(စ)-ပိတ်ဆို့တားဆီးမှုများ အပေါ်မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁-၃-၂၀၁၁)

မန္တလေးမှ တရုတ်ပြည်နယ်စပ် မူဆယ်မြို့သို့ သွားသောလမ်းမကြီးတွင် စစ်ဆေးရေး     ဂိတ်ကြီး  ၃ ခု ရှိသည့်အနက် မန္တလေးနှင့် ပြင်ဦးလွင်အကြားရှိ ၁၆ မိုင်ယာဉ် စစ်ဆေးရေးဂိတ်သည် တရုတ်ပြည်နယ်စပ်သို့ တင်ပို့မည့် ကုန်စည်တင်ကားများကို သာမက၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သာသွားရောက်မည့် ကုန်စည်တင်ကားများကိုလည်း ဆန်၊ ပဲ၊ ဂျုံ၊ ဆီ စသည့် ကုန်စည်များကို သယ်ဆောင်မသွားနိုင်စေရန် တားဆီးပိတ်ဆို့မှုများရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာရှမ်းပြည်နယ်

(မြောက်ပိုင်း)တွင်နေထိုင်သော ပြည်သူများက ထိုဂိတ်မှပင် မှောင်ခို ဖြတ်သန်းလာသော ပြည်တွင်း ထွက်စားသောက်ကုန်များကို ဈေးကြီးစွာ ပေးဝယ်စားရခြင်းသာ အဖတ်တင်ပါသည်။

ထို့ပြင် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများမှ စိုက်ပျိုး ထုတ်လုပ်သူ များမှာ မိမိတို့ထုတ်လုပ်သည့်ပစ္စည်းများ တင်ပို့ရောင်းချရာ ဈေးကွက်တစ်ခုကို ပိတ်ဆို့ထားသလို ဖြစ်သွားသဖြင့် ဈေးကောင်းမရနိုင်တော့ပါ။ထိုနည်းတူစွာပင် လားရှိုးနှင့်သီပေါကြားတွင်ရှိ Tollgateမှ နေ၍ ကြက်ပေါက်များ၊ အသားစားကြက်နှင့်ဥကုန်ကြက်မများ  ဖြတ်သန်းသွားလာ ခွင့်ကို ပိတ်ပင် တားဆီးခဲ့သည်မှာကြာပါပြီ။ ထိုလုပ်ရပ်ကြောင့် လားရှိုးမြို့ရှိ စားသုံးသူများ ကြက်သားကို ဈေးကြီး ပေးဝယ်စားရသဖြင့် လားရှိုးဒေသတွင် ကြက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာသည် မှန်သော်လည်း ကြက်ပေါက်နှင့် ကြက်သားလုံလောက်အောင် မဖြည့်ဆည်းပေးနိုင်သဖြင့် မူဆယ်၊ နမ့်ခမ်းနှင့် တရုတ်နယ်စပ်ရှိ ကျွန်တော်တို့ မွေးမြူရေးသမားများ ရရှိထားသော ကြက်သားဈေးကွက်မှာ ဆုံးရှုံးသွားခဲ့သည် ဖြစ်ပါသည်။ ဤသည်တို့မှာ နိုင်ငံတော်က ကျင့်သုံးနေသော ဈေးကွက်စီးပွားရေး စနစ်နှင့်ကောင်းစွာ  ဆန့်ကျင်နေပါသည်။ ထိုသို့သော တားဆီးပိတ်ဆို့မှုများသည် ရေတိုအတွက် ပြည်တွင်းစားသုံးကုန်များ ဈေးမတက်စေရန် အသုံးဝင်သော်လည်း ရေရှည်တွင်မူ နိုင်ငံ၏စိုက်ပျိုး မွေးမြူထုတ်လုပ်ရေးကို ထိခိုက်စေပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် နောင်တက်လာမယ့် အစိုးရသစ်က ထိုသို့သော ပိတ်ဆို့တားဆီးမှုများအပေါ် မည်သို့သဘောထားရှိသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး တင်နိုင်သိန်း
အဖြေ

ဦးရဲထွန်းရဲ့ မေးခွန်းပထမအချက်မှာ မန္တလေးနဲ့ပြင်ဦးလွင် အကြားမှာရှိတဲ့ ၁၆မိုင် စစ်ဆေးရေးစခန်းဟာ တရုတ်နိုင်ငံကိုတင်ပို့တဲ့ ကုန်ပစ္စည်းတင်ယာဉ်များသာမက ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ တင်ပို့တဲ့ ကုန်တင်ယာဉ်များတွင်လည်း ဆန်၊ ပဲ၊ ဂျုံ၊ ဆီအစရှိသည်များ သယ်ဆောင်မှု မပြုလုပ်နိုင်စေရန် တားဆီးပိတ်ဆို့မှုများရှိခဲ့ကြောင်း မေးမြန်းဖော်ပြထားပါတယ်။ အဆိုပါ ၁၆ မိုင် စစ်ဆေးရေးစခန်းဟာ ကုန်စည်များကို တားဆီးရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ စခန်းမဟုတ်ဘဲ လုံခြုံမှုအရ ပြည်သူများကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်ခဲယမ်း၊ ဖောက်ခွဲ ပစ္စည်းများ၊ မူးယစ်ဆေးဝါးများကိုသာ အဓိကစစ်ဆေးရန် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ စခန်းဖြစ်ပါတယ်။             နိုင်ငံတကာမှာလည်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ မကြာခဏဖြစ်ပွားနေမှုကြောင့် နိုင်ငံတိုင်းမှာ လုံခြုံမှုကိုပိုမိုဦးစားပေးပြီး စစ်ဆေးကြပ်မတ်နေရတဲ့ အချိန်အခါဖြစ်သလို ကျွန်တော်တို့ နိုင်ငံမှာလည်း

ဖောက်ခွဲဖျက်ဆီးရေးသတင်းများ၊ မူးယစ်ဆေးဝါးသတင်းများ မကြာခဏ ရရှိတဲ့အတွက် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒါကလည်း ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုအတွက် ဆောင်ရွက်နေရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျား။

ဦးရဲထွန်းရဲ့မေးခွန်း ဒုတိယအချက်မှာ ဆန်၊ ပဲ၊ ဂျုံ၊ ဆီ စတဲ့ ကုန်စည်များကို ၁၆ မိုင်ဂိတ် ကတားဆီးပိတ်ဆို့ ဆောင်ရွက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်နေထိုင်ကြသော ပြည်သူများက ထိုဂိတ်မှပင် မှောင်ခိုဖြတ်သန်းလာသော ပြည်တွင်းထွက် စားသောက်ကုန်များကို ဈေးကြီးစွာ ပေးဝယ်စားနေရကြောင်း မေးမြန်းဖော်ပြထားပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး‌ ြဖေကြားရရင် မူလက လုံခြုံမှုအတွက် ဦးစားပေးစစ်ဆေးခဲ့တဲ့ ၁၆ မိုင်ဂိတ်ဟာ နောက်ပိုင်းမှာ တရားမဝင် မှောင်ခိုကုန် ပစ္စည်းများ သယ်ဆောင်မှုများ တစ်စထက်တစ်စ များပြားလာတဲ့အတွက်ကြောင့် ကန့်သတ် ကုန်စည်များပါ မပါ   စစ်ဆေးရှာဖွေ   ကြပ်မတ်မှုများကို    ပြုလုပ်ခဲ့ရပါတယ်။    ၁၆ မိုင်    ဂိတ်တစ်ခု တည်းအနေနဲ့ပဲ ကြည့်ရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ အထွေထွေပစ္စည်း ကျပ် ၉၃.၉ သန်း မူးယစ်ဆေးဝါး ၆၉၈.၄ သန်း၊ ကျောက်မျက် ကျပ် ၂.၄ သန်း ဖမ်းဆီးရမိခဲ့ပြီး၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ အထွေထွေပစ္စည်းကျပ် ၅၇.၇၉ သန်း၊ မူးယစ်ဆေးဝါး ကျပ် ၇၀ သန်း၊ ကျောက်မျက် ကျပ် ၁.၈ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။ အလားတူပဲ မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းကြောင်း တစ်လျောက်မှာ ရှိတဲ့ ဂိတ်အသီးသီးမှာ တရားမဝင် မှောင်ခိုပစ္စည်း ဖမ်းဆီးရမိမှုများ အနေနဲ့     ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ အထွေထွေပစ္စည်း ကျပ် ၂၃၂၈.၉၆ သန်း၊ မူးယစ်ဆေးဝါးကျပ် ၉၄၀.၄၃ သန်း၊ ကျောက်မျက် ကျပ် ၄၅၂.၁ သန်းနဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ အထွေထွေပစ္စည်း             ကျပ် ၄၄၈၂.၄၉ သန်း ၊ မူးယစ်ဆေးဝါး ကျပ် ၂၁၃.၀၂ သန်း၊ ကျောက်မျက် ကျပ် ၃၀၈၆.၄၄ သန်းရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များတွင် နေထိုင်ကြသော ပြည်သူများအတွက် ပြည်တွင်း ထွက်စားသောက်ကုန်စည်များကို လွတ်လပ်စွာ သယ်ဆောင်ခွင့်ပြုထားသော်လည်း ပြည်ပသို့ တရားမဝင်စီးထွက်နိုင်ဖွယ်ရှိသော ဆန်၊ ပဲ၊ ဂျုံ စတဲ့ သီးနှံများကိုတော့ အထက်ဌာနသို့ ကြိုတင် ခွင့်ပြုချက် တင်ပြရယူထားတဲ့  ကုန်စည်များ ဟုတ် မဟုတ်  စစ်ဆေးပြီးမှသာ ဖြတ်သန်းခွင့်ပြုကြောင်း ၊

လက်ရှိအခြေအနေမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသခံပြည်သူများ စားသုံးရန်အတွက် ဆန်ကုန် သည်များက တစ်လလျှင် ဆန်ပျမ်းမျှ အိတ် နှစ်သောင်းကျော်ခန့်နဲ့ ၂၀၁၀ ပြည့်နှစ်တစ်နှစ်လုံးအတွက် ဆန်အိတ်ပေါင်း ၂၈၀၉၆၀ ကို  ဆန်ပိုလျှံထွက်ရှိတဲ့ တိုင်းဒေသကြီးများ မှ သယ်ဆောင် ရောင်းချ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရှိရပါတယ်။

ရှေးကတည်းက လောက်ကိုင်ဒေသနဲ့အချို့ ဆန်လိုအပ်တဲ့ တောင်ပေါ်ဒေသများအတွက် အထက်ဌာနများသို့ တင်ပြပြီး ဆန်သယ်ဆောင် ဖြန့်ဖြူးမှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီလိုတင်ပြ စေခြင်းဟာလည်း ဒေသခံပြည်သူများစားသုံးရန် အကြောင်းပြသယ်ဆောင်ပြီး တရားမဝင်ပြည်ပ စီးထွက်မှုမရှိစေရန်အတွက် ဒေသစိုက်ပျိုးထွက်ရှိမှု ၊ လူဦးရေနဲ့ စားသုံးမှုပမာဏ၊ တင်ပြသယ်ဆောင် ဖြန့်ဖြူးရောင်းချတဲ့ ပမာဏများဟာ ဆီလျော်မှုရှိ မရှိ သိရှိနိုင်ရန်သာဖြစ်ပြီး၊ တင်ပြ ပမာဏများ အပေါ်မှာ ပြည်သူများရောင်းဝယ်ဖောက်ကား စားသုံးရန် လိုသလောက် ကန့်သတ်ပိတ်ပင်တားဆီးမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ ဆန်ကုန်သည်များက ဝယ်ယူရောင်းချဖြန့်ဖြူးနိုင်ကြကြောင်း သိရှိရပါတယ်။           ဒါကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များအတွက်  အခက်အခဲ ရှိမယ်ဆိုလျှင် တင်ပြ ဆောင်ရွက်သွားနိုင်ပါကြောင်း ဖြေကြားအပ်ပါတယ်။

ထို့ပြင် ဦးရဲထွန်းရဲ့မေးခွန်း တတိယအချက်မှာ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးများမှ စိုက်ပျိုးထုတ်လုပ်သူများက မိမိတို့ စိုက်ပျိုးထုတ်လုပ်တဲ့ ကုန်ပစ္စည်းများတင်ပို့ ရောင်းချရာမှာ ဈေးကွက်ပိတ်ဆို့သွားသလို ဖြစ်သွား၍ ဈေးကောင်းမရနိုင်တော့ကြောင်း ဖော်ပြချက်နဲ့ ပတ်သက်ပြီး၊ ကျွန်တော်တို့ဌာနအနေနဲ့ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးနဲ့ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး အတွက် အပတ်စဉ် ကုန်သည်အသင်းအဖွဲ့များနဲ့ ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ပြီး အခက်အခဲ အတားအဆီး ဖြစ်ပေါ်လာတိုင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီများနဲ့ မေးမြန်းပြီးတဲ့ နောက်မှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်ထံ ဆက်စပ်တင်ပြညှိနှိုင်းလျက် ပြည်ပဈေးကွက်ရရှိရေး ပိတ်ဆို့မှု အဟန့်အတားမရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့ ထိုသို့ဆောင်ရွက်ပေးမှုများ ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးပမာဏဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကုန်သွယ်မှုလျင်မြန် ချောမွေ့ခြင်းဟာ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အဓိက လိုအပ်ချက် ဖြစ်တာနဲ့အညီ ယခုလို ၁၆ မိုင်ဂိတ်ကဲ့သို့ စစ်ဆေးရေးဂိတ်များမှာ အချိန်ကြာမြင့်စွာ စစ်ဆေး ရှာဖွေခံရခြင်းဟာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှု ဖြစ်စေတာကြောင့် မန္တလေးနဲ့ မူဆယ်တို့မှာ ကွန်တိန်နာထရပ်၊ ဗောက်ထရပ်ယာဉ်များအသုံးပြုပြီး စတင်ပစ္စည်း သယ်ဆောင် စေလွှတ်တဲ့    နေရာမှာ    အကောက်ခွန်ဌာနက   စစ်ဆေးပြီး   ချိပ်ပိတ်စေလွှတ်တဲ့    စနစ်ကို   စတင် ပြောင်းလဲကျင့်သုံးနေပြီဖြစ်ပါတယ်။ ဒီစနစ်ဟာ လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါး ကွယ်ဝှက် သယ်ဆောင်မှုများနဲ့ တရားမဝင်ပစ္စည်းများ၊ ကုန်စည်များ ရောနှောသယ်ဆောင်မှုများကို အထိုက် အလျောက် ကာကွယ်တားဆီးနိုင်မယ့်အပြင် ဂိတ်အသီးသီးမှာ အချိန်ကြာမြင့်စွာ စစ်ဆေးခံရခြင်း မရှိဘဲ ချိပ်ပိတ်မှုကို ကြည့်ရှုစစ်ဆေး ဦးစားပေးစစ်ဆေးစေလွှတ်မှုများကြောင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့ပြီး ပြည်ပဈေးကွက်ကို ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်။

ဦးရဲထွန်းရဲ့ မေးခွန်းစတုတ္တအချက်မှာ လားရှိုး၊ သီပေါကြားမှာရှိတဲ့ ဂိတ်က ပြည်နယ်အတွင်းသို့ ကြက်သားပေါက်များ၊ ကြက်များတင်သွင်းခြင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနများကို ကျွန်တော်တို့ အနေနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ ပြည်နယ်အတွင်းကို ပြည်တွင်း သို့မဟုတ် ပြည်ပကနေပြီး ကြက်သားပေါက်များ တင်သွင်းသယ်ဆောင်မယ်ဆိုလျှင် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ ခွင့်ပြုချက် ပုံစံပါလို့ရှိရင် ခွင့်ပြုလျက်ရှိပါကြောင်းနဲ့ ယခင်က ယာယီ တားဆီးပိတ်ပင်ခဲ့ခြင်းမှာလည်း လုပ်ငန်း လိုအပ်ချက်အရ ဒေသအာဏာပိုင်ရဲ့အစီအစဉ်နဲ့သာ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရတဲ့အတွက် ကြောင့် ဒေသအာဏာပိုင်ထံသို့ တင်ပြဆောင်ရွက်သွားလျှင် အဆင်ပြေချောမွေ့နိုင်ပါကြောင်း၊ သက်ဆိုင်ရာဌာနနဲ့ ဒေသအာဏာပိုင်ကိုယ်စား ဖြေကြားအပ်ပါတယ်။

ဦးရဲထွန်းရဲ့ နောက်ဆုံးမေးမြန်းချက်ဖြစ်တဲ့ နောင်တက်လာမယ့်အစိုးရသစ်က ထိုသို့ ပိတ်ဆို့ တားဆီးမှုများအပေါ် မည်သို့သဘော ထားရှိသည်ကို သိရှိလိုပါကြောင်း ကိစ္စနှင့်စပ်လျဉ်းပြီး လက်ရှိအစိုးရရော၊ နောင်တက်လာမယ့် အစိုးရကပါ ပြည်တွင်း၌ ကုန်စည်စီးဆင်းမှု လျင်မြန်ရေး၊ ကုန်ဈေးနှုန်းမကြီးမြင့်ရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေကြမည်သာ ဖြစ်ပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ အခွန်အခ မပေးဆောင်ဘဲ တရားမဝင်ကုန်စည် ကူးသန်း ရောင်းဝယ်သူများကြောင့် အခွန်အခပေးဆောင်ပြီး တရားဝင်ကုန်စည် ကူးသန်းရောင်းဝယ်သူများဟာ ဈေးကွက်မှာယှဉ်ပြိုင်နိုင်စွမ်း ထိခိုက်နေခြင်း အပေါ်မှာ တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှုများ

ကာကွယ်တားဆီးရေးအတွက် မမှန်မကန် ပြုလုပ်မှုများဖြစ်နေတဲ့ အတွက်ကြောင့် ယခုလို ဂိတ်များနဲ့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ထိုသို့ ဆောင်ရွက်နေမှုများကြောင့် ဖြစ်ပေါ်လာသော အတားအဆီးအခက်အခဲများ လျော့နည်းပပျောက်အောင်၊ လက်နက်ခဲယမ်း ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်း၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်မှောင်ခိုကူးသန်း ရောင်းဝယ်မှုများကို ပြည်သူအားလုံး ဝိုင်းဝန်း ကာကွယ်တားဆီး ကြိုးပမ်းသွားကြရန် လိုအပ်မှာဖြစ်ပါတယ်။ နောင်ဖြစ်ပေါ်လာမယ့် တိုင်းဒေသကြီးနဲ့

ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများကလည်း လုံခြုံမှုနဲ့ ကုန်စည်စီးဆင်းမှုကို ဟန်ချက်ညီအောင်၊ ပြည်သူလူထု အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖြေကြားပါသည်။