ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းမှာ မြို့နဲ့ ၁၈ မိုင် ကွာဝေးတဲ့ ရွှေလီမြစ်ပေါ်မှာ ၁၀၅၀ မဂ္ဂါဝပ်ရှိတဲ့ ရွှေလီ(၃)ရေအားလျှပ်စစ် စီမံကိန်းကို အကောင် အထည်ဖော်နေသည်မှာ ၂.၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ အဆိုပါစီမံကိန်းမှာ အသုံးပြုရန် အတွက် လျှပ်စစ်ဓာတ်အားကို မန္တလေးဆည်တော်ကြီးမှ တစ်ဆင့် မိုးကုတ်ဓာတ်အားခွဲရုံ၊ မိုးကုတ် ဓာတ်အားခွဲရုံမှတစ်ဆင့် မိုးမိတ်မြို့နယ်သို့ ဖြတ်သန်းအသုံးပြုမည်လို့ သိရပါတယ်။ သို့ပါ၍ ရွှေလီ(၃)ရေအားလျှပ်စစ် စီမံကိန်းအတွက် မိုးကုတ်လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ် ဓာတ်အားကြိုး များသွယ်တန်းသည့်အခါ မိုးမိတ်မြို့အား ဖြတ်သန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော် မေးလိုတဲ့ မေးခွန်းများကတော့ အဆိုပါ လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိနှင့် မည်သည့် အချိန်တွင် ပြုလုပ်ဆောင်ရွက်မည်ကို သိလိုပါတယ်။ နောက် လျှပ်စစ်ဓာတ်အားသွယ်တန်း ပြီးပါက မိုးမိတ်မြို့နယ်အား လျှပ်စစ်ဓာတ်အား သွယ်တန်းပေးနိုင်ပါမည်လား။ မျှဝေပေးနိုင်မည် ဆိုပါက မည်ကဲ့သို့ပြုလုပ် ဆောင်ရွက်ပေးမည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဦးကျော်မြင့်(ခ)ဦးဖိုးတုတ်ရဲ့ မေးခွန်းမှာဖော်ပြထားတဲ့ ရွှေလီ(၃)လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီးတော့ လောလောဆယ်အစီအစဉ်မှာ ကြာမြင့်မှာဖြစ်တဲ့ အတွက်ကြောင့် ယခင် ကျွန်တော်တင်ပြခဲ့တဲ့ မဘိမ်းမြို့ကို ဓာတ်အားပေးတဲ့ အစီအစဉ်နဲ့ ဆက်နွယ် ပြီးတော့ အခြေအနေများကို ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ဟာ မိုးကုတ်မြို့မှ ၂၈ မိုင် ဝေးပြီးတော့ မီးသုံးသူ ၅၉၇ ဦးရှိပါတယ်။ ၁၅၀ ကေဗွီမီးစက်နှစ်လုံးနဲ့ တစ်လလျှင်ဒီဇယ်ဂါလံ ၆၆၀ အကုန်အကျခံပြီး နေ့စဉ် ၂ နာရီ ၅၀ မိနစ် ဓာတ်အားပေးလျက် ရှိပါတယ်။ မိုးမိတ်မြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရန်အတွက် ပထမအဆင့် လက်ပံလှခွဲရုံကို အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်း ၅၂ မိုင်တည်ဆောက်ခြင်းနဲ့ လုပ်ငန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ရန်လျာထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာငွေခွဲဝေမှုအပေါ် မူတည် ပြီးတော့ လုပ်ငန်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အထက်ကတင်ပြခဲ့တဲ့ ပထမအဆင့် လုပ်ငန်း များဆောင်ရွက်ပြီးလို့ရှိရင် မိုးကုတ်မြို့ကိုဓာတ်အား ရောက်ရှိပြီးပါက မိုးမိတ်မြို့ကို ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန် ဒုတိယအဆင့်အနေဖြင့် မိုးကုတ်မှ မိုးမိတ်မြို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၂၈ မိုင်၊ မိုးမိတ်မှာ ၆၆/၃ အမ်ပီအေ ခွဲရုံတစ်ရုံတည်ဆောက်ရမှာဖြစ်တဲ့အတွက် ယင်းတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းများ လျာထားတာဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာငွေ ခွဲဝေပေးမှုအပေါ်မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
