမြစ်ရေတင် လုပ်ငန်းမှ ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါး ၉၅၀ ဧကနှင့် အခြားသီးနှံ ၁၀၀၀ ဧက၊ စုစုပေါင်း ၁၉၅၀ ဧက အပြည့်အဝရေပေးနိုင်ရေးအတွက် လျာထားဆောင်ရွက် လျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။
