(ခ)-အခြေခံပညာအထက်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော အစ္စလာမ်ဘာသာဝင် ကျောင်းသား/ကျောင်းသူများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၁-၃-၂၀၁၁)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များမှ အခြေခံပညာအထက်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူအများစုသည် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ တက်ရောက်ရန် အမှတ်မီသော်လည်း တက်ရောက်ခွင့်မရရှိကြသဖြင့် သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူအတွက်ရော နိုင်ငံတော်အတွက်ပါ များစွာ နစ်နာဆုံးရှုံးရပါသည်။ ထို့အတူ ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း အလားတူ နစ်နာဆုံးရှုံးမှုများရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ အသက်မွေး ဝမ်းကျောင်း ပညာသင်ကြားခွင့် မဆုံးရှုံးရအောင် သက်ဆိုင်ရာမှ မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ ကောလိပ် ၊ သိပ္ပံများသို့ ‌ဝင်ခွင်‌့လျှောက်ထားသူသည် ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ပြီး သက်ဆိုင် ရာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ကောလိပ်နှင်‌့ သိပ္ပံများသို့ဝင်ခွင့်ပြုမည့် အနိမ့်ဆုံးအမှတ်ကို ပြည့်မီ၍ သတ်မှတ်ချက်များနှင်‌့ ကိုက်ညီပါက လျှောက်ထားလာသည့် မည်သူ့ကိုမဆို  သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ကောလိပ်နှင်‌့ သိပ္ပံများသို့ ဝင်ခွင်‌့ပြုလျက်ရှိကြောင်း ရှင်းလင်း ဖြေကြားပါသည်။