(က)-ရခိုင်ပြည်နယ်တွင် စက်မှု လုပ်ငန်း သင်တန်းကျောင်းတစ်ခု တည်ဆောက်ဖွင့်လှစ်ပေးရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒသမနေ့ (၁၅-၃-၂၀၁၁)

ကျောက်ဖြူမြို့နယ်မှာ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် လောလောဆယ် တည်ဆောက်နေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းစသည့် စက်မှုလုပ်ငန်းကြီးများ ပေါ်ပေါက်လာပြီဖြစ်သဖြင့် လွန်စွာပင် ဝမ်းသာပီတိ ဖြစ်မိပါတယ်ခင်ဗျား။ ဖော်ပြပါ လုပ်ငန်းကြီးများ တည်ဆောက်ရေးနဲ့ ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကျွမ်းကျင်လုပ်သားများ မြောက်များစွာ လိုအပ် လာပြီဖြစ်ပါတယ်။

          အထက်ပါ စက်မှုလုပ်ငန်းကြီးများအတွက် ကျောက်ဖြူခရိုင် အတွင်းရှိ မြို့နယ်များနဲ့ နီးစပ်ရာ မြို့နယ်များမှ လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန်နဲ့ ဒေသခံလူငယ်များလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်တို့အတွက် ကျောက်ဖြူမြို့နယ်တွင် စက်မှုလုပ်ငန်း သင်တန်းကျောင်းတစ်ခု မဖြစ်မနေ လိုအပ်လာပြီ ဖြစ်ပါတယ်ခင်ဗျား။ ၎င်းစီမံကိန်းများတွင် အဓိက သင်ကြားပေးရမယ့် သံဂဟေဆက် ဝရိန်လုပ်ငန်းပညာရပ်၊ သံချည်သံကွေး၊ သံပိုက်ဆက်ပညာရပ်နဲ့ လျှပ်စစ်ပညာရပ်များ စသည်တို့ကို သင်တန်းကာလ ခြောက်လ သို့မဟုတ် တစ်နှစ်အတွင်း စာတွေ့၊ လက်တွေ့ သင်ကြားပြီး၊ သင်တန်းဆင်း အောင်လက်မှတ်များဖြင့် အလုပ်လုပ်ကိုင်နိုင်ကြရေးအတွက် ကျောက်ဖြူ မြို့နယ်အတွင်း စက်မှုသင်တန်းကျောင်းတစ်ခု တည်ဆောက်ဖွင့် လှစ်ပေးရန် အစီအစဉ်   ရှိ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီး ဦးသောင်း
အဖြေ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့်စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် များစွာ လိုအပ်သည့် ကျွမ်းကျင်လုပ်သား (Skilled Labour)မွေးထုတ်ပေးနိုင်ရေးအတွက် အစိုးရနည်းပညာ အထက်တန်း ကျောင်းများတည်ဆောက်ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်း (စစ်တွေ)အား ဖွင့်လှစ်ထား ရှိပြီးဖြစ်ပါတယ်။ အဆိုပါ အစိုးရနည်းပညာ အထက်တန်းကျောင်း(စစ်တွေ)တွင် အဆောက်အဦ တည်ဆောက်ရေး အတတ်ပညာ၊ အဆောက်အဦသုံး ပစ္စည်းများပြင်ဆင်ခြင်း အတတ်ပညာ၊ လျှပ်စစ် ဆက်သွယ်မှုဆိုင်ရာ အတတ်ပညာ၊ စက်မှုပုံစံပြု အတတ်ပညာ၊ စက်မှုပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း အတတ်ပညာ၊ လျှပ်စစ်စွမ်းအားဆိုင်ရာ အတတ်ပညာ စသည့်  ဘာသာရပ် ‌ြခောက်ခုအား ဖွင့်လှစ် သင်ကြားလျက်ရှိပြီး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၁ ဦး တက်ရောက် သင်ကြားလျက် ရှိပါ တယ်။ အဆိုပါ ကျောင်းသူ၊ ကျောင်းသားများသည် သက်ဆိုင်ရာ သင်တန်းများတွင် အောင်မြင် ပြီးမြောက်ပါက မိမိတို့ သင်ယူခဲ့သည့် အတတ်ပညာများနှင့် ဆက်စပ်သည့် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ပစ္စည်း ကိရိယာများ၊ ထုတ်လုပ်မည့် စက်မှု လုပ်ငန်းကြီးများတွင် ကျွမ်းကျင်လုပ်သားများအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ကြမည်ဖြစ်ပါတယ်။ ဒီအစိုးရ နည်းပညာ အထက်တန်းကျောင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့သူများ၊ ဥပမာ ဘာသာစုံ အောင်မှတ် ၇၅% အထက် ရရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(Government Technical Institute)၊ အစိုးရ နည်းပညာ ကောလိပ်(Government Technical College)နှင်‌့ နည်းပညာ တက္ကသိုလ် (Technological University ) များတွင် ပထမနှစ်မှ စတင်တက်ရောက် သင်ကြားနိုင် သော အခွင့် အလမ်းများ ပေးထားပါသည်။ အစိုးရ နည်းပညာအထက်တန်းကျောင်းမှ နှစ် နှစ် သင်ယူ အောင်မြင်သူ များသည် လုပ်ငန်းခွင် သို့ ဝင်ရောက်နိုင်ပြီး၊ အဆင့်မြင့် ဒီပလိုမာ သင်တန်းများ တက်ရောက်ရန် ဆန္ဒရှိ သူများအတွက်လည်း သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။