ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်မြေဖြစ်တဲ့ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာမှာ နိုင်ငံတော်က ဆည်ကြီးတစ်ခုကို တည်ဆောက်လျက်ရှိပါတယ်။ မြို့ကြီးဆည်ပြီးစီးပါက ထွက်ရှိလာတဲ့ လျှပ်စစ် ဓာတ်အားထဲမှ တချို့ဓါတ်အားကို ဖွံ့ဖြိုးမှု အလွန်တရာနည်းနေသေးတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနယ်မြေကို ဖြန့်ဝေပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်မရှိပါက ဓနုဒေသအတွက် မြို့ကြီး ဆည်မှ ဘယ်လိုအကျိုးခံစားခွင့်များ ရရှိနိုင်မယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာမှာရှိတဲ့ မြို့ကြီးဆည်ဟာ ၁၅ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်တဲ့ စက်(၂)လုံး တပ်ဆင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း ၃၀ မဂ္ဂါဝပ်ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီစက်(၂)လုံးကနေ ပြီးတော့ လျှပ်စစ်ဓာတ်အားကို ၃၃ ကေဗွီဗို့အားနဲ့ ထုတ်မှာဖြစ်ပါတယ်။ မြို့ကြီးဆည်ကနေ လျှပ်စစ်ဓာတ်အားကို ထုတ်လာပြီး မြို့ကြီးဆည်စက်ရုံကနေပြီးတော့ တောင်တော်ကွင်း ပင်မဓာတ်အားခွဲရုံ၊ အင်းကုန်း ပင်မဓာတ်အားခွဲရုံကို ပို့လွှတ်ပြီးတော့ နိုင်ငံတော်ဓာတ်အားစနစ် National Power Grid နဲ့ ချိတ်ဆက်ပြီးပေးသွားမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ဓနုဒေသရှိ မြို့နှစ်မြို့ဖြစ်တဲ့ ပင်းတယမြို့နဲ့ ရွာငံမြို့ကို နိုင်ငံတော်ဓာတ်အား စနစ်ကနေပြီး ဓာတ်အားပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဓနုဒေသ မြို့ဖြစ်တဲ့ ပင်းတယမြို့ ပတ်ဝန်းကျင်မှာ ကျေးရွာ ၆ ရွာကိုလည်း Transformer ၁၀ လုံးနဲ့ နိုင်ငံတော် ဓာတ်အားစနစ်ကနေပြီး ဓာတ်အားပေးထားပြီး ဖြစ်ပါတယ်။ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အား ပမာဏကတော့ 800KW ရှိပါတယ်။ဒါ့အပြင် ရွာငံမြို့ကိုလည်း ကျွန်တော်တို့ နိုင်ငံတော် ဓာတ်အား စနစ်က ပေးထားပြီးအပြင် ၎င်းပတ်ဝန်းကျင် ကျေးရွာ ၂ ရွာကိုလည်း ရွာငံမြို့ပေါ်မှာရှိတဲ့ Transformer ၂ လုံးနဲ့ ဆက်သွယ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ကနေ မီးပေးထားပြီးဖြစ်ပါတယ်။ သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အား ပမာဏ ကတော့ 300KW လောက်ရှိပါတယ်။ ဒါကြောင့်မို့ ဓနုဒေသကြီးမှာ အခုလို ကိုယ်စားလှယ် တော်ကြီး တင်ပြမေးမြန်းမှု မပြုခင်ကပင် နိုင်ငံတော်ဓာတ်အားစနစ်ကနေပြီးတော့ ဓာတ်အားသုံးနေပြီ ဖြစ် ကြောင်း ရှင်းလင်းပြောကြားလိုပါတယ်။ ယခုလို ဖြေကြားရတဲ့အချက်ကို ကိုယ်စားလှယ်ကြီး အနေနဲ့ နှစ်သိမ့်ကျေနပ်မယ်လို့မျှော်လင့်ရင်းနဲ့ ပထမမေးခွန်းကို နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
