ချင်းပြည်နယ်မှာ သဘာဝအလေ့ကျပေါက်ရောက်နေတဲ့ ထင်းရှူးဆီ၊ ထင်းရှူးပင်ဆိုတာရှိပါတယ်။ မြင်ဖူးသူရှိကြသလို၊ မမြင်ဖူးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ထင်းရှူးပင်ကနေပြီးတော့ ရော်ဘာပင်လိုပဲ ထင်းရှူးဆီများကို ထုတ်လုပ်လို့ရပါတယ်။ ထင်ရှူးဆီထုတ်လုပ်ရေးလုပ်ငန်းများကို ကျွန်တော်တို့ယခင် မဆလအစိုးရလက်ထက်မှာ ဖလမ်း မြို့နယ် စီစံမောရွာမှာ စက်ရုံတစ်ရုံ၊ ဟားခါးမြို့နယ် လောက်လုံကျေးရွာမှာ စက်ရုံတစ်ရုံ၊ မင်းတပ် မြို့နယ် ဝန်းသိုမှာ စက်ရုံတစ်ရုံတည်ထောင်ပြီးတော့ ထင်းရှူးဆီခဲများကို ချက်လုပ်ပါတယ်။ ထင်းရှူး ဆီခဲကနေပြီးတော့ တာပင်တိုင်ဆီဆိုပြီးတော့ အဲဒီအဆင့်အထိ ထုတ်လုပ်ခဲ့ပါတယ်။ တာပင်တိုင်ဆီဟာ ဆိုလို့ရှိရင် အနည်းဆုံး၊ အနိမ့်ဆုံးအနေနဲ့ ကိုယ်လက်ကိုက်ခဲခြင်း၊ အရိုးအဆစ်နာခြင်း၊ ရောင်ခြင်း အမျိုးမျိုးမှာလည်း လိမ်းဆေးအဖြစ်နဲ့ အင်မတန်မှ အသုံးဝင်တဲ့ဆီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အချိန်ကာလကြာလာတဲ့အခါမှာ ဟိုတစ်ချိန်တုန်းကလို ထင်းရှူးဆီ ကောက်ယူရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့လုပ်သားများဟာ ယခင်က ရာရှင်ဆိုတဲ့ဆန်ခွဲတမ်း ရရှိကြသော်လည်းပဲ နောက်ပိုင်းမှာ ဆန်ခွဲတမ်းမရရှိနိုင်တော့တဲ့အခါမှာ ထင်းရှူးဆီ ကောက်ယူရေးလုပ်ငန်းဟာလည်း ပျက်စီးသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ယာအလုပ်နဲ့ အသက်မွေးနေရတဲ့ ချင်းပြည်နယ် မှာရှိတဲ့ လုပ်သားများဟာ သူတို့ရဲ့ရိက္ခာအတွက် အစိုးရကနေပြီးတော့ ထောက်ပံ့တဲ့ ဆန် ၈ ပြည် လစဉ်မှန်မှန်ရတဲ့အခါမှာ ထင်းရှူးဆီကောက်ယူရေးလုပ်ငန်းကို အချိန်ပေးလုပ်နိုင်ပါတယ်။ သို့သော် လည်းပဲ အဲဒီခွဲတမ်းများဟာ ဖြတ်တောက်သွားတဲ့အခါမှာ သူတို့အနေနဲ့ မိမိရဲ့ဝမ်းစာအတွက် တောင်ယာလုပ်ငန်းခွင်ထဲ ပြန်ဝင်ရတာဖြစ်တဲ့အတွက်ကြောင့် ထင်းရှူးဆီအရိုင်းများ ကောက်ယူ ခြင်းကို လုပ်ကိုင်ဖို့ရာအခြေအနေမရှိတော့တဲ့အတွက်ကြောင့်။ နောက်ပြီးတော့ အစိုးရအနေနဲ့လည်း စက်ရုံအနေနဲ့ အရှုံးပေါ်လို့လားတော့ သေချာမသိပါဘူး။ စက်ရုံများကိုလည်း ပြန်လည်ပြီးတော့ ရုပ်သိမ်းသွားတာဖြစ်ပါတယ်။ အခုတင်ပြလိုတာကတော့ စက်ရုံများတည်ဆောက်ဖို့ အခက်အခဲရှိလို့ ရှိရင် ဒီထင်းရှူးဆီအရိုင်းများကို ကောက်ယူပြီး တစ်ပိုင်တစ်နိုင်နဲ့ မိမိနယ်မြေမှာရှိတဲ့ အပင်များကနေ ပြီးတော့ ရော်ဘာစေးခြစ်သလိုပဲ ကောက်ယူပြီးတော့ အဝယ်ဒိုင်တွေ ဖွင့်ပေးမယ်ဆိုလို့ရှိရင် သင့်တင့် လျောက်ပတ်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူပေးမယ်ဆိုလို့ရှိရင် တောင်သူများ အလုပ်အားချိန်မှာသော်လည်း ကောင်း၊ မိမိတို့ရရှိတဲ့အချိန်ပိုလေးထဲမှာ အဲဒီဆီရိုင်းတွေကို ကောက်ယူသိမ်းဆည်းပြီးတော့ အဝယ်ဒိုင် တွေမှာ ပေးသွင်းမယ်ဆိုလို့ရှိရင် သူတို့အတွက် အခြားအပိုဝင်ငွေများ ရရှိနိုင်ဖို့ရာ အလားအလာ ရှိနိုင်ပါတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အားလုံးသိတဲ့အတိုင်းပဲ အားနာနာနဲ့ ပြောရမယ်ဆိုရင် ချင်းပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမှုဟာ စာဖွဲ့လို့တောင်မရနိုင်လောက်အောင်ကို ဖြစ်နေ တဲ့အခြေအနေမှာ ရှိနေပါတယ်။ အားလုံးဖိတ်ခေါ်ပါတယ်။ လာကြည့်ကြပါ။ တကယ်ပဲ မျက်စိနဲ့မြင်မှ ပဲ ယုံကြမယ်ထင်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုနေရာမျိုးမှာ သဘာဝကပေးထားတဲ့ ဒီအပင်ကနေပြီး တော့ ကုန်ကျစရိတ်မရှိဘဲ မိမိရဲ့လုပ်အားကို အသုံးပြုပြီးတော့ ရယူနိုင်မယ့် ထင်းရှူးဆီခဲကို ခြစ်ပြီး တော့ရသော်လည်းပဲ ဆက်လက်ပြီးတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လို့ အဆီစက်၊ အဆီခဲကို အသုံးပြုလို့ရအောင် ဆက်လက်ပြီးတော့ သင့်တော်တဲ့နေရာမှာ ပို့ဆောင်နိုင်ဖို့ ရာအတွက် ဒီအဆီခဲကောက်ယူခြင်းလုပ်ငန်းကို ပြန်လည်ပြီးတော့ ထောင်ပေးဖို့ရာအတွက် တင်ပြနေ ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ထင်းရှူးပင်ဆိုတာကလည်း ချင်းပြည်နယ်ရဲ့မြို့နယ်အများစုမှာ ပေါက်ရောက်နေပါတယ်။ ဥပမာ- ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါး မြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ် ဒီလိုမြို့နယ်တွေမှာ အလေ့ ကျပေါက်နေတဲ့အပင်ဖြစ်ပါတယ်။ ဒီအပင်တွေဟာ လူတွေက ခုတ်လှဲ၍သော်လည်းကောင်း၊ အဆီအခဲထုတ်ချင်လို့ တဖြည်းဖြည်းနဲ့ ဈေးဖက်မှာ ရောင်းတဲ့ မီးမွှေးတဲ့ ထင်းရှူးဆီ။ အဲဒါလေးတွေကို ရရှိဖို့ရန်အတွက် ခုတ်ရင်းခုတ်ရင်းနဲ့ အပင်ကြီးတစ်ခုလုံးလှိုက်စားပြီးတော့၊ ပြိုလဲပြီးတော့ ဒီအတိုင်းပဲ ဆွေးမြေ့သွားတာတွေအများအပြား ဖြစ်ပါတယ်။ ဒီဟာတွေကိုလည်း ပြန်လည်ပြီးတော့ အစိုးရအနေနဲ့ ထင်းရှူးပင်ရဲ့ အဖိုးတန်ပုံကို သေချာသုတေသနလုပ်ပြီးတော့ ပြည်နယ်မှာ အလေ့ကျပေါက်ရောက် နေတဲ့ အပင်များကို အဘက်ဘက်ကနေပြီးတော့ ပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် အသုံးပြုမယ်ဆိုရင် တစ်ဖက်တစ်လမ်းအားဖြင့်၊ တစ်နည်းတစ်လမ်းအားဖြင့် လုပ်ငန်းတစ်ခုဟာလည်း တန်ဖိုးရှိတဲ့လုပ်ငန်းဖြစ်နိုင်လိမ့်မယ်လို့ ယူဆလို့တင်ပြခြင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့်မို့လို့ ဒီထင်းရှူးဆီခဲများကို အဝယ်ဒိုင်များ ဖွင့်လှစ်ပေးပြီးတော့ သင့်တော်တဲ့ဈေးနှုန်းနဲ့ တောင်သူများကို ပေးသွင်းစေဖို့ရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်မရှိရင်လည်းပဲ ရှိအောင်လုပ်လို့ရ၊ မရ။ ထင်းရှူးဆီခဲများ ထုတ်လုပ်နိုင်ခြင်းမရှိပါက ထင်းရှူးပင်များကို ဘယ်လိုအသုံးပြုမလဲ၊ ဘယ်လို တန်ဖိုးရှိအောင်လုပ်ကြမလဲဆိုတဲ့ အစီအစဉ်မျိုးရှိ၊ မရှိကို ကျွန်တော်နှင့်တကွ ချင်းပြည်နယ်ရှိ ပြည်သူပြည်သားများကနေပြီး သိရှိလိုကြတဲ့အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။
ချင်းပြည်နယ်အတွင်းမှာ သဘာဝအတိုင်းပေါက်ရောက်နေတဲ့ ထင်းရှူးတောများမှ ချင်းပြည်နယ်အတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန် သဘာဝအတိုင်း ပေါက်နေတဲ့ ထင်းရှူးပင်များမှ ထင်းရှူးဆီစုဆောင်းပြီးတော့ အဝယ်ဒိုင်များ ဖွင့်လှစ်လိုတဲ့အကြောင်း တင်ပြတဲ့မေးခွန်းနှင့်ပတ်သက်လို့ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ သစ်တောဥပဒေအရ တင်ပြရမယ်ဆို ရင်တော့ ထင်းရှူးပင်ဟာ တားမြစ်ထားတဲ့သစ်ပင်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ချင်းပြည်နယ် အတွင်းမှာလည်း ဒီအပင်များကို ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် တတ်နိုင်သမျှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက်ရှိပါတယ်။ ဌာန၏ သစ်တောသယံဇာတစာရင်းကောက်ယူမှုအရ တည် ထောင်ထားတဲ့စိုက်ခင်းတွေနဲ့ သဘာဝတောများအားလုံးစုစုပေါင်း ချင်းပြည်နယ်အတွင်းမှာ လုံးပတ် ၂ပေနှင့်အထက် အပင်ရေ သိန်း ၆၀ လောက်ရှိတယ်လို့ ခန့်မှန်းရရှိပါတယ်။ သစ်တောဦးစီးဌာနဟာ ချင်းပြည်နယ်အတွင်းမှာ ၁၉၈၁-၁၉၈၂ ဘဏ္ဍာနှစ်မှ စပြီးတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ ထင်းရှူးစိုက်ခင်းဧက ၉၁၀၀ ကို တည်ထောင်ပေးနိုင်ခဲ့ပါတယ်။ ထင်းရှူးဆီချက်လုပ်ခြင်းလုပ်ငန်းကို တော့ဖြင့် ပေါက်ရောက်နေတဲ့ အပင်များ သေကြေပျက်စီးမှုမရှိစေရန် ဌာနကနေပြီးတော့ သုတေသန ပြုလုပ်ထားချက်အရ လုံးပတ် ၅ ပေနှင့်အထက် အရွယ်အစားရှိတဲ့အပင်တွေကနေပြီးတော့ UBARI-K ဆိုတဲ့ နည်းလမ်းနှင့် ထုတ်မယ်ဆိုလို့ရှိရင်တော့ အပင်များသေကြေမှု မရှိဘဲနဲ့ ထင်းရှူးဆီများကို ထုတ်လုပ်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကို တွေ့ရှိရပါတယ်။ ဒီ UBARI-K ဆိုတဲ့နည်းလမ်းကလည်း အထူး အထွေမဟုတ်ပါဘူး။ ရော်ဘာအစေးများခြစ်ယူတဲ့နည်းလမ်းကဲ့သို့ပဲ V ပုံသဏ္ဍာန် စနစ်တကျ အခေါက်များကို လှီးဖြတ်ပြီးတော့ ခြစ်ယူတဲ့စနစ်ပဲဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ၂၀၀၇ ခုနှစ်က နေပြီးတော့ ၂၀၁၁ ခုနှစ်ထိ အမှတ်(၁)စက်မှုဝန်ကြီးဌာနကို ထင်းရှူးဆီပိဿာ ၁၅၀၀၀၀ ထုတ်လုပ် ခွင့်ပြုခဲ့ပါတယ်။ ဖော်ပြပါနှစ်အတွင်းများမှာ စက်မှုဝန်ကြီးဌာနအနေနဲ့ စုစုပေါင်းထင်းရှူးဆီ ပိဿာချိန် တစ်သိန်းထုတ်လုပ်ခဲ့ပါတယ်။ ထင်းရှူးဆီထုတ်လုပ်တယ်ဆိုတာလည်း စနစ်မကျလို့ရှိရင် အပင်များကို ထိခိုက်ပြီးတော့ သေစေနိုင်တဲ့အတွက်ကြောင့်မို့လို့ စည်းကမ်းတကျမလုပ်နိုင်ပါက သေကြေပျက်စီးမည်ဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသွားတဲ့အတိုင်း ထင်းရှူးဆီကို ဒေသခံပြည်သူများ ကိုယ့်သဘောနှင့်ကိုယ် ထုတ်လုပ်ခဲ့ပြီးတော့ အဝယ်ဒိုင်များဖွင့်လှစ်ပြီးတော့ လက်ခံမယ်ဆိုလို့ရှိရင် ခုနလို စနစ်တကျလုပ်ကိုင်တယ်၊ မလုပ်ကိုင်ဘူးဆိုတာ စိစစ်ဖို့အတွက်ကို အခက်အခဲရှိနိုင်သလို အပင်များရဲ့ရပ်တည်နိုင်ဖို့အတွက် သေကြေပျက်စီးရန်လည်းနည်းလမ်းများရှိ တဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်အားဖြင့်တော့ ထင်းရှူးဆီအဝယ်ဒိုင်များ ဖွင့်လှစ်ခြင်းက တော့ဖြင့် သင့်လျော်တယ်လို့ ဝန်ကြီးဌာနအနေနဲ့ မယူဆပါဘူး။ သို့ရာတွင် အပင်များကို ထိခိုက်မှု မရှိစေဘဲနဲ့ ခေတ်မီနည်းပညာများ အသုံးပြုပြီးတော့ ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများတိုးမြှင့်ရရှိစေနိုင်တဲ့အပြင် နိုင်ငံတော်အတွက်လည်း အကျိုးကျေးဇူးများ ရရှိစေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မယ့်ကုမ္ပဏီများဖြစ်ဖြစ်၊ ဒေသခံပြည်သူများ စုဖွဲ့ပြီးတော့ပဲ အများပိုင် အဖွဲ့အစည်းကုန်ထုတ်လုပ်မှုသမဝါယမအသင်းများပဲ ဖွဲ့လို့ပဲဖြစ်ဖြစ် ဒီလိုလုပ်ငန်းမျိုးကို စနစ်တကျလုပ်မယ်ဆိုလို့ရှိရင် ဝန်ကြီးဌာနအနေနဲ့အားပေးဖို့ အဆင်သင့်ဖြစ်ပါတယ်။ ကမ္ဘာမှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း ထင်းရှူးဆီထုတ်လုပ်မှုပမာဏဟာ တစ်နှစ်တစ်နှစ်ကို တန်ချိန် ၁.၂ သန်း လောက်ထုတ်နိုင်တာဖြစ်ပြီးတော့ အထူးသဖြင့် တရုတ်ပြည်၊ အင်ဒိုနီးရှား၊ ဘရာဇီးနိုင်ငံများမှာ တွင်ကျယ်စွာ ဒီလုပ်ငန်းများကို ဆောင်ရွက်နေကြတာ လေ့လာတွေ့ရှိရပါတယ်။ ထင်းရှူးဆီထုတ်လုပ် မှုကို ခေတ်မီနည်းပညာများ အသုံးပြုပြီးတော့ စီးပွားရေးအရ တွက်ခြေကိုက်မှုနှင့် ရေရှည်ထုတ်လုပ် နိုင်ရေးအတွက် ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတဲ့အတိုင်း စဉ်းစားပေးသင့်ပါတယ်။ ရေရှည် လုပ်ငန်းတစ်ရပ်အနေနဲ့ ရပ်တည်ဆောင်ရွက်နိုင်အောင် တစ်ဖက်တစ်လမ်းမှ သဘာဝအပင်များမှ ထုတ်တာလည်း ထုတ်၊ နောက်ပြီးတော့ လူတွေပြုစုပျိုးထောင်တဲ့ ထင်းရှူးစိုက်ခင်းများလည်း တည်ထောင်သွားသင့်ပါကြောင်း ပြန်လည်ဖြေကြားတင်ပြအပ်ပါသည်။
