(ခ)-သတ္တုတွင်းဥပဒေအရ လက်လုပ် လက်စားလုပ်ကွက်များ ခွင့်ပြုပေးရန်နှင့် သတ္တုတွင်း ဥပဒေ နှင့်အညီ တရားဝင်လုပ်ကိုင်ခွင့်နှင့် လိုအပ်သော အမိန့်ညွှန်ကြားချက် များ ထုတ်ပြန်ပေးထားခြင်းရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၉.၇.၂၀၁၂)

ကချင်ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးများစွာ နေထိုင်ကြပြီး ကျောက်မျက်ရတနာ၊ သတ္တု၊ စက်မှုကုန်ကြမ်း ပစ္စည်းအစရှိသော ဓာတ်သတ္တု၊ တွင်းထွက်သယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝသော ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားများဟာ ရှေးနှစ်ပေါင်းများစွာ ကလည်း မိမိ၏စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းအပြီး ပွင့်လင်းရာသီကာလမှာ အပိုဝင်ငွေ ရရှိအောင်ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းကို လက်လုပ်လက်စား၊ တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိကြပါတယ်။ ထိုသို့လုပ်ကိုင်ရာမှာ ရွှေသတ္တုထွက်ရှိနိုင်သည်ဟုယူဆသော နေရာများစွာ၌စမ်းသပ်ရှာဖွေ လုပ်ကိုင်ကြရပါတယ်။ ကုန်ကျစရိတ်အဆုံးရှုံးခံ၍စမ်းသပ်ရှာဖွေကြရပါတယ်။ ဥပဒေအရ တရားဝင် လုပ်ကိုင်ခွင့်မရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများဟာ အောက်ခြေအုပ်ချုပ်ရေးအာဏာပိုင် များ၏စာနာစွာခွင့်ပြုမှုအောက်တွင်သော်လည်းကောင်း၊ မိမိတို့အစီအစဉ်ဖြင့်သော်လည်းကောင်း ရွှေတူး ဖော်လုပ်ကိုင်လျက်ရှိကြရာမှာ ပြည်သူများမှာ ဥပဒေချိုးဖောက်မှန်းမသိ ချိုးဖောက်လုပ်ကိုင် စားသောက်လျက်ရှိကြပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁ မှာ နိုင်ငံတော်သည် ပြည်သူများအလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှကူညီဆောင်ရွက်ရမည်။ အခြေခံဥပဒေပုဒ်မ ၂၂ (ဂ) မှာ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင် ရွက်မည်ဟုဖော်ပြထားပါတယ်။ ယခုအခါ နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်အရ  ပြည်သူတို့၏လိုအင်ဆန္ဒတွေကိုဖြည်‌့ဆည်း ဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ ရွှေသတ္တုလက်လုပ်လက်စားလုပ်ကိုင်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ကို တစ်နည်းတစ်လမ်းဖြင့် ကူညီရာရောက်မယ်လို့ထင်ပါတယ်။ မြန်မာ့သတ္တုတွင်းနည်းဥပဒေပုဒ်မ ၄၃ မှာ ဝန်ကြီးဌာနအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ဧရိယာလုပ်ကွက်များတွင် သတ္တု၊ စက်မှု၊ တွင်းထွက်ကုန်ကြမ်းပစ္စည်း သို့မဟုတ် ကျောက်များနှင့်စပ်လျဉ်းသည်‌့ လက်လုပ်လက်စား လုပ်ကိုင် ခြင်းလုပ်ငန်းကို လုပ်ကိုင်လိုသည့်ပုဂ္ဂိုလ်သည် ခွင့်ပြုမိန့်ရရှိရန် သက်ဆိုင်ရာသတ္တုတွင်းလုပ်ငန်း သို့မဟုတ် ဝန်ကြီးဌာနကလုပ်ပိုင်ခွင့်အပ်နှင်းထားသည်‌့အရာရှိထံသို့ ပုံစံ ၅ ဖြင့်လျှောက်ထားရမည်ဟု ဖော်ပြထားရှိပါတယ်။ ဥပဒေနှင့်အညီစနစ်တကျ ခွင့်ပြုဆောင်ရွက်စေပါက ပတ်ဝန်းကျင်ပျက်စီးမှု ကိုလည်း ကာကွယ်ထိန်းသိမ်းစေနိုင်ပါတယ်။ သို့ဖြစ်ပါ၍ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေအရ ရွှေသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်ပြီး အကြီးစားလုပ်ကွက်၊ အသေးစားဧက ၂၀ လုပ်ကွက်နှင့် လက်လုပ်လက်စား ဝ.၅ ဧကလုပ်ကွက်များဟူ၍ ခွင့်ပြုလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ကချင် ပြည်နယ်အတွင်းတွင် ဒေသခံပြည်သူများသည် မိမိ၏စားဝတ်နေရေးအတွက် ရွှေတူးဖော်ခြင်းကို မိရိုးဖလာအစဉ်အဆက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လာခဲ့ရာ ထိုသို့လုပ်ကိုင်မှုကို ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် သတ္တုတွင်းဝန်ကြီးဌာနမှ သတ္တုတွင်းဥပဒေအရ လက်လုပ်လက်စား ၅ ဧက လုပ်ကွက်များခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ လေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဆက်လက်ပြီး မေးမြန်းလိုပါတယ်။ ကချင်ပြည်နယ်ဟာ ကျောက်စိမ်းကျောက်မျက်ရတနာထွက်ရှိရာ ဖားကန့်မြို့တည်ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ကချင် ပြည်နယ်သူ ပြည်နယ်သားများဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် ကျောက်စိမ်း၊ ရွှေ၊ သတ္တု အစရှိသည်များကိုတူးဖော်လျက်အသက်မွေးဝမ်းကျောင်းလျက်ရှိကြပါတယ်။ သို့ဖြစ်ရာ ကျောက်မျက် ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်းများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၁၇ အရ ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ သို့မဟုတ် အသင်းသည် ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာ အရိုင်းကိုမှတ်ပုံတင်၍ ရတနာခွန်ထမ်းဆောင်ပြီးလျှင် ယင်းကျောက်မျက်ရတနာအရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်းပြုလုပ်၍ ကျောက်မျက်ရတနာပြုလုပ်ခွင့်၊ လက်ဝတ်ရတနာပြုလုပ်ခွင့် ရှိသည်ဟုဖော်ပြထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းနှင့် ဇယား ၄(ဂ)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ ဥပဒေကို ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ပြုထားပါတယ်။ သို့သော် ထိုသို့ဥပဒေပြုရာ၌ သတ္တုတွင်းဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ကိုအခြေခံ၍ ဥပဒေပြုရမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများဟာ ကျောက်မျက်ရတနာနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် များကို ကျယ်ပြန့်စွာသိရှိနားလည် သဘောပေါက်မှုမရှိကြသည်ကိုလည်း ဝန်ခံရမည်ဖြစ်ပါတယ်။ ဥပဒေကိုကျေညက်စွာသိကျွမ်းမှုမရှိသဖြင့် ဥပဒေနှင့်မညီသော လုပ်ငန်းဆောင်ရွက်မှုတချို့ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ဆက်တွဲဇယား ၂ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းမှ ကျောက်မျက်ဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုထားရာသတ္တုတွင်းဥပဒေနှင့်အညီ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်မြို့နယ်များတွင် တရားဝင်လုပ်ကိုင်ခွင့်ရှိ၊ မရှိနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ လိုအပ် သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ ပြည်‌့စုံစွာ ထုတ်ပြန်ပေးထားခြင်းရှိ၊ မရှိမေးခွန်းကို မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းထိုက်
အဖြေ

ပထမမေးခွန်းဖြစ်တဲ့ ကချင်ပြည်နယ်၊ တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေရဲ့ ရွှေတူးဖော်ခြင်းများကို ဥပဒေနှင့်အညီ ဖြစ်စေရန် အတွက် သတ္တုတွင်းဥပဒေအရ လက်လုပ်လက်စားများကို ဝ.၅ ဧကလုပ်ကွက်များ ခွင့်ပြုပေးရန်နှင့် စပ်လျဉ်းတဲ့မေးခွန်းကို ဦးစွာဖြေကြားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သတ္တုတွင်းဝန်ကြီးဌာနမှာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းဟာ ရွှေသတ္တုနှင်‌့ပတ်သက်ပြီးတော့ တာဝန်ယူဆောင်ရွက်နေတဲ့ လုပ်ငန်းဌာန ဖြစ်ပါတယ်။ ရွှေသတ္တုထုတ်လုပ်တာနှင့် ပတ်သက်ပြီးတော့မှ လက်လုပ်လက်စား သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၅၈ ကွက်၊ ပဲခူးတိုင်းဒေသကြီးမှာ ၁၁၈ ကွက်၊ မန္တလေးတိုင်းဒေသကြီးမှာ ၁၈၃၀ ကွက်နှင့် ရှမ်းပြည်နယ်မှာ ၅၈၅ ကွက်၊ စုစုပေါင်း ၂၅၉၁ ကွက် လုပ်ကိုင်ခွင့်များကို ယခင်အစိုးရက ခွင့်ပြုမိန့်များချထား ပေးခဲ့ပါတယ်။ ဒီလိုချထားပေးခြင်းသည် ယခင်က ရွှေသတ္တုလက်လုပ်လက်စားလုပ်ကိုင်ခွင့်များ ခွင့်ပြုချထားပေးရခြင်း အကြောင်းရင်းကတော့ တရားမဝင်ရွှေသတ္တုတူးဖော်မှုများ ပပျောက်စေရန်၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စားဝတ်နေရေးပြေလည်စေရန်ဆိုတဲ့စတဲ့ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ဒေသအလိုက် ရွှေသတ္တုများ လက်လုပ်လက်စားပြုလုပ်တဲ့နေရာမှာ မြန်မာ့သတ္တုတွင်းဥပဒေပါအတိုင်း သာမန် လက်သုံးကိရိယာများကိုသာအသုံးပြုပြီးတော့မှ တူးဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အမှန်တကယ်လေ့လာကြည်‌့တဲ့အခါမှာ မြေပြင်မှာ ဒီလိုသတ္တုတွင်းဥပဒေအတိုင်း သာမန်လက်သုံး ကိရိယာများကို အသုံးပြုထုတ်လုပ်ခြင်းမဟုတ်ဘဲ အသေးစားရွှေသတ္တုတူးဖော်မှုလုပ်ငန်းကို ဥပဒေ အရပေးသကဲ့သို့ စက်ကိရိယာများကိုအသုံးပြုလုပ်ကိုင်တူးဖော် လာတာကိုတွေ့ရပါတယ်။ ဒီလို လက်လုပ်လက်စားတွေ စက်ကိရိယာကို အသုံးပြုလုပ်ကိုင်တဲ့အတွက် လုပ်ကိုင်ခွင့်ရတဲ့နယ်မြေတွေမှာ အငြင်းပွားမှုတွေမကြာခဏဖြစ်ပွားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အသေးစားလုပ်ငန်း၊ သာမန် လက်လုပ်လက်စားလုပ်ငန်းတွေဖြစ်တဲ့အတွက် အသေးစားလုပ်ငန်းများကဲ့သို့ စာချုပ်စာတမ်းများ၊ ဥပဒေ၊ စည်းကမ်းများနှင့် ထိန်းချုပ်နိုင်မှုအားနည်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အပိုင်းမှာအားနည်းပြီးတော့ မလိုလားအပ်သော သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများဖြစ်ပေါ် လျက်ရှိကြောင်းကိုလည်း စိစစ်တွေ့ရှိရပါတယ်။ ဒါ့အပြင် ဒီလက်လုပ်လက်စားလုပ်ငန်းတွေက ရွှေသတ္တုတွေထုတ်ခြင်းသည် ကျွန်တော်တို့အနေနဲ့ ရွှေသတ္တုထုတ်လုပ်တဲ့စာရင်း၊ ဘယ်လောက် ထုတ်လုပ်နိုင်တယ်၊ ဘယ်လောက်ရတယ်ဆိုတာ စာရင်းဇယားကောက်ယူရရှိခြင်း မရှိတာကို တွေ့ရ ပါတယ်။ ဒါကြောင့် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ရွှေသတ္တုတူးဖော်ထုတ်လုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး၊ မြစ်ချောင်းများ၊ မြေများမထိခိုက်မပျက်စီးနိုင်ရေး၊ ရွှေသတ္တုထုတ်လုပ်တဲ့စာရင်းဇယားများကို စနစ်တကျကောက်ယူ ရရှိနိုင်ရေးအတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတဲ့အချိန်ကစပြီးတော့ လက်လုပ်လက်စား လုပ်ကိုင်ခွင့်ခွင့်ပြုခြင်း မရှိတော့ပါဘူး။ ယခင်ခွင့်ပြုပြီးသားများကိုလည်း သက်တမ်းကုန်သွားတဲ့ အခါမှာ ထပ်မံချပေးခြင်းမရှိတော့ပါဘူး။ ဒီလိုမချပေးတော့ဘဲနဲ့ လက်လုပ်လက်စားလုပ်ကိုင်တဲ့သူ များဟာ အနည်းဆုံးစုပေါင်းပြီးတော့မှ ရွှေသတ္တုအသေးစားကိုတရားဝင်ထုတ်လုပ်ခွင့်လုပ်မယ်ဆိုရင် လုပ်နိုင်အောင် ခွင့်ပြုမိန့်များ ထုတ်ပေးလျက်ရှိပါတယ်။ ရွှေသတ္တုအသေးစားထုတ်လုပ်ရေးကို သက်ဆိုင်ရာဒေသခံပြည်သူများမှ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ၊ အများပိုင်ကုမ္ပဏီများ ထူထောင်၍ဖြစ်စေ ဆောင်ရွက်နိုင်ပါတယ်။  ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ရွှေသတ္တုအသေးစား ထုတ်လုပ်ရေးလုပ်ငန်းလုပ်ချင်တဲ့နေရာများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာရှိတဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာရုံးများမှာ သွားရောက်ဆက်သွယ်လျှောက်ထားပြီး သတ်မှတ်ထားတဲ့ အချက်အလက်စည်းမျဉ်းစည်းကမ်းများနှင့်ပြည်‌့စုံပါက လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ခွင့်များရရှိနိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။  ၂၀၀၉ ခုနှစ်ကစပြီးတော့ ၂၀၁၁ ခုနှစ် အထိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းကို ကချင်ပြည်နယ်မှ ရွှေသတ္တုလက်လုပ်လက်စားထုတ်လုပ်လို တဲ့အတွက် လုပ်ပါရစေလို့လျှောက်ထားတဲ့သူများမရှိခဲ့ကြောင်းစိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ လက်လုပ်လက်စား ဝ.၅ ဧကလုပ်ကွက်ဖြင့် ရွှေသတ္တုတူးဖော်တဲ့လုပ်ငန်းဟာလည်း အလိုအလျောက်တိမ်ကောပပျောက်လျက်ရှိကြောင်းသိရပါတယ်။ ဒေသခံပြည်သူတွေဟာ တစ်ဦးချင်း ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ အများပိုင်ကုမ္ပဏီများ ထူထောင်ပြီးတော့မှ ရွှေသတ္တုအသေးစားတူးဖော် ထုတ်လုပ်တဲ့စနစ်ကိုပဲ လက်ရှိကျင့်သုံးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မဝေးတဲ့ အနာဂတ် ကာလမှာလည်း ဒီကုမ္ပဏီတွေဟာ တခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းပြီးတော့မှ အများပိုင် ပုဂ္ဂလိကကုမ္ပဏီကြီးများအဖြစ် တိုးမြှင်‌့ထူထောင်သွားမယ့် အစီအစဉ်တွေ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းပြီးတော့ ရွှေသတ္တုအကြီးစားထုတ်လုပ်မှုကို စနစ်တကျပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်၊ တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေရဲ့ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မိမိတို့၏ စားဝတ်နေရေးအတွက် ရွှေသတ္တုတူးဖော်ခြင်းကို မိရိုးဖလာအစဉ် အဆက်တစ်ပိုင်တစ်နိုင်လုပ်ကိုင်မှုအဖြစ် ဥပဒေနှင့်အညီ ဖြစ်စေရန် လက်လုပ်လက်စား ဝ.၅ ဧက လုပ်ကွက်များခွင့်ပြုပေးရန်အစီအစဉ်ရှိ၊ မရှိမေးမြန်းချက်နှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး၊ မြစ်ချောင်းများနှင့် မြေများမထိခိုက်မပျက်စီးနိုင်ရေး နိုင်ငံတော်မှာ ရွှေသတ္တုထုတ်လုပ်မှုစာရင်းဇယားကို မှန်ကန်စွာ ရရှိနိုင်ရေးအပြင် လက်ရှိကျွန်တော်တို့ ကြုံတွေ့နေရတဲ့ဖြစ်ပေါ်နေတဲ့နယ်‌ွမေ တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့အခြေအနေများကြောင့် လက်လုပ်လက်စားရွှေသတ္တုတူးဖော်လုပ်ကိုင်ခွင့်ကို ခွင့်ပြု ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ဖြေကြားအပ်ပါတယ်။ ရွှေသတ္တုတူးဖော်လိုသော ပုဂ္ဂိုလ်များ၊ အများပိုင်ကုမ္ပဏီများသည် ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင် ကြောင်းဖြေကြားအပ်ပါတယ်။

          ဒုတိယမေးခွန်းဖြစ်တဲ့ ကျောက်မျက်၊ ကျောက်စိမ်းများဖြတ်တောက်ခြင်း၊ သွေးခြင်းများကို ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့နယ်တွေမှာ တရားဝင်လုပ်ကိုင်ခွင့် ရှိ၊ မရှိနှင့်ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ သတ္တုတွင်းဝန်ကြီးဌာနက လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ညွှန်ကြားချက်များပြည့်စုံစွာ ထုတ်ပြန်ပေးထားခြင်းရှိ၊ မရှိနှင့်ပတ်သက်ပြီးဖြေကြားသွားမှာဖြစ်ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနသည် ၁၉၉၅ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)ပါအရ ကျောက်မျက်ရတနာစီးပွားဖြစ်ထုတ်လုပ်နိုင် ကြောင်းသတင်းရရှိသည့် သို့မဟုတ် ရှာဖွေတွေ့ရှိသည့်နယ်မြေကိုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ရတနာနယ်မြေအဖြစ်အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်နိုင်သည်ဟု ပါရှိပါတယ်။ ဒါကြောင့် ကချင် ပြည်နယ်၊ လုံးခင်း၊ ဖားကန့်ဒေသကို သတ္တုတွင်းဝန်ကြီးဌာနရဲ့ ၁၈-၁၀-၂၀၀၁ ရက်စွဲဖြင့် လုံးခင်း၊ ဖားကန့်ဒေသကို ရတနာနယ်မြေဖြစ်ကြောင်း၊ မိုးညှင်းဒေသကိုလည်း မော်လူး-မော်ဟန်ရတနာ နယ်မြေဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ အဆိုပါသတ်မှတ်ထားတဲ့ ရတနာနယ်မြေတွေမှာ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဟာ ကျောက်မျက် တူးဖော်ခွင့်၊ ထုတ်လုပ်ခွင့်ရရှိတဲ့ နိုင်ငံသားများပိုင်ကုမ္ပဏီ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိကအသင်း များကို ကျောက်မျက်ရတနာအရိုင်း တူးဖော်ထုတ်လုပ်ခွင့်ကိုတည်ဆဲ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တူးဖော်ရောင်းချနိုင်ရေးအတွက် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီနှင့် ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထား ရေး၊ စစ်ဆေးရေး၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီများရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်ခွင့်ပြု မိန့်များချထားပေးလျက်ရှိပါတယ်။ အလားတူ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၌ သတ္တုကဏ္ဍ နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းပြုလုပ်နိုင်တယ်လို့ ထည်‌့သွင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် သတ္တုတွင်းဝန်ကြီး ဌာနဟာ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ) တို့မှာပါရှိတဲ့ အောက်ပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီ အချက်များကတော့ (က) မြန်မာနိုင်ငံမှာထွက်ရှိတဲ့ ကျောက်မျက်ရတနာနှင့်စပ်လျဉ်း၍ နိုင်ငံတော် အတွင်း ကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာ ဈေးကွက်ရာနှုန်းပြည့်ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက် လာစေရန်၊ (ခ) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်းလုပ်ငန်းများကို ကုမ္ပဏီနှင့်သမဝါယမအသင်းများအား လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြု ရန်၊ (ဂ) ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါ မရွေးလွတ်လပ်စွာရောင်းဝယ် ဖောက်ကားနိုင်ရေးအတွက် ကျောက်မျက်ရတနာဈေးများ ဖွင့်လှစ်ထားရှိရန်၊ (ဃ) ကျောက်မျက် ရတနာများကို ပြည်တွင်း၌တရားမဝင်ထုတ်လုပ်ခြင်းများ ပပျောက်စေပြီး ပြည်ပသို့တရားမဝင် သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများကို ကာကွယ်တားဆီးနှိမ်နှင်းရန်တို့ ဖြစ်ပါတယ်။ အဲ့ဒီတော့ သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အတွင်းကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာနှုန်းပြည်‌့ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ကျောက်မျက်ရတနာများပြည်တွင်းမှာ တရားမဝင် ထုတ်လုြပ်ခင်းများပပျောက်စေပြီး ပြည်ပသို့တရားမဝင်ထုတ်ဆောင်ခြင်း၊ သယ်ဆောင်ခြင်းနှင့် ရောင်းချခြင်းများကိုကာကွယ်တားဆီးရန် အောက်ဖော်ပြပါ နယ်စပ်ဒေသ ၁၉ ခုမှာ ရတနာခွန်ဆောင် ပြီးဖြစ်စေကာမူ ကျောက်မျက်ရတနာအရိုင်းများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရရှိဘဲ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်းမပြုရန်၊  ခွင့်ပြုချက်မရရှိဘဲ လက်ဝယ်ထားရှိခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုပါက မြန်မာ့ကျောက်မျက် ရတနာဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနရဲ့ ၄-၁၂-၁၉၉၇ ခုနှစ်ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁/၁၉၉၇) ဖြင့်ထုတ်ပြန်ခဲ့ပြီးဖြစ် ပါတယ်။ အဲ့ဒီနယ်စပ်ဒေသများကတော့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွယ်ဂျယ်ဒေသ၊ ဝိုင်းမော်မြို့နယ် ကန်ပတ်ကြီးကျေးရွာ၊ ချီဖွေ မြို့နယ် ပန်းဝါ (ခေါ်) ချန်ယေးကြီးကျေးရွာ၊ ချီဖွေမြို့နယ် လွိုင်ကန်ကျေးရွာ၊ ကရင်ပြည်နယ် မြဝတီ မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ် ကျီခါးကျေးရွာ အုပ်စု၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ နန်းယွန်းမြို့နယ် ပန်ဆောင်ကျေးရွာ၊ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်၊ ရှမ်းပြည်နယ် မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်၊ ကျိုင်းတုံမြို့နယ် မိုင်းလားကျေးရွာအုပ်စု၊ တန့်ယန်းမြို့နယ် ပန်ဆန်းကျေးရွာ၊ ဟိုပန် မြို့နယ် နမ့်တစ်ကျေးရွာ၊ တာချီလိတ်မြို့နယ်၊ မိုင်းတုံမြို့နယ် ပုံပါကျင်ကျေးရွာအုပ်စုဆိုပြီးတော့ တရားဝင်အမိန့်ထုတ်ပြန်သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့ဥပဒေထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့သော်လည်း လုံးခင်၊ ဖားကန့်ရတနာနယ်မြေမှထွက်ရှိသော ကျောက်စိမ်း အရိုင်းများကို မြစ်ကြီးနားမြို့မှတစ်ဆင့် ပြည်ပသို့တရားမဝင် သယ်ဆောင်ရောင်းချခြင်းများရှိနေကြောင်း သိရှိရပါ သဖြင့် ကျောက်မျက်ရတနာ၊ ကျောက်စိမ်းရတနာပစ္စည်းအမျိုးမျိုးတို့ကို ပြည်ပသို့ တရားမဝင်သယ် ဆောင်ရောင်းချခြင်းများကို ထိရောက်စွာတားဆီးနိုင်အောင် ကချင်ပြည်နယ် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ ၅-၃-၂၀၀ရက်စွဲပါဒေသန္တရအမိန့်စာအမှတ် (၂၀၀၀/၁) ဖြင့် ကျောက်စိမ်း အရိုင်းနှင့် အချောထည်များအပါအဝင် ကျောက်မျက်ပစ္စည်းအမျိုးမျိုးတို့ကို ကိုယ်ပိုင်သုံးစွဲဝတ်ဆင် ထားခြင်းမှအပ အခြားတစ်နည်းနည်းဖြင့် အသုံးပြုရန်အတွက် သယ်ဆောင်ရာမှာ မြစ်ကြီးနားခရိုင် အတွင်း မြစ်ကြီးနားမြို့နယ်နိမိတ်မှကျော်လွန်၍ မေခမြစ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဧရိယာ များသို့လည်းကောင်း၊ ဗန်းမော်ခရိုင်မှ ပြည်ပသို့သွားနိုင်တဲ့လမ်းပေါက်ဖြစ်တဲ့ ဗန်းမော်မှ မိုးမောက်၊ ဗန်းမော်မှ မံစီဒေသတွေမှာ ဗန်းမော်မြို့နယ်နိမိတ်ကိုကျော်လွန်၍လည်းကောင်း သယ်ယူခြင်းမပြု ရဟုအမိန့်ထုတ်ပြန်ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။ ဒီအမိန့်တွေဟာ ဒီနေ့အထိတည်ဆဲဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ ရတနာခွန်ပေးဆောင်ပြီးသော ကျောက်စိမ်းအရိုင်းတုံးများနှင့် ဖြတ်တောက် ပြီးသော ကျောက်စိမ်းအရိုင်းတုံးများကို သတ္တုတွင်းဝန်ကြီးဌာန၏ ၇-၁၀-၂၀၀၇ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၁၄၄/၂၀၀၇) ဖြင့် လုံးခင်-ဖားကန့်မှ မိုးကောင်း၊ မိုးကောင်းမှ ရန်ကုန်သို့သာ သယ်ယူခွင့်ပြုထားပါတယ်။ ဒီနောက် ၂၂-၅-၂၀၁၂ ရက်စွဲပါ သတ္တုတွင်းဝန်ကြီးဌာန၏အမိန့် ကြော်ငြာစာအမှတ် (၄၄/၂၀၁၂) ဖြင့် လုံးခင်-ဖားကန့်မှ မိုးကောင်း၊ မိုးကောင်းမှ နေပြည်တော်၊ မိုးကောင်းမှ ရန်ကုန်သို့လည်းကောင်း၊ မိုးညှင်းမှ နေပြည်တော်၊ မိုးညှင်းမှ ရန်ကုန်သို့လည်းကောင်း သယ်ယူခွင့်ပြုထားပါတယ်။ ကျောက်စိမ်းလုပ်ငန်းရှင်များအနေဖြင့် သူတို့တူးဖော်ထုတ်လုပ်ထားတဲ့ ကျောက်စိမ်းအရိုင်းအားလုံးနီးပါးကိုလည်း နေပြည်တော်မှာကျင်းပလျက်ရှိတဲ့ ကျောက်မျက်ရတနာ ပြပွဲကိုတင်ပြရောင်းချနိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်ကိုသာ သယ်ယူပြီးတော့မှရောင်းချ ခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ များသောအားဖြင့် ဖားကန့်မှ ရန်ကုန်၊ ဖားကန့်မှ နေပြည်တော် အထိသာသယ်ယူပြီး အများဆုံးဖြတ်တောက်ခြင်း၊ အရောင်တင်ခြင်းများပြုလုပ်လျက်ရှိပါတယ်။ ရတနာပြပွဲမှာ တင်ပြပြီးမရောင်းချရသောကျောက်စိမ်းအတွဲများကိုလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့မှာ ထပ်မံဖြတ်တောက်ခြင်း၊ လက်ကောက်၊ ပုတီးစသည့် အချောထည်များ ပြုလုပ်ခြင်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ္တုကဏ္ဍနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်းကိုထည်‌့သွင်းဖော်ပြထား သဖြင့် မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်မြို့နယ်များမှာ ကျောက်စိမ်းများ ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ ရုပ်ထုရုပ်ထွင်းခြင်း၊ လက်ကောက်၊ ပုတီးပြုလုပ်ခြင်း၊ ရောင်းချခြင်းတို့ကို သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ရတနာခွန်ပေးဆောင်ပြီးသော ကျောက်မျက်ရတနာအရိုင်းများ ဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့ကျောက်မျက် ရတနာဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ(ဃ)ဖြင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်ရန်တင်ပြထားတဲ့ ဥပဒေမှာလည်း ရတနာခွန်ပေးဆောင်ပြီးသော ကျောက်မျက်ရတနာအရိုင်းများကို ဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်း များဆောင်ရွက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံလျှောက်ထားရမည်ဟု ဖြည်‌့စွက်ပြင်ဆင်ထားရှိပြီးတော့မှ အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။