(ဃ)-မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်နှင့် အခွန်ပြေစာ လျှောက်ထားမှုလယ်မြေကို အခြားနည်းလမ်းအသုံးပြုခွင်‌့ (၃၉) နှင့် ပုံစံ (၁၀၅) လျှောက်ထားမှု၊ ဥယျာဉ်ခြံမြေ၊ ဂရန်လျှောက်ထားမှုတို့ကို မြန်ဆန်အောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၆) ရက်မြောက်နေ့ (၃၀.၈.၂၀၁၂)

 

(ဃ)-အောက်ခြေတောင်သူလယ်သမားများအတွက် မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်နှင့် အခွန်ပြေစာ လျှောက်ထားမှုလယ်မြေကို အခြားနည်းလမ်းအသုံးပြုခွင်‌့ (၃၉) နှင့် ပုံစံ (၁၀၅) လျှောက်ထားမှု၊ ဥယျာဉ်ခြံမြေ၊ ဂရန်လျှောက်ထားမှုတို့ကို မြန်ဆန်အောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

လယ်ယာမြေ စိုက်ပျိုးရေးကိစ္စတွေဟာ ရာသီဥတုအပေါ်မှာ မူတည်ပြီးတော့မှ အဓိကလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ အောက်ခြေ အုပ်ချုပ်ရေးဝန်ထမ်းနဲ့ ပြည်ထောင်စုဝန်ကြီးဌာနက အောက်ခြေဝန်ထမ်းများရဲ့ သုံးသပ်ဆုံးဖြတ်နိုင်မှု အတိုင်းအတာအရ ကြိုတင်ဆောင်ရွက်ခွင့်ပြုခြင်းကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အတိုင်းအတာ တစ်ခုထိ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတို့က ထိန်းကျောင်းသတ်မှတ်ပေး သင့်တယ်လို့ ကျွန်တော့်အတွေ့အကြုံအရ ယူဆတဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါတယ်။ ဒါဘာလည်းဆိုလို့ရှိရင် ကျွန်တော့်အတွေ့အကြုံတစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ နွေရာသီမှာ သုံးခွမြို့နယ်မှာ ပင်လယ်ကမ်းခြေက ပင်လယ်ကမ်းကောတဲ့မြေတွေ ပေါ်ပေါက်လာတဲ့ အခါမှာ သက်ဆိုင်ရာအုပ်ချုပ်ရေး အကြီးအကဲ တိုင်းဒေသကြီးဝန်ကြီးချုပ် ဆီတင်ပြပြီးတော့မှ ဆောင်ရွက်ပေးတဲ့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း လယ်မဲ့ယာမဲ့တွေကို အချိုးကျ ညီညီမျှမျှ ခွဲဝေဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ အလားတူပဲ ထပ်မံပေါ်ပေါက်လာတဲ့ အခါမှာထပ်ပြီး တော့မှ ခွဲဝေပေးဖို့ တင်ပြတဲ့အခါမှာ အထက်အကြီးအကဲတွေကလည်း မူအတိုင်းခွဲပေးဖို့ သတ်မှတ် ပေမယ့် အောက်ခြေတာဝန်ရှိတဲ့ဝန်ထမ်းတွေက အမိန့်ရောက်မလာတဲ့အတွက် ဆင်းပြီးတော့ မလုပ်ရဘူး။ ဆင်းလုပ်ရင်ဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ တားမြစ်တဲ့အတွက် ဒီတစ်မိုးတစ်ရာသီ မှာတော့ လွတ်သွားတဲ့ အနေအထားမျိုးရှိပါတယ်။ တကယ်လို့သာ မူဝါဒနဲ့အညီ၊ ဥပဒေနဲ့အညီ ကြိုတင်ဆောင်ရွက်ပေးခွင့်ကို အောက်ခြေဝန်ထမ်းတွေကို သတ်မှတ်ပေးထားမယ်ဆိုရင် ကြိုတင် ဆောင်ရွက်ခွင့်ကိုလည်း ထိန်းကျောင်းဖို့လိုပါတယ်။ ထိန်းကျောင်းသတ်မှတ် ပေးထားမယ်ဆိုရင် ဒီတစ်မိုးတစ်ရာသီအမီ ဒီလယ်မဲ့၊ ယာမဲ့တွေက လယ်စိုက်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ အလားတူပဲ နောက်အတွေ့အကြုံတစ်ခုကတော့ တွံတေးမြို့နယ် ကံရွာမှာ လယ်သမား ၅ ယောက်က၊ မြေဧက ၂ဝကို လယ်စိုက်ကြပါတယ်။ စိုက်တဲ့အခါမှာ သက်ဆိုင်ရာဆည်မြောင်းလက်တံမြောင်းကနေပြီး တော့မှ မြောင်းဖောက်သွယ်ပြီးတော့မှ သူတို့လယ်ကို သူတို့ရေသွင်းပါတယ်။ ရေးသွင်းပြီးတော့ လယ်စိုက်တဲ့အခါမှာ သက်ဆိုင်ရာဌာနကနေပြီးတော့မှ သူတို့မြောင်းကို ပိတ်တယ်ဆိုပြီးတော့ တရားစွဲ ပါတယ်။ တကယ်လို့သာ တရားစွဲတဲ့အတွက် ဒီမြောင်းကို ပြန်ဖွင့်ပေးလိုက်ရပြီးတော့မှ သူတို့ ဖောက်ထားတဲ့ လက်တံများကို ပြန်ဖွင့်ပေးလိုက်ရပြီးတော့မှ ရေတွေဆုံးရှုံးသွားတဲ့အတွက် ဒီလယ်ဧက ၂ဝကလည်း အခုတော့ သေသွားပါပြီ။ တကယ်လို့သာ ဒီအောက်ခြေဝန်ထမ်းတွေအနေနဲ့ ဒီသဘာဝ ကျတဲ့လုပ်ငန်းကို ကြိုတင် ဆောင်ရွက်ခွင့်ပြုမိန့်ပေးပြီးတော့မှ ဆောင်ရွက်စေမယ်ဆိုရင် ဒီအမှုဖြစ်စရာ အကြောင်းမရှိပါဘူး။ လယ်သမား ၅ ယောက်ဟာ ၇လရှိပါပြီ။ တရားရင်ဆိုင်နေရတဲ့အတွက် လယ်လည်းဆုံးရှုံးသွားပါပြီ အခုထက်ထိတရားရင်ဆိုင်နေရတာလည်း မပြီးပြတ်သေးဘူး ဖြစ်ပါတယ်။ ဒီလိုအောက်ခြေ ဝန်ထမ်းတွေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကြိုတင်ဆောင်ရွက်ခွင့် ပြုခြင်းနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်မေးချင်တာကတော့ လယ်ယာမြေဥပဒေထုတ်ပြန်ပြီး ဖြစ်ပေမယ့် အောက်ခြေတောင်သူ လယ်သမားများအနေနဲ့ ယခင်အတိုင်းကြုံတွေ့နေရဆဲပဲ ဖြစ်ပါတယ်။ အထူး သဖြင့် မြေလွတ်၊ မြေရိုင်းလုပ်ပိုင်ခွင့်နဲ့ အခွန်ပြေစာ လျှောက်ထားမှုလယ်မြေကို အခြားနည်း အသုံးပြုခွင့် လန (၃၉) နှင့် ပုံစံ (၁၀၅) လျှောက်ထားမှု ဥယျာဉ်ခြံမြေ ဂရန်လျှောက်ထားမှုတို့မှာ တချို့ ဒေသတွေမှာ ကြန့်ကြာနေဆဲဖြစ်တာကို တွေ့ရှိနေရတဲ့အတွက် အဲဒါတွေကို မြန်ဆန်အောင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် ထိန်းသိမ်းထား ရှိသည့် ကွင်းမြေပုံနှင့် မှတ်ပုံတင်စာရင်းများမှာ မိတ္တူ သို့မဟုတ် ကောက်နှုတ်ချက်များ ရေးကူးပေးရာတွင် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေအပိုဒ် ၃၉၄ အရ ပြဋ္ဌာန်းချက် နှင့်အညီ မြေပုံများကို မြေစာရင်းပုံစံ (၁၀၅) ဖြင့် ရေးကူးထုတ်ပေးဆောင်ရွက်လျက် ရှိပါတယ်။ မြေစာရင်းပုံစံ (၁၀၅) သည် ရေးကူးလိုသည့် ဦးပိုင်မြေကွက်အတွက် အသုံးပြုလိုသည့် အကြောင်းအရာအလိုက် ဖော်ပြလျက် တည်ဆဲနှစ်အတွက် လက်ရှိအသုံးပြုလျက်ရှိသည့် မြေပုံနှင့်မှတ်ပုံတင်စာရင်းများမှ ကောက်နှုတ်ချက်မှန်ကန်ကြောင်း သက်ဆိုင်ရာ အရာရှိက နေ့စွဲနှင့်တကွ ရာထူးအမည်ကို ဖော်ပြ၍ အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပေးသည့် ဦးပိုင်မြေပုံလက်ခံရေးကူးပေးရန် ပုံစံဖြစ်ပါတယ်။ မြေစာရင်းပုံစံ (၁၀၅) ရေးကူးခြင်းကို မြေစာရင်းလက်စွဲဥပဒေအရ ယခင်ကသက်ဆိုင်ရာ မြေတိုင်း စာရေးနှင့် မြေစာရင်းဌာန အမှုတွဲထိန်းများက ရေးကူးထုတ်ပေးခွင့် ရှိခဲ့ပါတယ်။ ယင်းသို့ ရေးကူးထုတ်ပေးရာတွင် အချို့မြေစာရင်းပုံစံ (၁၀၅) ပါ မြေပုံကို အတုအပပြုလုပ်မှုများရှိခဲ့သဖြင့် မြေစာရင်းပုံစံ (၁၀၅) ကို တတ်နိုင်သမျှတုပ၍ မရရှိစေရန် အသင့်နှိပ်ပြီးပုံစံများတွင် အမှတ်စဉ် တပ်ပေးခြင်း၊ တုပရန်ခက်ခဲသည့် ရုံးအမှတ်အသားပါတံဆိပ် ရိုက်ကပ်ပေးခြင်းပုံစံများ သတ်မှတ် ဖြန့်ဝေအသုံးပြုစေလျက် ရှိပါတယ်။ မြေပုံရေးကူးခြင်းကိုလည်း သက်ဆိုင်ရာအုပ်စု မြေတိုင်းစာရေး၏ စိစစ်ရေးကူးတင်ပြချက် အပေါ်လက်ထောက်ဦးစီးမှူးက မြေပြင်အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးပြီး မြို့နယ်မြေစာရင်း ဦးစီးဌာနမှူးက ထပ်ဆင့်စိစစ် အတည်ပြုလက်မှတ်ရေးထိုး၍ မြေပုံရေးကူး ထုတ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက် ရှိပါတယ်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း၊ ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ (၃၉) အရ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားခြင်း၊ ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၈(၁)အရ လယ်ယာမြေကို သီးနှံပြောင်းလဲ စိုက်ပျိုးမှုအတွက် မြေအမျိုးအစားပြောင်းလဲရန် လျှောက်ထားခြင်းနှင့် မြေငှားဂရန် လျှောက်ထားခြင်း များအတွက် အမှုတွဲများ တည်ဆောက်ရာတွင် မြေစာရင်း ပုံစံ (၁၀၅) ဖြင့် မြေပုံရေးကူးခြင်းကို ဦးစွာဆောင်ရွက်ရပါတယ်။ မြေစာရင်းပုံစံ (၁၀၅) ဖြင့် မြေပုံရေးကူး ခြင်း၊ မြေရာဇဝင်စိစစ်ခြင်းတို့ကို ဆောင်ရွက်ပြီးနောက် လျှောက်ထားသည့် ကိစ္စရပ်အလိုက်ကန့်ကွက် လွှာ ခေါ်ယူခြင်း၊ သက်ဆိုင်သည့် လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့၏ စိစစ်သဘောထား ထောက်ခံချက်များကို ရယူခြင်းတို့ကို နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းတွင် ဖော်ပြပါရှိသည့် ဂရန်လျှောက်ထားခွင့်ပြုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော်ကောင်စီနယ်မြေ တို့တွင် ဆိုင်ရာမြို့တော် စည်ပင်သာယာရေးကော်မတီတို့ထံသို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပြည်ထဲရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်းကောင်း တင်ပြ လျှောက်ထားပြီး စိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အတွက် နိုင်ငံတော်၏ ပြောင်းလဲကျင့်သုံးလျက်ရှိသည့် ခေတ်စနစ်နှင့်အညီ ယခင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပယ်ဖျက် ပြီး ဥပဒေသစ်များ အသစ်ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နိုင်ရန်နှင့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန်အစည်းအဝေးက အတည်ပြုပြဋ္ဌာန်းပေးခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် လယ်ယာမြေဥပဒေတို့ကို နိုင်ငံတော်သမ္မတ က ၂၀၁၂ခုနှစ်၊ မတ်လ ၃ဝ ရက် နေ့ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။  အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့် ဥပဒေ ၂ ရပ်အရ လက်တွေ့လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၂ခုနှစ်၊ မေလ ၂ရက် ရက်စွဲပါစာအမှတ် ၁၁၂(၁)/၈/သမ္မတရုံးဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး(လယ်ယာ) ဦးဆောင်သည့် အဖွဲ့ဝင် ၁၆ ဦး ပါဝင်ဖွဲ့စည်းပေးသော နည်းဥပဒေများရေးဆွဲရေးလုပ်ငန်းကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများ မူကြမ်းနှင့် လယ်ယာမြေနည်းဥပဒေများမူကြမ်း တို့ကို ရေးဆွဲပြုစုနိုင်ခဲ့ ပြီးဖြစ်ပါသည်။ အဆိုပါ လယ်ယာမြေနည်းဥပဒေများ၊ မူကြမ်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများ၊ မူကြမ်းတို့ကို ခိုင်ခန့်မှုရှိစေရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေပညာရှင်များ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သူများနှင့် အကြိမ်ကြိမ် အထပ်ထပ်ညှိနှိုင်းစိစစ်ပြုစုဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတထံ သဘောထား တင်ပြထားရှိ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ဆောင်ရွက် သွားရန်စီစဉ် ဆောင်ရွက်လျက်ရှိရာ မကြာမီထုတ်ပြန်နိုင်တော့မည်ဖြစ်ပါတယ်။ လွှတ်တော်အဆင့်ဆင့်က အတည်ပြု ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ထားပြီးဖြစ်သည့် ဥပဒေများ အာဏာ သက်ရောက်၍ လက်တွေ့ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ခိုင်မာသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခိုင်ခံ့စွာရေးဆွဲပြုစုရန် အထူးအရေးကြီးပါတယ်။ ဥပမာအားဖြင့် လ္ဘက် ကောင်းစားချင်လျင် ပလောင်တောင်တက် နှေးရမည်။ ယခု ရေတွင်းတူး ယခုရေကြည် သောက်၍ မရပါဆိုသည့် မြန်မာ့ဓလေ့စရိုက်စကားပုံအတိုင်း အလောတကြီးနှင့် ဆန္ဒမစောရန် မဖြစ်သင့်ကြောင်း တင်ပြအပ်ပါတယ်။ ၂၀၀၈ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပုဒ် ၂၄၈ အရ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ အဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိနေကြပြီဖြစ်ရာ ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသည့် မြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များအပါအဝင် အရေးကိစ္စဟူသမျှကို ထုတ်ပြန်ထားပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေပြင်ပကတိ အခြေအနေအတိုင်း ကြီးကြပ်စိစစ်ဖြေရှင်းဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏ မေးခွန်းတွင်ပါရှိတဲ့ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အတည်ပြု ဋ္ဌာန်းပြီးဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် လယ်ယာမြေဥပဒေတို့ အရ ပေါ်ပေါက်လာမည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ဒေသအတွင်းမြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များအား မြေပြင်ပကတိအခြေအနေအတိုင်း ထိရောက်သွက်လက်စွာ  ကိုင်တွယ်စစ်ဆေး စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။