ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်များရှိ အစိုးရမူလတန်းကျောင်း အများစုတွင် မြို့နယ်ပြင်ပမှ ဆရာ၊ ဆရာမများကို ခန့်ထားပြီး သွားလာရေး၊ ဘာသာစကားနှင့် စားသောက် နေထိုင်ရေး အခက်အခဲများကြောင့် အဆိုပါ ဆရာ၊ဆရာမများအနေနှင့် ပညာသင်ကြားရေးတွင် အခက်အခဲများနှင့် ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ မောင်တောခရိုင်အတွင်းမှ အရည်အချင်း မှီသော ဒေသခံဆရာ၊ ဆရာမများ ခန့်ထားနိုင်လျှင် မောင်တောခရိုင်၏ ပညာရည် မြင့်မား လာမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ မောင်တောခရိုင် ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော် အစိုးရမှ မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည် အချင်းနှင့်ကိုက်ညီသော ဒေသခံများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အချိုးကျရွေးချယ်ခေါ်ယူပြီး ဆရာအတတ်သင် သင်တန်းများတက်ရောက်စေလျက် သင်တန်းအောင်မြင်ပြီးဆုံးပါက ယင်းတို့၏ ဒေသခံ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဦးစားပေးခန့်ထားခြင်းများကို ဆောင်ရွက်လျက် ရှိနေပါတယ်။ ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း သုံး ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၅၁ ဦး ခန့်ထားရာမှာ ဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမ ၅၀ ဦး ရှိပါတယ်။ ကျန်တစ်ဦးမှာ နယ်မြေတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း၏ ဇနီးဖြစ်သူ အထက်တန်းပြဆရာမဖြစ်ပါတယ်။ ဘူးသီးတောင် မြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း ြခောက်ကျောင်းရှိရာ ဆရာ၊ ဆရာမ ပေါင်း ၁၂၄ ဦးခန့်ထားရာ ၁၂၄ ဦးစလုံး ဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမများ ဖြစ်ကြပါတယ်။ ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းပေါင်း ၁၄၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၇၉၀ဦး ခန့်ထားရာ အဆိုပါ ဆရာ၊ ဆရာမအားလုံးမှာလည်း ဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမများဖြစ်ကြပါတယ်။ သို့ဖြစ်ပါ၍ ဘူးသီးတောင် မြို့နယ်တွင် ဆရာ၊ ဆရာမ ၉၆၅ ဦးခန့်ထားရာ ဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမပေါင်း ၉၆၄ ဦးရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အလားတူ မောင်တောမြို့နယ်တွင်လည်း အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမပေါင်း ၉၂ ဦး ခန့်ထားရာ အားလုံးဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမများဖြစ်ကြပါတယ်။ မောင်တောမြို့နယ်မှာ အခြေခံပညာ အလယ်တန်းကျောင်း ၁၁ ကျောင်းတွင် ဆရာ၊ဆရာမပေါင်း ၁၆၅ ဦးခန့်ထားရာ ၎င်းတို့အားလုံးမှာလည်း ဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမများဖြစ်ကြပါတယ်။ မောင်တောမြို့နယ်မှာ အခြေခံပညာ မူလတန်းကျောင်းပေါင်း ၁၄၃ ကျောင်းရှိရာ ဆရာ၊ဆရာမပေါင်း ၈၂၂ ဦးခန့်ထားရာ ဇာတိနွယ်ဖွား ဒေသခံ ဆရာ၊ ဆရာမပေါင်း ၈၂၁ ဦးဖြစ်၍ ကျန်တစ်ဦးမှာ နယ်မြေတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း၏ မိသားစုဝင်သားသမီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မောင်တောခရိုင် ပညာရည်မြင့်မားရေးအတွက် သွားလာရေး၊ ဘာသာစကားနှင့် စားသောက် နေထိုင်ရေး အခက်အခဲများ မရှိရအောင် အရည် အချင်းပြည့်မီသော ဒေသခံ ဆရာ၊ ဆရာမများကိုသာ ခန့်ထားခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
