မာန်အောင်ကျွန်းဟာ အခြား မြို့နယ်များနဲ့လည်းကောင်း၊ ပြည်မနဲ့ လည်းကောင်း ကုန်းလမ်း၊ လေလမ်းများ ဆက်သွယ်မှုမရှိ၍ ရေကြောင်းလမ်းတစ်ခုကိုသာ အားကိုး အားထားပြုနေရပါတယ်။ မိုးဦးနဲ့မိုးကာလများ၌ လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်များကြောင့် မည်သည့်နေရာသို့မျှ မသွားရဲကြဘဲ တံခါးပိတ်ပြီးနေရတဲ့ အြခေအနေတွေ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများနဲ့ အဝေးသင်ပညာရေး ကျောင်းသူ ကျောင်းသားများမှာ ပြည်နယ်ရဲ့မြောက်ဖက်အစွန်းမှာရှိတဲ့ စစ်တွေမြို့ကို သွားကာကျောင်းတက်ရတဲ့ အတွက်ကြောင့် သွားရေးလာရေး မြန်ဆန်မှုမရှိတဲ့အပြင် လွယ်ကူမှုလည်း မရှိပါ။ ညအိပ်ပြီးတော့ သွားနေရပါတယ်။ ရန်ကုန်နဲ့ ကုန်ကျမှုစရိတ်ကလည်း မကွာခြားလှပါ။ အဲဒါကြောင့် မဖြစ်မနေ ရန်ကုန်သို့ သွားရောက်ပြီးတော့ ပညာသင်ကြားနေသူများလည်း မနည်းပါ။
သို့ပါ၍ ကျောက်ဖြူခရိုင်နဲ့ သံတွဲ ခရိုင်မြို့နယ်များမှ တက္ကသိုလ်ဝင် အောင်မြင်ပြီးသူ ကျောင်းသူကျောင်းသား များအတွက် ရခိုင်ပြည်နယ်၊ တောင်ဘက်ခြမ်းမြို့နယ်တစ်ခုခုတွင် ဝိဇ္ဇာသိပ္ပံ သို့မဟုတ် ကောလိပ်တစ်ခုခုဖွင့်လှစ် သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အကယ်၍သာ အထက်ပါ တက္ကသိုလ် သို့မဟုတ် ကောလိပ်တစ်ခုခုကို အချိန်ယူ၍ ဖွင့်လှစ်ပေးရန် ကြာနေဦးမည် ဆိုပါက ယခု လောလောဆယ်၌ အဝေးသင်တက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် တောင်ပိုင်းမြို့နယ် တစ်ခုခုတွင် အဝေးသင်တက္ကသိုလ် စာမေးပွဲ စာဖြေဌာနတစ်ခု ဖွင့်လှစ်ပေးမည့် အစီအစဉ် ပြုလုပ်ပေး နိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မာန်အောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်၏ မေးမြန်းချက်ဖြစ်သော ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း မြို့နယ်များအတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် သို့မဟုတ် ကောလိပ်တစ်ခု ဖွင့်လှစ်ပေးနိုင်ရေး အစီအစဉ် ရှိမရှိဆိုတဲ့ မေးမြန်းခြင်းနဲ့စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်၌ စစ်တွေတက္ကသိုလ်ကို လည်းကောင်း၊ ကျောက်ဖြူမြို့၌ ကျောက်ဖြူပညာရေး ကောလိပ်ကိုလည်းကောင်း တည်ထောင် ဖွင့်လှစ်ထားရှိပြီးဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်တွင် နောက်ထပ် တက္ကသိုလ် သို့မဟုတ် ကောလိပ် ထပ်မံဖွင့်လှစ်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါသည်။
ဒေါက်တာချမ်းငြိမ်း(ဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)
ဥက္ကဋ္ဌကြီး ကြိုတင် ခွင့်ပြုချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်၏ ပညာရေးကဏ္ဍနှင့် ပတ်သက်တဲ့ မေးခွန်းကို ဆက်လက်ဖြေကြားပါမယ်။ ဦးစိုင်းဘိုးအောင်၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်တဲ့ မေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ဖြေဆိုပြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်၏ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ စီးပွားရေးတက္ကသိုလ်ကျောင်းသူ ကျောင်းသား များသည် မုံရွာစီးပွားရေးတက္ကသိုလ်သို့ သွားရောက်သင်ကြား ရခြင်း၊ ဇုန်အလိုက်သတ်မှတ်ထားသည့် တက္ကသိုလ်၊ ကောလိပ်များတွင်သာ သွားရောက်ပညာသင်ကြားရသည့် ကန့်သတ်ချက်များကြောင့် လည်းကောင်း၊ နေထိုင်စားသောက်စရိတ်နှင့် ခရီးစရိတ် ဝန်ပိမှုကြောင့်လည်းကောင်း၊ အခြေခံ လူတန်းစားများ၏ သားသမီးများ အဆင့်မြင့်ပညာ ဆက်လက် သင်ကြားရေးတွင် အခက်အခဲများစွာ ကြုံတွေ့ရပါသဖြင့် ပညာရေး အဟောသိကံဖြစ်မှု များစွာရှိနေကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အားနည်းနေသည်ကို တွေ့ရှိရပါသည်။ အနာဂတ်ကာလအစိုးရက လူ့စွမ်းအား အရင်းအမြစ် တိုးတက်ဖော်ထုတ်နိုင်ရေးအတွက် အားနည်းချက်များကို မည်သို့ စီမံဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါသည်ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းဖြေကြားပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ စီးပွားရေးတက္ကသိုလ် ကျောင်းသူကျောင်းသားများသည် မုံရွာစီးပွားရေးတက္ကသိုလ်သို့ သွားရောက်ရခြင်းကိစ္စနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ်မတိုင်မီက စီးပွားရေး ပညာကို ရန်ကုန်စီးပွားရေးတက္ကသိုလ် တစ်ခုတွင်သာ တက်ရောက်သင်ကြားခွင့်ရရှိခဲ့ပြီး၊ တစ်ပြည်လုံး မှ ကျောင်းသားဦးရေ ၁၀၀၀ ခန့်သာ လက်ခံနိုင်ခဲ့ပါတယ်။ ယခုအခါ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်တို့ကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး၊ တစ်ပြည်လုံးမှာ ကျောင်းသားကျောင်းသူ ၆၄၀၀ အထိ တိုးမြှင့်သင်ကြားခွင့် ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်မို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး မှာ အားနည်းနေသည်ဆိုတာ လုံးဝမဟုတ်ပါဘူး။ တက်ရောက်ရသည့် စီးပွားရေးတက္ကသိုလ်များ သတ်မှတ်ရာတွင် နယ်မြေဒေသအခြေအနေအရ သွားလာမှုအဆင်ပြေဆုံး၊ ကုန်ကျစရိတ် အနည်းဆုံး ဖြစ်စေမှုကို အခြေခံ၍သတ်မှတ်ခြင်း ဖြစ်ပါတယ်။ အခြေခံလူတန်းစားများ၏ သားသမီးများအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအားနည်းနေခြင်း မဖြစ်ပေါ်စေဘဲ ဒေသအလိုက် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေသဖြင့် ပညာရေးအဟောသိကံဖြစ်မှု လုံးဝမရှိပါကြောင်းနှင့် ဒေသ အားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသအတွင်းရှိ ကျောင်းသားကျောင်းသူများအားလုံး တက္ကသိုလ် ပညာကို မိမိဒေသ သို့မဟုတ် မိမိဒေသနှင့် အနီးစပ်ဆုံးတွင် ပညာသင်ယူခွင့်ရရှိရန် စီစဉ် ဆောင်ရွက်ထားခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
