(ဆ)-ကြည့်မြင်တိုင် တစ်ဖက်ကမ်း ကျေးရွာများတွင် တိုက်နယ်ဆေးရုံဆောက်လုပ်ပေးရန်နှင့် ဆရာဝန် များ အချိန်ပိုင်းတာဝန်ထမ်းဆောင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀.၇.၂၀၁၂)

ကြည့်မြင်တိုင် မဲဆန္ဒနယ်မြေအတွင်းမှာ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာပေါင်း ၁၁ ရွာ ရှိပြီးတော့ လူဦးရေပေါင်းဟာ ၃၆၉၀၀ ရှိပါတယ်။ ပြည်သူများ မကျန်းမာခဲ့လျှင်သော်လည်းကောင်း၊ မီးဖွားခြင်းကိစ္စများ ပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ အခြားအရေးပေါ် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာလျှင် သော်လည်းကောင်း တိုင်းရင်းဆေးဆရာများနှင့် ကျန်းမာရေးမှူးများကိုသာ အားကိုးနေကြရပါတယ်။ အချိန်မရှိ ညသန်းခေါင်အရေးပေါ်ကိစ္စဖြစ်လျှင်လည်း မြို့ဘက်ကမ်းသို့ အခက်အခဲများစွာ ကြုံတွေ့ပြီးတော့ ကူးလာကြရပါတယ်။ မိုးတွင်းဖြစ်ပါကလည်း လှိုင်းလှေများ ကြားက ခက်ခက်ခဲခဲကူးကြရသဖြင့် မီးဖွားပြီး မိခင်တချို့နှင့် ရောဂါအသည်းအသန် ဖြစ်နေသော လူနာတချို့ဟာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားကြသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်ရပါတယ်။ မြို့ဘက်ကမ်းမှာတော့ မြို့နယ်ဒေသန္တရဆေးရုံက တစ်ရုံ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးက တစ်ရုံ၊ ပုဂ္ဂလိက အာရှတော်ဝင်ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးခန်းများဖြင့် ပြည့်စုံစွာတည်ရှိနေပါတယ်။ မြို့ဘက်ကမ်းရှိဒေသန္တရဆေးရုံကို မြို့နေလူထုက လာရောက်ကုသမှု အလွန်နည်းပါးနေပါတယ်။ မြို့နယ်ဒေသန္တရဆေးရုံရှိ ဆရာဝန်များနှင့် Nurse များကို အားကိုးနေကြတဲ့ ကျေးရွာပြည်သူများထံသို့ သွားရောက်ကုသပေးသင့်ပါတယ်။ သို့ပါ၍ ကျွန်တော်မေးမြန်းလိုသော မေးခွန်း (၁) တစ်ဖက်ကမ်း ကျေးရွာ ၁၁ ရွာအတွက် ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ (၂) ဘဏ္ဍာငွေ အခက်အခဲရှိပါကလည်း မြို့ဘက်ကမ်းတွင် တာဝန်ကျနေသော ဆရာဝန်များနှင့် Nurseများကို အချိန်ပိုင်းအဖြစ် ကျေးရွာများသို့ တာဝန်ထမ်းဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်မှ ကြည့်မြင်တိုင် မြို့နယ် တစ်ဖက်ကမ်း ကျေးရွာပေါင်း ၁၁ ရွာ ရှိ လူဦးရေပေါင်း ၃၆၉၀၀ အတွက် တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တိုက်နယ်ဆေးရုံဆောက်လုပ်ရန် ဘဏ္ဍာငွေအခက်အခဲ ရှိပါက ကြည့်မြင်တိုင်မြို့နယ် ဒေသန္တရဆေးရုံမှ ဆရာဝန်များ တစ်ဖက်ကမ်းရှိ ဆေးရုံများသို့ အချိန်ပိုင်းတာဝန်ထမ်းဆောင်ရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ တိုက်နယ်ဆေးရုံတစ်ရုံဖွင့်လှစ်ရန် လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဖော်ပြပါအချက်များကို သတ်မှတ်ထားရှိ စိစစ်လျက်ရှိပါတယ်။ (၁) ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားရှိသော ကျေးရွာဖြစ်ရမည်ဖြစ်ပြီး ၎င်းကျေးရွာလူထုမှ ယင်းကျေးလက်ကျန်းမာရေးဌာန ကို အသုံးချမှု ရာခိုင်နှုန်း Utilization Rate ကောင်းမွန်ရမှာ ဖြစ်ပါတယ်။ အဆောက်အဦ ဆောက်လုပ်ရန် မြေဧက အနည်းဆုံး ၄ ဧက ရှိဖို့ လိုအပ်ပါတယ်။ အဆောက်အဦ ပုံစံကို Type Plan အတိုင်း ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ရန် တာဝန်ယူနိုင်ရမယ့် ရွာလည်းဖြစ်ရပါမယ်။ တိုက်နယ် ဆေးရုံတည်နေရာသည် မြို့နယ်ဆေးရုံနှင့် ၁၀ မိုင်ထက်ဝေးသောနေရာဖြစ်ခြင်း၊ တိုက်နယ်ဆေးရုံရှိပြီး ဖြစ်ပါကလည်း ယင်းတိုက်နယ်ဆေးရုံနှင့် အနည်းဆုံး ၁၀ မိုင်ထက်ဝေးသောနေရာဖြစ်ခြင်းလည်း ထားရှိပါတယ်။ အိမ်ခြေနှင့် အိမ်ထောင်စုလူဦးရေများပြားပြီး လူဦးရေသိပ်သည်းမှုများပြားခြင်းဆိုတဲ့ ဟာလည်း အချက်တစ်ချက်ပါပါတယ်။ လုံခြုံမှုကောင်းမွန်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ မြို့နယ်ဆေးရုံများသို့ လာရောက်ရန်ခက်ခဲသောနယ်မြေမှ လူနာများ အလွယ်တကူ လာရောက်နိုင် သောနေရာဖြစ်ခြင်း စသည့် အချက်တွေပေါ် မူတည်ပြီးတော့ စဉ်းစားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ် တစ်ဖက်ကမ်းမှာတည်ရှိတဲ့ ဆေးရုံတစ်ရုံဖွင့်လှစ်ရန် လိုအပ်သော အချက်များကိုစိစစ်ပြီးတော့ အကယ်၍ ပြည့်စုံမယ်ဆိုလို့ရှိရင် အဆင့်ဆင့်တင်ပြပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း အရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ စက်ဆန်းကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲ သုံး ခုရှိပြီးတော့ လက်ထောက်ကျန်းမာရေးတစ်ဦး ဦးဆောင်ပြီးတော့ သားဖွားဆရာမများနှင့် ပြည်သူလူထုအတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုများကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကြည့်မြင်တိုင်မြို့နယ် ဒေသန္တရဆေးပေးခန်းမှ ဆရာဝန်များမှ တစ်ဖက်ကမ်းရှိကျေးရွာများသို့ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အရေးပေါ် အခြေအနေလိုအပ်ပါက ကွင်းဆင်းဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ပေးတဲ့အပြင် အထူးကုဆရာဝန် ကြီးများအနေနဲ့လည်း လိုအပ်သည့်အားလျော်စွာ အချိန်ပိုင်းသွားရောက် တာဝန်ထမ်းဆောင်လျက် ရှိတဲ့အတွက် လက်ရှိအချိန်ပိုင်း သတ်သတ်မှတ်မှတ် တာဝန်ထမ်းဆောင်ရန် အစီအစဉ်မရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။