ကယားပြည်နယ်မှာ မြို့နယ်ပေါင်း ၇ မြို့နယ်ရှိ သည့်အနက် လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုမြို့နယ်များပြီးရင် ဖရူဆိုမြို့နယ်ဟာ တတိယမြို့နယ် အဆင့်မှာ ရှိပါတယ်။ တတိယမြို့နယ်အဆင့်ဖြစ်တဲ့ ဖရူဆိုမြို့နယ်ဟာ လက်ရှိမှာ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနမရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများအနေဖြင့် ၁၀ မိုင်ကျော် ခန့်အလှမ်းဝေးကွာနေတဲ့ ဒီမောဆိုမြို့နယ် စာစစ်ဌာနသို့ နှစ်စဉ်နှင့်အမျှ သွားရောက်ဖြေဆိုခဲ့ကြရ ပါတယ်။ ဒီလိုသွားရောက်ဖြေဆိုခဲ့ကြရာမှာ သွားရေးလာရေး ခရီးကြန့်ကြာမှု၊ ညအိပ်တည်းခိုနေထိုင် ရေး၊ စားရေးသောက်ရေး၊ ကြိုပို့ရေး၊ ရေ၊ မီးများအခက်အခဲရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ အနီးကပ်ကြီးကြပ်အုပ်ထိန်းမှု၊ အုပ်ချုပ်ရေးအပါအဝင် အခက်အခဲ ပေါင်းစုံရင်ဆိုင်ကြုံတွေ့ခဲ့ကြရ ပါတယ်။ ကျောင်းသား ကျောင်းသူများအနေဖြင့် အခက်အခဲများကြောင့် စိတ်ဖိစီးမှုဒဏ်ခံခဲ့ကြရပြီး အောင်ချက်မြင့်မားရေးကိုပါ အနည်းနှင့်အများ ထိခိုက်စေခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ အထူးသဖြင့် ဖရူဆိုမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရမယ့် ရက်မတိုင်မီ ၃ လအလိုမှာ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ညအိပ်စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိရာ ဖရူဆိုမြို့နယ် မှာသာ စာစစ်ဌာနရှိမယ်ဆိုပါက လေ့ကျင့်ရေးစခန်းမှ စာစစ်ဌာနသို့ အခက်အခဲမရှိ လွယ်လင့်တကူ သွားရောက်ဖြေဆိုနိုင်ကြမှာဖြစ်ပြီး ခရီးကြန့်ကြာမှုမှလည်း အဆင်ပြေချောမွေ့စေနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေမကဘဲ ကျောင်းသား ကျောင်းသူများရဲ့ ကျန်းမာရေးနှင့် အောင်ချက်မြင့်မားရေးတို့ကိုပါ မြို့နယ် ကျန်းမာရေးဝန်ထမ်းများဖြင့် အလှည့်ကျ စောင့်ရှောက်ပြုစုပေးနိုင်ရုံသာမက အာဟာရဖြည့်တင်းမှု အပိုင်းရော၊ အုပ်ထိန်းကွပ်ကဲမှုအပိုင်းများပါ အနီးကပ်စောင့်ရှောက်ပြုစုပေးနိုင်မှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဖရူဆိုမြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း တည်းသာရှိပြီး အထက်တန်းပြဆရာ ဆရာမ အင်အားအနေဖြင့် ၁၂ ဦးရှိပါတယ်။ တစ်ဆက်တည်းမှာပဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူများရဲ့ အခြေအနေကို အနီးစပ်ဆုံး ပညာသင်နှစ်များဖြစ်ကြတဲ့ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှာဆိုရင်ဖြင့် ဝင်ရောက်ဖြေဆိုသူပေါင်း ၁၀၃ ဦးရှိသည့်အနက် ၄၃ ဦးအောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁.၇၅ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှာဆိုရင်ဖြင့် ဝင်ရောက်ဖြေဆိုသူပေါင်း ၁၀၄ ဦးရှိသည့်အနက် ၃၂ ဦးအောင်မြင် ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၀.၇၇ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာဆိုရင်ဖြင့် ဝင်ရောက်ဖြေဆိုသူပေါင်း ၁၃၇ ဦးရှိသည့်အနက် ၃၄ ဦးအောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၄.၈၂ ရာခိုင်နှုန်းရှိပါတယ်။ ရိုသေလေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုပညာနှစ်ဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ် နှစ်စမှာပင် ဖရူဆိုမြို့နယ်၏ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများဦးရေမှာ ၁၆၀ ဦးရှိသည်ဟုလည်း သိရှိရပါတယ်ခင်ဗျား။ ဖရူဆိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက လုံခြုံရေးအနေဖြင့် တပ်ရင်း ၂ ရင်းနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းများ ရှိထားပြီး ဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှုအတွက်ဆိုရင်လည်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဆေးပေးခန်းများ ရှိထားပြီး ဖြစ်ပါတယ်။ အလားတူ စာဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူများ နေရာချထားပေးနိုင်သည့် ကျောင်းဆောင်ခန်းများလည်း အလုံအလောက်ရှိထားပြီး ဖြစ်ပါတယ်။ မေးခွန်းအဖြေလွှာများ လုံခြုံအောင်ထိန်းသိမ်းထားနိုင်ရန်အတွက် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း အတွင်းမှာပင် ငွေတိုက်အဆောက်အဦ တစ်ခုလည်းရှိထားပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖရူဆိုမြို့နယ် ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ရည်မှန်းချက် ထားပြီး ဖရူဆိုမြို့နယ်အား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်းစာစစ်ဌာန ဖွင့်လှစ် ပေးနိုင်ရေးအတွက် အောက်ပါမေးခွန်းများ မေးမြန်းတင်ပြအပ်ပါတယ်။ မေးခွန်း(၁) ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဖရူဆိုမြို့နယ်အား တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဖွင့်လှစ်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ မေးခွန်း(၂) အကယ်၍ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အကြောင်းကြောင့် မဖွင့်ပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖရူဆို အခြေခံပညာ အထက်တန်းကျောင်းမှာ စာဖြေသူ ၄၀၀ ဦး အများဆုံးနေရာချထားပေးနိုင်ပြီး ယခုနှစ် စာဖြေမယ့် သူပေါင်းက ၁၆၀ ဦး ရှိသဖြင့် ဝင်ဆံ့ဦးရေအရ စာဖြေခန်းလုံလောက်မှုရှိခြင်း၊ မြို့နယ်ဆေးရုံရှိခြင်း၊ မေးခွန်းထားရန်အတွက် ငွေတိုက်ရှိပြီး လုံခြုံရေးအတွက် တပ်ရင်းတပ်ဖွဲ့၊ ရဲစခန်းများရှိခြင်း၊ စာစစ် ဌာန ဖွင့်လှစ်ပေးပါက စာမေးပွဲကြီးကြပ်ရန်အတွက် အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်း ကျောင်းအုပ် ဆရာ ဆရာမများ လုံလောက်မှု ရှိခြင်းစတဲ့အချက်အလက်များ ပြည့်စုံမှုရှိပါတယ်။ သို့ပါ၍ ဖရူဆို မြို့နယ်မှာ စာစစ်ဌာန လုံးဝမရှိတဲ့အတွက် လာမည့် ၂၀၁၂ -၂၀၁၃ ပညာသင်နှစ်တွင် စာစစ် ဌာနအသစ်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
