(ဃ)-ဖွဲ့စည်းဖြစ်ပေါ်လာမည့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၂-၃-၂၀၁၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)  အုပ်ချုပ်ရေးကဏ္ဍမှာ ပုဒ်မ ၂၈၉ အရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ၊သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ အုပ်ချုပ်ရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများရဲ့ ဆောင်ရွက်ချက်များဟာ နေ့တစ်ဓူ၀ လူထုနဲ့ ထိစပ်ဆောင်ရွက်ရတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကောင်းခြင်း မကောင်းခြင်းဟာ နိုင်ငံတော်အစိုးရရဲ့ ဂုဏ်သိက္ခာ အတက်အကျကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၂၈၉ အရ ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အတွက်ကြောင့် ရပ်ရွာလူထုဆန္ဒပါဝင်ရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကို ပထမ မေးခွန်းအနေနဲ့ ရပ်ကွက်နှင်‌့ ကျေးရွာအုပ်ချုပ်ရေးတွင် တာဝန်ယူမည့် ပုဂ္ဂိုလ်များကို မည်ကဲ့သို့ ရွေးချယ်စိစစ်တာဝန် ပေးအပ်မည်ကို သိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးနိုင်ရန် တင်ပြအပ်ပါတယ်။   ဆက်လက်ပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တွေဟာ လူထုအတွင်းမှာ နေ့စဉ် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေရတဲ့အတွက်ကြောင့် အာဏာအလွဲသုံးခြင်း ၊ ကိုယ်ကျိုးရှာခြင်းများ ဖြစ်ပေါ် လာနိုင်ပါတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ ပြည်သူလူထုရဲ့ ကြည်ညိုလေးစားမှုမရှိခြင်းနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို မလိုအပ်တဲ့ ကိစ္စတွေ မပေါ်ပေါက်စေရန်အတွက် ထိုပုဂ္ဂိုလ်များကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးသင့် တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ နံပါတ် ၂ မေးခွန်းအနေနဲ့ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေး တာဝန်ပေးအပ်ထားသူများကို မည်ကဲ့သို့ ချီးမြှင့်မည်၊ မည်ကဲ့သို့ ဥပဒေနဲ့အညီ ထိန်းကျောင်းမည်ကို သိရှိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးပါရန် တင်ပြအပ်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးကို တာဝန်ပေးအပ်ရာမှာ ကာလရှည်ကြာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ထမ်းဆောင်ဖူးသူများ ရှိနေပါတယ်။ ဒါ့ကြောင့်မို့လို့ တတိယမေးခွန်းအနေနဲ့ အဲဒီပုဂ္ဂိုလ်များကို ဖွဲ့စည်းဖြစ်ပေါ်လာမယ့် အုပ်ချုပ်ရေးကဏ္ဍမှာ ဆက်လက်တာဝန်ပေးအပ်ခြင်း ရှိ၊ မရှိနဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးတာဝန် ပေးအပ်ခြင်းကို ရာထူးသက်တမ်း အကြိမ်မည်မျှ သတ်မှတ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်ဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်းနဲ့ ပတ်သက်ပြီး‌တော့ ရပ်/ကျေးအဆင့်အုပ်ချုပ်ရေး မဖြေခင်မှာ သိစေလိုတဲ့အချက်လေးတစ်ချက် တင်ပြ လိုပါတယ်။ အဲဒါကတော့ ရပ်ကွက်/ကျေးရွာအဆင့် အုပ်ချုပ်ရေးစနစ်နဲ့ပတ်သက်ပြီးတော့ မေးမြန်း ထားသူကိုယ်စားလှယ် စုစုပေါင်း လေးဦးရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာ နှစ်ဦးမေးပြီးတော့၊ ပြည်ထောင်စုလွှတ်တော်မှာ နှစ်ဦးမေးထားပါတယ်။ အခြေအနေလေးကို သိစေချင်တဲ့ အတွက်ကြောင့် တင်ပြခြင်း ဖြစ်ပါတယ်။ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးနှင့်ပတ်သက်လို့ ကိုယ်စားလှယ်ကြီး နှစ်ဦး မေးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အနှစ်ချုပ်မေးခွန်းများကို ပြန်လည် တင်ပြရမယ်ဆိုလျှင်

(၁)     ရပ်ရွာ လူထုနဲ့ ပတ်သက်ပြီးတော့ မည်ကဲ့သို့ စိစစ်ရွေးချယ်မလဲ၊

(၂)     ဆုပေးဒဏ်ပေး စနစ်နဲ့ ပတ်သက်ပြီးတော့ ရပ် / ကျေးအုပ်ချုပ်ရေး တာဝန်ပေးထားတဲ့ လူတွေကို ဘယ်လိုချီးမြှင့်မလဲ၊ ဥပဒေနဲ့အညီ ဘယ်လို ထိန်းကျောင်းမလဲ။

(၃)     အချက်အနေနဲ့ ကာလတာရှည်စွာ တာဝန် ထမ်းဆောင်သူများကို ဆက်လက်တာဝန် ပေးအပ်ခြင်း ရှိ၊ မရှိ ရာထူးသက်တမ်းကို အချိန်မည်မျှ သတ်မှတ်ထားမည်ကို သိရှိလို ပါတယ်ဆိုပြီးတော့ ပထမကိုယ်စားလှယ်ကြီးက မေးပါတယ်။

ဒုတိယကိုယ်စားလှယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာကြီး ဦးအောင်ကျော်ဇံ မေးမြန်းချက်မှာတော့ အနှစ်ချုပ်အားဖြင့် ဥပဒေနှင့်အညီ မည်သည့်နည်းလမ်းဖြင့် ရွေးချယ်ခန့်အပ်ပေးမလဲ။ ဆောင်ရွက်ပုံနည်းစနစ် သို့မဟုတ် လုပ်ထုံး လုပ်နည်းများ သတ်မှတ်ထုတ်ပြန်ပေးမည်လား ဆိုပြီးတော့  နှစ်ချက်မေးတာ ဖြစ်ပါတယ်။ အဲဒီမေးခွန်း အချက် ငါးချက်ဟာ နောက်မေးတဲ့မေးခွန်းနှစ်ချက်က တူညီပြီးဖြစ်ပါတယ်။ ဒီဟာ နှစ်ခု၊ မေးခွန်း ငါးခု နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ရှင်းလင်း‌ြဖေကြားပါမယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမမေးခွန်းဖြစ်တဲ့ ရပ်ရွာက ကြည်ညိုလေးစားပြီး သမာဓိရှိသည့် ပုဂ္ဂိုလ်ဆိုသည်မှာ ရပ်ရွာမှ အလေးအမြတ်ပြု၍ လေးစားသော စောင့်စည်းအပ်သည့် ဂုဏ်သိက္ခာနဲ့ စောင့်စည်းထိန်းသိမ်းအပ်သော ကိုယ်ကျင့်တရား၊ တည်ကြည် ‌ြဖောင့်မတ်မှုရှိသူကို ဆိုလိုပါသည်လို့ မြန်မာအဘိဓာန်စာအုပ် စာမျက်နှာ ၂၃ ၊ ၂၈၉ ၊ ၃၂၉ နဲ့ ၃၃၁ မှာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အရည်အချင်း နှစ်ရပ် ရှိတယ်မရှိဘူးဆိုတာ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာမှာ နေထိုင်တဲ့လူတွေက အသိဆုံးဖြစ်ပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှာ တာဝန်ယူမယ့်သူတွေကို ရွေးချယ်မှုနဲ့ပတ်သက်လို့က ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေအားလုံး ပြဋ္ဌာန်း ပြီးသားဖြစ်ပါတယ်။ ယနေ့အထိလည်း အဲဒီ ပြဋ္ဌာန်းပြီးတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြား       ချက်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။ အောက်ပါ အရည်အချင်းများနဲ့ ကိုက်ညီသူများကိုသာ ရွေးချယ်ထားသည့်နည်းစနစ်အတိုင်း တာဝန်ပေးမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က  ထုတ်ပြန်တဲ့ ညွှန်ကြားချက် ၊ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် မှာ ထုတ်ပြန်တဲ့ ညွှန်ကြားချက် ၊  ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှာ ထုတ်ပြန်တဲ့ ညွှန်ကြားချက်များအရ တရားဝင်သတ်မှတ် ထားပြီး ဖြစ်ပါတယ်။ အဲဒီအရည်အချင်းတွေကတော့ -

(က)    ရပ်ကွက်/ကျေးရွာ အုပ်စုမှ ကြည်ညိုလေးစားသူ၊

( ခ )   မည်သည့် နိုင်ငံရေးအဖွဲ့အစည်းမှ ပါဝင်သူမဖြစ်စေရ၊

( ဂ )   အစိုးရအဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျာခင်းသူများမဖြစ်စေရ၊

(ဃ)    မိသားစု ဆွေမျိုးစု အင်အားဖြင့်ခေတ်အဆက်ဆက် ဆိုးမိုက်နေသူများ မဖြစ်စေရ၊

( င )   မြို့နယ် အဖွဲ့အစည်းသို့ ချဉ်းကပ်၍အခွင့်အရေးကို လက်ဦးမှု ရယူတတ်သူများ မဖြစ်စေရ၊

( စ )   ပြီးခဲ့သည့်အရေးအခင်းများတွင် ပါဝင်လှုပ်ရှားခဲ့သူများ၊ နည်းမျိုးစုံဖြင့် အားပေးအား မြှောက်ပေးသူများ မဖြစ်စေရ၊

(ဆ)    နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများကို ဆန့်ကျင်သူများ မဖြစ်စေရ၊

( ဇ )   အမှုအခင်းမရှိသော နယ်ဘက်စစ်ဘက်အငြိမ်းစားများ၊ ရပ်မိရပ်ဖထဲမှ ကြည်ညိုလေး စားမှုရှိသူ၊ အကျင့်စာရိတ္တကောင်းမွန်သူများကို စိစစ်ရွေးချယ်ရန်၊

( ဈ )   ရပ်ကွက်/ကျေးရွာအုပ်စု စာရေးမှအပ တာဝန်ထမ်းဆောင်ဆဲ အခြားဝန်ထမ်းများကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းမပြုရန်၊

(ည)    ပြစ်မှုကျူးလွန်သူများ၊ ပြစ်ဒဏ်ကျခံသူများ၊ ဆိုးသွမ်းသူများနှင့် ရပ်ရွာလူထု၏ ကြည်ညိုလေးစားမှု မရှိသူများ မဖြစ်စေရ၊

လို့ ညွှန်ကြားချက် သုံးခုမှာ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အမိန့်ညွှန်ကြားချက်မှာတော့ ရွေးချယ်တဲ့စနစ်နဲ့ပတ်သက်ပြီး ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ဖော်ပြထားတာကတော့

(က)    မြို့နယ်အဖွဲ့ဝင်များကိုသာ ကွင်းဆင်းပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ ပြည်သူများနှင့် မျက်နှာစုံညီ လက်ဖက်ရည်ဝိုင်းပုံစံဖြင့် ထိတွေ့ရွေးချယ်ရန်၊

(ခ )    အဖွဲ့ဝင် လျာထားသူများ၏ နောက်ကြောင်းအချက်အလက်များရယူ၍ ပြည်သူအပေါ် ထားရှိသည့်သဘောထား မှန် မမှန် စိစစ်ရန်၊

(ဂ )    အဖွဲ့ဝင်အဖြစ် လျာထားသူများအား ကိုယ်တိုင်တွေ့ဆုံစိစစ်မေးမြန်းရန်၊

(ဃ)    ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ့နာယက အဖွဲ့မှ ဆရာတော်များထံ တင်ပြလျှောက်ထား ၍ သဘောထားယူရန်၊

(င )    ရွေးချယ်ရာတွင် အဖွဲ့ဝင် သုံးဦးနှင့် အရန် သုံးဦးရွေးချယ်တင်ပြရန်၊

ယင်းတို့အထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် မြို့နယ်မှ ရွေးချယ်ပေးအပ်ရန် ဆိုပြီးတော့ ညွှန်ကြားထားတာ ရှိပါတယ်။

နံပါတ် ၂ မေးခွန်းဖြစ်တဲ့ ဆုပေးဒဏ်ပေးစနစ်နဲ့ ပတ်သက်ပြီးတော့ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းအရ သူကြီးဆိုသည်မှာ ပုံသေလစာ ငွေကြေး ခံစားရခြင်းမရှိဘဲနဲ့ ကောက်ခံငွေများအပေါ်တွင် ခိုင်ကြေးရရှိသူဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ District Act    ပုဒ်မ ၄ အရ မြန်မာနိုင်ငံအပေါ်မှာ ‌ြမေခွန်တော်အတွက် တန်ဖိုးဖြတ် စည်းကြပ်ရာတွင် အခွန်စည်းကြပ်နိုင်သည့် အခွင့်အာဏာဖြင့် မြေခွန်ကောက်ခံပြီး ယင်းကောက်ခံရရှိသည့် အခွန်တော် ၏ ၁၀ % ကို အခွန် ကောက်ခံသူအား ပြန်လည်ပေးအပ်ခြင်းလို့ ဖော်ပြထားတဲ့အတွက် ခိုင်ကြေးရရှိပြီး ဖြစ်ပါတယ်။ အခွန်တော် ကောက်ခံသူဟာ ၁၉၀၇ ခု ၊ မြန်မာနိုင်ငံ အက်ဥပဒေ ပုဒ်မ ၃၊ မြို့ပြဥပဒေ ၇/၁ (စ) အရ ကျေးရွာရဲ့ အကြီးအကဲသည် ‌ြမေပိုင်သူများထံမှ အစွမ်းကုန် အခွန်ကောက်ခံရန် တာဝန် ပေးအပ် ထားပါသည်လို့ ဖော်ပြထားပါသည်။ ရှေးယခင် အဆက်ဆက်ကပဲ ရွာလူကြီး တာဝန် ထမ်းဆောင်သူ များဟာ အခကြေးငွေကို အဓိကမထားဘဲနဲ့ ဂုဏ်သိက္ခာကိုသာ တန်ဖိုးထား ဆောင်ရွက်ခဲ့တဲ့ အကြောင်းကို တွေ့ရှိရပါတယ်။ လစာငွေကြေးပေးလို့ရှိရင် ငွေကြေးကိုတွက်ပြီး ဆောင်ရွက်တတ်တဲ့ အတွက်ကြောင့် အုပ်ချုပ်မှုအပိုင်းမှာ ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်။ ယခုကာလအထိလည်း ကောက်ခံရရှိတဲ့ အခွန်တွေပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ခိုင်ကြေးများကို ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရပ်ကွက်/ကျေးရွာ အက်ဥပဒေအရ ယင်းတို့ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်ပေးထားပြီး ဖြစ်တဲ့အတွက်ကြောင့် လစာငွေကြေးပေးရန် မလိုအပ်တော့ပါ။ ဂုဏ်သိက္ခာ ကို တန်ဖိုးထားဆောင်ရွက် သည်ဆိုပါက အုပ်ချုပ်ရေးသမားများအနေနဲ့ ဂုဏ်သိက္ခာနဲ့အညီ အုပ်ချုပ်ဆောင်ရွက်ရမည်ဖြစ်၍ သိက္ခာရှိသည့် အုပ်ချုပ်မှုစနစ်ဖြစ်ပြီးတော့ တည်ငြိမ်မှုလည်း ရလာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဥပဒေ အမှတ် ၆၊ ကျေးရွာအက်ဥပဒေ ပုဒ်မ ၆ တာဝန်နဲ့အာဏာများအခန်းမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန် များလည်း သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ အုပ်ချုပ်သူများဟာ သတ်မှတ်ထားတဲ့ ဥပဒေဘောင် အတွင်းမှသာ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ထိန်းကျောင်းမှုဟာ အလိုလိုရှိလာပြီး ဖြစ်ပါတယ်။

ရပ်/ကျေးတာဝန်ရှိသူများဆက်လက်တာဝန်ပေးအပ်ခြင်း ကာလ သတ်မှတ်ချက်နဲ့ ပတ်သက် ပြီးတော့ တတိယမေးခွန်းကို ကျွန်တော်တို့ ‌ြဖေကြားသွားမှာ ဖြစ်ပါတယ်။ ယခင်တုန်းက ရာထူး သက်တမ်း ကြာလာလို့ရှိရင် မလိုလားအပ်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့ဖြစ်စဉ်ရှိတဲ့ အတွက်ကြောင့် သက်တမ်း သုံးနှစ် သတ်မှတ်ပေးခဲ့ပါတယ်။ အုပ်ချုပ်မှု ဖြစ်စဉ်များမှာ ဘက်လိုက်ခြင်း၊ ဖောက်ပြန်ခြင်း တို့ကြောင့် ရာထူးက ဖယ်ရှားမှုများလည်း လက်ရှိ ဆောင်ရွက်လျက်ရှိပါတယ်။  နိုင်ငံတော်မှာ ရပ်ကွက် ၃၄၀၂ ခု ၊ ကျေးရွာအုပ်စု ၁၃၆၂၉ ခု ရှိပါတယ်။ အသစ်ရွေးချယ်ခြင်း၊ တင်မြှောက်ခြင်းများလည်း မပြတ်ဆောင်ရွက်ပေးနေရတဲ့ အခြေအနေရှိပါတယ်။ ခန့်အပ်ထားတဲ့ ရာထူးက ဖယ်ရှားရတဲ့ အရေအတွက်ကို ပြန်ကြည့်ရင် .၀၀၇% သာ ရှိတယ်လို့ ကျွန်တော်တို့ မှတ်တမ်းများအရ စိစစ်ဖော်ထုတ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ရာထူးတာဝန်ပေးအပ်ခြင်းနဲ့ ပတ်သက် ပြီးတော့ သက်တမ်း၊ အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရွေးချယ်ခန့်အပ်ပြီးသော ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ ပြည်သူက မကျေနပ်၍ တိုင်ကြားစာများ ပေါ်ပေါက်လာပါက စုံစမ်းခြင်း၊ အရေးယူခြင်း၊ ရာထူး ဖယ်ရှားခြင်းများကို မပြတ်ပြုလုပ်လျက်ရှိပါတယ်။ အလျဉ်းသင်‌့လို့ ဖြည့်စွက် တင်ပြချင်တာကတော့ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ နိုင်ငံတစ်ဝန်းလုံးဖြန့်ချိတဲ့ သတင်းစာတွေထဲမှာ မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တရား ရပ်/ကျေးရေးရာအဆင့်နဲ့ ပတ်သက်ပြီးတော့ ကျေနပ်မှု မရှိလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနကို ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း တင်ပြနိုင်တယ်။ အကြောင်းကြားနိုင်တယ်ဆိုတာ ဝန်ကြီးဌာနအနေနဲ့ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ယနေ့ အထိလည်း အဲဒီအတိုင်းပဲ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အတွက်ကြောင့် ဗဟုသုတ အနေနဲ့ ပြောကြားရမယ်ဆိုရင် ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ရပ်/ကျေး မြို့နယ်အဆင့်က တင်ပြလာတဲ့ ပြည်သူတစ်ဦးချင်းရဲ့ တင်ပြစာဟာ လစဉ် ၈၀၀ ၊ မူလပိုင်းမှာ ၈၀၀ ခန့်ရှိပြီး‌တော့ ယခု လစဉ် ၂၀၀၀ ခန့် တက်နေပါတယ်။ ဒီတက်နေတာနဲ့ပတ်သက်ပြီးလည်း သက်ဆိုင်ရာ ဝန်ကြီးအဖွဲ့ဌာနမပါတဲ့ အခြား ဌာနများနဲ့ စုံခုံများ ဖွဲ့စည်းပြီးတော့ သတင်းစာထဲမှာ ကြေညာတဲ့အတိုင်း လက်တွေ့ ဆောင်ရွက်လျက် ရှိပါတယ်။ အရေးယူမှုများနဲ့ ပတ်သက်လို့လည်း ၂၀၀၉-၂၀၁၀ နှစ်ချုပ်စာရင်းများ ရှိပါတယ်။ သိလိုသူများရှိရင် အစည်းအ‌ဝေးနားတဲ့ ပြင်ပအချိန်မှာ မေးမြန်းလို့ရပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့တော့ အုပ်ချုပ်ရေး ယန္တရားခိုင်မာနိုင်ဖို့အတွက် နည်းစုံလမ်းစုံ အခွင့်အရေးပေါင်းစုံနဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေး ယန္တရားနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်၊ အမိန့်၊ ကျင့်သုံးနေတဲ့ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ပတ်သက်လို့ ကျွန်တော်တတ်စွမ်းသမျှ ရှာဖွေ စုဆောင်းပြီးတော့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ယခုလို ‌ြဖေကြားပေးရခြင်းကို များစွာကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။