(က)-ပညာတော်သင် ကျောင်းသားများ၏ အခွင့်အရေးများ၊ ပညာသင်ဆု အကူအညီများ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၁-၃-၂၀၁၁)

နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဟာဆိုရင် အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်နေ လျက်ရှိရာ နိုင်ငံသားအားလုံးတို့ရဲ့ စွမ်းဆောင်ရည်ပြည့်ဝသော အရင်းအမြစ်များ၏ တိုးတက်မှု အတွက် အရေးပါသည့် နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝတဲ့ လူငယ်ပညာရှင်များ အမြောက်အမြား မွေးထုတ်ပေးရန် လိုအပ်လျက်ရှိပါတယ်။ သို့ဖြစ်ပါသောကြောင့် နိုင်ငံတကာသို့ ပညာတော်သင်များ စေလွှတ်ရေးနှင့် ပတ်သက်ပြီး မေးခွန်းများကို လွှတ်တော်သို့ တင်သွင်းလို ပါတယ်။ ကျွန်တော်တင်သွင်းလိုတဲ့မေးခွန်းမှာ မေးခွန်းနှစ်ရပ်ရှိပါတယ်။ မေးခွန်းတစ်ရပ်အနေနဲ့ ကြယ်ပွင့်ပြထားပြီး နောက်ထပ်မေးခွန်းတစ်ရပ်ကိုတော့ ကြယ်ပွင့်မပြဘဲနဲ့ စာဖြင့် ဖြေဆိုစေလိုပါတယ်။

မေးခွန်း တစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများကို နိုင်ငံတကာမှ ပညာသင်ဆုအကူအညီများပေး၍ ပညာတော်သင်များကို အစိုးရအချင်းချင်း ဆက်သွယ်သည့်          G To G စနစ်ဖြင့် နှစ်စဉ်ခေါ်ယူလျက်ရှိကြောင်း သိရှိရပါတယ်။ ဥပမာ ဂျပန်နိုင်ငံကဲ့သို့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများမှဖြစ်ပါတယ်။ ထိုသို့ခေါ်ယူရာတွင် တက္ကသိုလ်တန်း၊ မဟာတန်း၊ ပါရဂူတန်းတို့ အပြင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအတွက် လူငယ်ဆရာ သင်တန်းများ၊ နောက် အထူးဘာသာရပ်နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းများ စသည်ဖြင့် ပါဝင်ကြောင်းလည်း သိရှိရ ပါတယ်။   နှစ်စဉ်ခေါ်ယူထားတဲ့ အရေအတွက် ပြည့်မီအောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ပညာ သင်ဆု အပြည့်အဝဖြင့် နိုင်ငံတကာပညာရပ်များ သင်ယူခွင့် အခွင့်အရေးများ၊ နိုင်ငံတကာ ပညာရပ်များ ပိုင်ဆိုင်ကြမည့် ပညာရှင်များ၊ ပေါ်ပေါက်လာမည့် အခွင့်အရေးများကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ နှစ်စဉ်ဆုံးရှုံးမှု ပိုမိုများပြားလာကြောင်း သိရပါတယ်။ ဥပမာ ပညာသင်ဆု ၃၀ ဦး တစ်နှစ်ကိုခေါ်ယူလျှင် ယခင့်ယခင်နှစ်များက ၂၅ ဦးမှ ၂၈ ဦးထိ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ သော်လည်း  ယခုနှစ်များမှာဆိုရင် ၁၀ ဦး ခန့်လောက်သာရရှိသဖြင့် အခွင့်အရေးများ ဆုံးရှုံးလာ ခြင်းများ ဖြစ်ရပါတယ်။ ထိုသို့ ဖြစ်နေခြင်းအား သက်ဆိုင်ရာပညာရေးဌာနမှ သိရှိပါသလား။ သိရှိပါကလည်း နိုင်ငံတကာပညာသင်ဆုများကို မြန်မာပညာတော်သင် ကျောင်းသားများရဲ့ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ရာနှုန်းပြည့် စေလွှတ်နိုင်ရေးနှင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများမှ ပညာသင်ဆု အကူအညီများ ပိုမို၍ ရယူနိုင်ရေးကိစ္စများ ဆောင်ရွက်ရန် ရှိပါသလား။ ဆောင်ရွက်ရန် ရှိပါက မည်သည့်အချိန်ကာလမှာ ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတကာမှကမ်းလှမ်းလာသော ပညာသင်ဆုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းတာဝန်ပေးထားသော နိုင်ငံခြားပညာသင် စိစစ်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ကျွန်တော်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း ၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးအဆင့် ၄ ဦး၊ ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူ ၁၀ ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူ ၄ ဦးပါ သောအဖွဲ့ဖြင့် ဖွဲ့စည်းစိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးကို ရှေးရှုလျက် ပညာသင်များ ရွေးချယ်စေလွှတ်ပေးလျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ပညာသင်များ စေလွှတ်ပေးခဲ့မှုအခြေအနေကို အောက်ပါအတိုင်း စိစစ်တင်ပြအပ်ပါတယ်-

-         ၂၀၀၈ခုနှစ်တွင် နိုင်ငံပေါင်း ၂၉ နိုင်ငံသို့ဘွဲ့ ၊ဒီပလိုမာသင်တန်းသား ၁၆၄ ဦး၊ ဘွဲ့မယူ သော  သင်တန်းများနှင့် ဆွေးနွေးပွဲများသို့ ၁၅၄၂ ဦး၊ စုစုပေါင်း ၁၇၀၆ ဦး စေလွှတ်ခဲ့ ပါတယ်။

-         ၂၀၀၉ခုနှစ်တွင် နိုင်ငံပေါင်း ၃၂ နိုင်ငံသို့ဘွဲ့ ၊ဒီပလိုမာသင်တန်းသား ၂၅၂ ဦး၊  ဘွဲ့မယူ သော  သင်တန်းဆွေးနွေးပွဲများသို့ ၁၆၂၉ ဦး၊ စုစုပေါင်း ၁၈၈၁ ဦးကို စေလွှတ်ခဲ့ ပါတယ်။

-         ၂၀၁၀ပြည့်နှစ်တွင် နိုင်ငံပေါင်း ၃၆ နိုင်ငံသို့ ဘွဲ့၊ ဒီပလိုမာသင်တန်းသား ၂၉၇ ဦး၊  ဘွဲ့မယူသော  သင်တန်းဆွေးနွေးပွဲများသို့ ၁၄၆၉ ဦး၊ စုစုပေါင်း ၁၇၆၆ ဦးကို စေလွှတ်ခဲ့ ပါတယ်။

ထိုသို့ စေလွှတ်မှုများတွင် ၂၀၀၈ခုနှစ်တွင် အဆိုပြုသူဦးရေ ၁၇၂၉ ဦးအနက် ၁၇၀၆ ဦး ရာခိုင်နှုန်းအားဖြင့် ၉၈.၆၆ % စေလွှတ်နိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တွင် အဆိုပြုသူ ၁၈၉၂ ဦးအနက် ၁၈၈၁ ဦး ရာခိုင်နှုန်းအားဖြင့် ၉၉.၀၄% စေလွှတ်နိုင်ခဲ့ပါတယ်။ ၂၀၁၀ပြည့်နှစ်တွင် အဆိုပြုသူဦးရေ ၁၇၈၉ ဦး အနက် ၁၇၆၆ ဦး ရာခိုင်နှုန်းအားဖြင့် ၉၈.၇၁% ကို ရွေးချယ်စေလွှတ်နိုင်ခဲ့ပါတယ်။ ပါရဂူဘွဲ့ သင်တန်းများ စေလွှတ်မှုအခြေအနေကို စိစစ်သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၀၈ခုနှစ်တွင် အဆိုပြုသူ ဦးရေ ၂၉ ဦးအနက် ၂၉ ဦး စေလွှတ်နိုင်ခဲ့တာကြောင့် ရာခိုင်နှုန်းပြည့် စေလွှတ်နိုင်ခဲ့ပါတယ်။      ၂၀၀၉ ခုနှစ်တွင် ပါရဂူဘွဲ့အဆိုပြုသူ ၂၉ ဦးအနက် ၂၉ ဦး စေလွှတ်နိုင်ခဲ့တာကြောင့် ရာခိုင်နှုန်းပြည့်  စေလွှတ်နိုင်ခဲ့ပါတယ်။ ၂၀၁၀ပြည့်နှစ်တွင် ပါရဂူဘွဲ့ အဆိုပြုသူ ၂၈ဦးအနက် ၂၈ ဦး စေလွှတ်နိုင်ခဲ့တာကြောင့် ရာခိုင်နှုန်းပြည့်  စေလွှတ်နိုင်ခဲ့ပါတယ်။ မဟာဘွဲ့သင်တန်းများကို စိစစ် မယ်ဆိုရင် ၂၀၀၈ခုနှစ်တွင် အဆိုပြုသူ  ၆၅  ဦးအနက် စေလွှတ်နိုင်ခဲ့သူ ၆၄ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၈.၄၆% ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်တွင် အဆိုပြုသူ  ၁၅၂ ဦးအနက် စေလွှတ်နိုင်ခဲ့သူ ၁၄၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅.၃၆% ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တွင် အဆိုပြုသူ  ၂၀၅ ဦးအနက် စေလွှတ်နိုင်ခဲ့သူ ၁၉၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅.၁၂% စေလွှတ်နိုင်ခဲ့ပါတယ်။ စုစုပေါင်းအနေဖြင့် သုံးနှစ်တာကာလအတွင်းမှာ ပညာသင် ၅၄၁၀ ဦး၊ အဆိုပြုခဲ့ပြီး ၅၃၅၃ ဦး ရာခိုင်နှုန်းအားဖြင့် ၉၈.၉၅% စေလွှတ်နိုင်ခဲ့ပါတယ်။ ၁၀၀% မပြည့်ရသော အဓိကအကြောင်းရင်းများမှာ ပညာသင်ဆု ကမ်းလှမ်းစာကို အနီးကပ်အချိန်မှ လက်ခံရရှိခြင်း၊ သင်တန်းသားအဖြစ် လက်ခံမည်ဖြစ်ကြောင်း အတည်ပြုပြန်ကြားပေးစာ (Acceptance)နောက်ကျမှ ရောက်ရှိလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာပညာသင်ဆုများ ပိုမိုရရှိရေး၊ သင်တန်းသားများ နှစ်စဉ်ပိုမိုစေလွှတ်နိုင်ရေးအတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

          ဦးခင်မောင်ရည်(ခ)ဦးခိုင်မောင်ရည်၏ ဒုတိယမေးမြန်းချက်ဖြစ်သော မြန်မာပြည်တွင် မဟာဘွဲ့ရရှိသူများ ပြည်ပ၌ မဟာဘွဲ့ ထပ်မံယူခွင်‌့၊ သုတေသနပြုခွင့်တို့ ကန့်သတ်မှုရှိနေပါသော ကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြအပ်ပါတယ် ။

          ပညာသင်စေလွှတ်ရေးအဖွဲ့၏ စည်းကမ်းသတ်မှတ်ချက်များတွင် ပထမဘွဲ့ရရှိသူများအား တစ်ဆင့်မြှင့် ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့များအတွက် ရွေးချယ်မှုရှိသည်။ မဟာဘွဲ့ရသူများအား ပါရဂူဘွဲ့အတွက် ရွေးချယ်ရမည်။ ပညာရပ်တူတစ်ဆင့်နိမ်‌့ဘွဲ့၊ ဒီပလိုမာအတွက် စေလွှတ်ခွင့်မရှိပါဟု သတ်မှတ်ထားပါသဖြင့် မဟာဘွဲ့ရရှိပြီးသူများကို နိုင်ငံတကာမှ ကမ်းလှမ်းလာသော မဟာဘွဲ့များသို့ ထပ်မံစေလွှတ်ခြင်းမပြုဘဲ မဟာဘွဲ့ရပြီး အရည်အချင်းမှီသူများကို ပါရဂူဘွဲ့ သင်တန်းများသို့သာ စေလွှတ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနတွင် ဆရာ၊ ဆရာမပေါင်း ၂.၇ သိန်းကျော် အမှုထမ်းလျက်ရှိ ရာ နိုင်ငံခြားမှ ကမ်းလှမ်းလာသော ဘွဲ့မယူသောသင်တန်းများ၊ ဘွဲ့၊ ဒီပလိုမာသင်တန်းများ၊ မဟာသင် တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ ၊ ပါရဂူဘွဲ့လွန်သင်တန်းများသို့ အရည်အချင်းကိုက်ညီသူများအား ရာခိုင်နှုန်းပြည့် အဆိုပြုနိုင်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားပါသည်။