(ဂ)-မန္တလေး-ဗန်းမော် မော်တော် ကားလမ်းကို ပြုပြင်မွမ်းမံထိန်းသိမ်းပေးခြင်းနှင့် အဆင့်မြှင့်တင် ပေးခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၆-၃-၂၀၁၁)

ယခုအချိန်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် လမ်းပန်းဆက်သွယ်ရေး အခန်းကဏ္ဍ၌ ယခင်ကာလများနှင့်မတူ ချောမွေ့သွားလာနိုင်အောင် စီစဉ် ဆောင်ရွက်ပေးသွား သည့်အတွက် အများပြည်သူများ၏ စီးပွားရေး ၊ လူမှုရေး၊ ကျန်းမာရေး ၊ ပညာရေးစသည့် ကိစ္စအ၀၀တွင် အဆင်ပြေမှု ၊ တိုးတက်မှုများရှိ၍ အများပြည်သူများဟာ နိုင်ငံတော် အစိုးရ ကို ကျေးဇူးတင်မဆုံး ရှိနေခဲ့ရပါတယ်။  ကျွန်တော်တို့ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီး အကြားမှာ လည်းပဲ  မန္တလေး-ဗန်းမော် ကားလမ်းမကြီးကို ဖောက်လုပ်ပေးခဲ့သည့်အတွက် ကျွန်တော် တို့ မံစီမြို့နယ်အပါအဝင် ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများရဲ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်လာပြီး နိုင်ငံတော်ကို ကျေးဇူးတင်မဆုံးဖြစ်ကြရသည့်အပြင် မန္တလေး-ဗန်းမော် ကားလမ်း မကြီးဟာ ဖောက်လုပ်စဉ်ကာလက ကောင်းမွန်ခဲ့သော်လည်း ယခုအချိန်မှာ နေရာတော်တော် များများဟာ ပျက်စီးယိုယွင်းလျက်ရှိတဲ့အတွက်ကြောင့်မို့လို့ ခရီးသွားပြည်သူများ အတိဒုက္ခရောက်ကြ ပါတယ်။ ဒါကြောင့်မို့ မန္တလေး-ဗန်းမော်ကားလမ်းမကြီးကို အများပြည်သူများ ပြန်လည်ချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ပြုပြင်မွမ်းမံပေးခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို မည်သို့ မည်ပုံ ဆက်လက်ဆောင်ရွက်သွားမှာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေး-ဗန်းမော် - မြစ်ကြီးနား လမ်းလို့ ဆိုတဲ့အချိန်မှာ မန္တလေး-ဗန်းမော် - မြစ်ကြီးနားလမ်း ဟာ နှစ်လမ်း ရှိပါတယ် ။ ဒါပေမယ်‌့ နှစ်လမ်းလုံး ကျွန်တော့်အနေနဲ့ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ ဒီလမ်း နှစ်လမ်းမှာ မူလ လမ်းကြောင်းကတော့ မန္တလေး- လားရှိုး- ဗန်းမော် - မြစ်ကြီးနားလမ်း ဖြစ်ပါတယ်။ ဒါဟာ မန္တလေး-ဗန်းမော်လမ်း ဆိုပြီးတော့ မူလ လမ်းရှိပါတယ်။ နောက်အသစ် ဖောက်လုပ် တာကတော့ မန္တလေး - သပိတ်ကျင်း-တကောင်း - ဗန်းမော်- မြစ်ကြီးနားလမ်းတို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပထမ လမ်းဖြစ်တဲ့ မန္တလေး- လားရှိုး- ဗန်းမော် လမ်းပိုင်း ကြည့်မယ်ဆိုရင် မိုင်အားဖြင့် ၃၇၀ မိုင် ရှည်လျားပြီး အေးရှားဝေါကုမ္ပဏီရယ်၊ ရွှေမိုးသွန်းအောင် တိုင်းရင်းသား ကုမ္ပဏီ နှစ်ခုတို့ကနေပြီး B.O.T စနစ်နဲ့ ဆောင်ရွက်နေသော လမ်းပိုင်းပဲ ဖြစ်ပါတယ်။ အေးရှားဝေါ ကုမ္ပဏီမှ မန္တ‌လေးကနေ နမ့်ခမ်း ပိုင်းအထိ ၂၄ ပေ အကျယ် ကတ္တရာလမ်းသစ်အဖြစ် ၃၁၀ မိုင် ဆောင်ရွက်နေပြီး နမ့်ခမ်းမှ ဗန်းမော်ပိုင်းကို ရွှေမိုးသွန်းအောင် ကုမ္ပဏီမှ ၆၀ မိုင်ကို တာဝန်ယူကာ  ချောမွေ့စွာ သွားလာနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလမ်းရဲ့ လမ်းအမျိုးအစားအလိုက် ဖော်ပြရမယ်ဆိုရင် ကတ္တရာလမ်းဟာ ၃၂၅ မိုင်နဲ့ ၄ ဖာလုံ ၊ ကျောက်လမ်းက ၇ မိုင် ၊ အမာခံလမ်းက ၃၇ မိုင် ၄ ဖာလုံ ၊ စုစုပေါင်း ၃၇၀ မိုင် ဖြစ်ပါတယ်။ ဒီပထမလမ်းကတော့ မူလရှိတဲ့လမ်းဖြစ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဒုတိယလမ်း ကို တင်ပြသွားမှာဖြစ်ပါတယ်။ ၎င်းကတော့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အသစ်ဖောက်လုပ်ထားတဲ့ မန္တလေး - သပိတ်ကျင်း-တကောင်း - ဗန်းမော်လမ်း ဖြစ်ပြီး ၂၇၇ မိုင် ရှည်လျားပါတယ်။ ၎င်းလမ်းဟာ သပိတ်ကျင်းမှ တကောင်း - ငါးအိုး - ဥဒေါင်းတောင် - စင်းခန်း - ဟန်ထက် ထိ ဖောက်လုပ်ထားပြီး ၊ ဟန်ထက်မှ ဗန်းမော်သို့ ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းဟာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ကို ဆက်သွယ်ထားခြင်းဖြစ်ပြီး ၊ ၂၀၀၀ ပြည့်နှစ်၊ မေလ ၁၁ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့တဲ့လမ်းပဲ ဖြစ်ပါတယ်။ သတ်မှတ်လမ်းလွှာ ပုံစံအရ စနစ်တကျ တည်ဆောက်ခဲ့တဲ့ ကျောက်ချောလမ်းအဖြစ်သာ ဖြစ်ပါတယ်။ ဒါကို  လမ်းအမျိုးအစားအလိုက် ရှင်းလင်းတင်ပြရရင် ကတ္တရာလမ်းက ၂၅ မိုင်နဲ့ ၅ ဖာလုံ  ၊ ကျောက်ချောလမ်း ၁၆၇ မိုင်နဲ့ ၇ ဖာလုံ၊ စုစုပေါင်း ၁၉၃ မိုင် ၄ ဖာလုံ ဖြစ်ပါတယ်။ ဒီလမ်းဖောက်လုပ်ခြင်းနဲ့အတူ တံတားကြီးငယ်ပေါင်း ၃၉၇ စင်း တည်ဆောက် ပေးခဲ့ရပါတယ်။ ပေ ၁၈၀ အထက် တံတားများအနက် စင်းခန်းတံတား ၄၆၀ ပေ အရှည်ဖြစ်ပြီးတော့  နှစ်လမ်းသွား သံကူကွန်ကရစ် ကြမ်းခင်းတံတား ဖြစ်ပါတယ်။ ရွှေလီတံတား (ငါးအိုး) ၂၃၃၀ ပေ အရှည်ရှိပြီးတော့ နှစ်လမ်းသွား သံကူကွန်ကရစ်ယက်မ ကြမ်းခင်းဖြစ်ပြီး တည်ဆောက်ပေးခဲ့တဲ့ တံတားဖြစ်ပါတယ်။

လမ်းသားအဆင့်မြှင့်တင်နိုင်ရန်အတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသား ကုမ္ပဏီ ၅ ခုအား B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် ၄-၁၁-၂၀၀၉ မှာ တာဝန်ပေးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ သန္တိသစ္စာကုမ္ပဏီက ၄၂ မိုင်ဖြစ်ပါတယ်။ ဆုထူးပန်ကုမ္ပဏီက ၃၁ မိုင် ၊ ၁ ဖာလုံဖြစ်ပါတယ်။ လှမြတ်တော်ဝင် ကုမ္ပဏီက ၆၃ မိုင်ဖြစ်ပါတယ်။ ဂရိတ်‌ဝေါလ်ကုမ္ပဏီက ၅၉ မိုင်၊ ၆ဖာလုံဖြစ်ပါတယ်။ ရွှေမိုးသွန်းအောင်ကုမ္ပဏီက ၆၃ မိုင် ၆ ဖာလုံဖြစ်ပါတယ်။ သန္တိသစ္စာကုမ္ပဏီကတော့ ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းကို ၂၈ မိုင် ဆောင်ရွက်ပြီး ဆုထူးပန်ကုမ္ပဏီကတော့ ၁၈ မိုင်ကို ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ လှမြတ်တော်ဝင် ကုမ္ပဏီ၊ ဂရိတ်‌ဝေါလ်ကုမ္ပဏီ၊ ရွှေမိုးသွန်းအောင် ကုမ္ပဏီတို့ကတော့ လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ကိုလည်း  ဆောင်ရွက်ဆဲဖြစ်ပါတယ်။ 

ဆက်လက်ပြီး တင်ပြလိုတာကတော့ ကသာ- စင်းခန်းလမ်း ဖြစ်ပါတယ်။ စင်းခန်းတံတား ကနေ သွားမှာ ဖြစ်ပါတယ်။ ဗန်းမော်မြို့ စင်းခန်းကနေ တစ်ဆင့် ဧရာဝတီမြစ်ကို ကူးလို့ရအောင် ရထားလမ်း နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ရထားလမ်း ပူးတွဲပါဝင်တဲ့ စင်းခန်းတံတားဟာ  ၄၆၃၀ ပေ ရှိပြီး၊      ၄၈ ပေ အကျယ်ကို ၇-၅-၂၀၀၉ ရက် နေ့မှစ၍ တည်ဆောက်နေပါတယ်။ အဆိုပါတံတားဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိသော ယခုတင်ပြခဲ့တဲ့ မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနား လမ်းနဲ့ အတူ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိနေမယ့် မန္တလေး - ရွှေဘို - မြစ်ကြီးနားလမ်းနဲ့ ချိတ်ဆက်ပေးမယ့် အဓိကကျတဲ့ လမ်းတံတားကြီးတွေ ဖြစ်ပါတယ်။ တည်ဆောက်ပြီးလို့ရှိရင် ဒေသရဲ့ကုန်စည်တွေ ကူးသန်းဖို့ လွယ်ကူချောမွေ့မှာ ဖြစ်ပါတယ်။ ဒေသတိုးတက်မှုများစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကသာ- စင်းခန်းကားလမ်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက် လျက်ရှိပါတယ်။ ကသာ-စင်းခန်းကားလမ်းဟာ ၆၅ မိုင်ရှိပြီး တိုင်းရင်းသားကုမ္ပဏီ ၁၃ ဖွဲ့နဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့တို့က ဆောင်ရွက်တာ ဖြစ်ပါတယ်။

လမ်းလုပ်ငန်းပိုင်းနဲ့ ပတ်သက်လို့ ကုမ္ပဏီ ၁၃ ဖွဲ့နဲ့ ဆောင်ရွက်တဲ့နေရာမှာ ၄၀ ပေ အကျယ် ‌ြမေသားလမ်း တာဘောင်တင်ခြင်းကတော့ ၆၅ မိုင် ပြီးပါပြီ။ ကျောက်လမ်း ၁၈ မိုင် ၅ ဖာလုံ ပြီးပါပြီ။ ကျန်အပိုင်းများကို ဆက်လက်လုပ်နေပြီးတော့ ကတ္တရာလမ်းကတော့ ၄ မိုင် ၄ ဖာလုံ ဆောင်ရွက်ပြီး ဆက်လက် လုပ်လျက်ရှိပါတယ်။

ရေပြွန်တံတားလုပ်ငန်းများ၊ သံကူကွန်ကရစ်ရေပြွန် ၂၄၅ စင်း တည်ဆောက်ရန်လျာထားပြီး၊  ၎င်းအနက် ၁၈၆ စင်း တည်ဆောက်ပြီးစီး၍ ဆက်လက်ဆောင်ရွက်နေပါတယ်။ သံကူကွန်ကရစ် တံတားဟာလည်း ၅၀ ပေ အောက်တံတား ၂ စင်း၊ ၁၀၀ ပေအောက် တံတား ၄ စင်း ၊ ၁၀၀ ပေ နှင့်အထက် ၁၈၀ ပေ အောက်တံတား ၄ စင်း၊ စုစုပေါင်း ၁၀ စင်း လျာထား တည်ဆောက်လျက် ရှိပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တိုင်း‌ဒေသကြီးများနဲ့ ပြည်နယ်များအတွင်းမှာ  အဓိကဆက်သွယ်ရေး လမ်းမကြီးများ တိုးတက်ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို အထူးစီမံချက်ချ ဆောင်ရွက်သလို ဒေသခံပြည်သူများကလည်း မိမိပိုင် လမ်းကဲ့သို့ ခံယူပြီး တန်ပိုယာဉ်များ ဖြတ်သန်းခြင်း မရှိအောင် ဝိုင်းဝန်းထိန်းသိမ်းခြင်းအားဖြင့် လမ်းများ အသုံးပြုသူများမှလည်း သတ်မှတ်စည်းကမ်းများ လိုက်နာမယ်ဆိုရင် လမ်း/တံတားများ သက်တမ်း ပြည့် တည်တံ့နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။