မြန်မာနိုင်ငံမှာ ရှိတဲ့မြို့တော်များနှင့် မြို့ကြီးများမှာ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ အထူးတိုးတက်များပြား လာနေတာကိုအားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုတိုးတက်များပြားလာတာတွေနှင့်အမျှ ယာဉ်မတော် တဆထိခိုက်မှု(Accident)မှုတွေဟာ တစ်နေ့တစ်ခြား များပြားလာပြီး ဒဏ်ရာအနာတရ ရရှိမှုနှင့် သေဆုံးမှုဟာလည်းပဲ တစ်နေ့တစ်ခြားပို၍ များပြားလာကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ၎င်းဆိုးကျိုးများကို ကာကွယ်သောအားဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မည်သို့သောအစီအမံများ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ ယာဉ်မတော် တဆမှုကြောင့် ၂၀၀၈ ခုနှစ်မှစပြီး ၄ နှစ်တာကာလအတွင်း နှစ်စဉ်ပျှမ်းမျှ ၂၃၂၁ ဦးခန့် သေဆုံးလျက်ရှိပြီး ဒဏ်ရာရရှိသူ ၁၅၁၄၉ ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ယာဉ် မတော်တဆမှုကြောင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုးက နှစ်စဉ်ပျှမ်းမျှ ၁.၀၈၂ ဘီလီယံကျော်ဖြစ်ကြောင်း လေ့လာသိရှိရတဲ့အတွက် တိုင်းပြည်ရဲအရင်းအမြစ်များ၊ ပြည်သူတို့ရဲ့အချိန်နှင့် အားထုတ်ကြိုးပမ်းမှု များအပေါ် များစွာထိခိုက်နစ်နာလျက်ရှိပါတယ်။ နှစ်စဉ်လူဦးရေနှင့် ယာဉ်အစီးရေတိုးတက် များပြား လျက်ရှိရာမှာ ၂၀၁၁ ခုနှစ်မှာ လူဦးရေ ၅၉.၈ သန်း၊ ယာဉ် ၂၂၉၈၆၇၇ စီးနှင့် မော်တော်ဆိုင်ကယ် ၁၉၃၃၆၇၃ စီးရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်၊ မတ်လမှာ လူဦးရေ ၆၀ သန်းခန့်၊ ယာဉ်အစီးရေ ၂၃၅၄၂၇၅ စီးနှင့် မော်တော်ဆိုင်ကယ် ၃၅၂၀၉၆၅ စီးရှိလာကြောင်းတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ၂၀၁၁ ခုနှစ်မှာ ယာဉ်မတော်တဆမှု ၁၀၁၂၃ မှု၊ ဒဏ်ရာရရှိသူ ၁၇၀၈၀ ဦး၊ သေဆုံးသူ ၂၇၉၆ ဦးနှင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ပထမ ၆ လပတ်ကာလအတွင်းမှာ ယာဉ်မတော်တဆမှု ၅၉၉၁ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၄၄၈ ဦး၊ သေဆုံးသူ ၁၀၁၉ ဦးရှိခဲ့ပါတယ်။ ဒါကြောင့် လူဦးရေနှင့် ယာဉ်အစီးရေတိုးတက်များပြားလာတာနှင့်အမျှ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ ယာဉ်မတော်တဆမှုတွေ နေ့စဉ်တိုးတက်ဖြစ်ပွားလျက်ရှိရာမှာ လူဦးရေနှင့် ယာဉ်အစီးရေ များပြားတဲ့ တိုင်းဒေသကြီးတွေမှာ ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရရှိမှုတွေ ကလည်း ပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေး အတွက် အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းနည်းစနစ် ၅ မျိုး(5-Es System)ဖြစ်တဲ့ ပညာပေးခြင်း နည်းစနစ်(Education System)၊ စစ်ဆေးအရေးယူခြင်းနည်းစနစ် (Enforcement System)၊ အင်ဂျင်နီယာနည်းစနစ်(Engineering System)၊ ပတ်ဝန်းကျင် အခြေအနေဆိုင်ရာထိန်းသိမ်းခြင်း နည်းစနစ်(Environment System)နှင့် အရေးပေါ်ဆေးအကူအညီ ပေးခြင်းနည်းစနစ် (Emergency Medical System)တို့ကိုလည်း မြန်မာနိုင်ငံမှာ လိုက်နာကျင့်သုံး အကောင်အထည် ဖော်ဆောင်လျက်ရှိပါတယ်။
အသိပညာပေးခြင်းနည်းစနစ်(Education System)အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပထမ ၆ လပတ်ကာလ အတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးဟောပြောမှုများကို ၁၈၇၅ ကြိမ် ဟောပြောနိုင် ခဲ့ပြီး ကျောင်သားကျောင်းသူ ၂၁၇၃၈၅ ဦး၊ ပြည်သူ ၅၃၉၈၇ ဦး၊ ယာဉ်မောင်း/ယာဉ်နောက်လိုက် ၄၂၂၉၁ ဦး၊ စစ်သည် ၇၃၁ ဦး၊ အနှေးယာဉ်လုပ်သား ၅၀ ဦးနှင့် ဝန်ထမ်း ၁၈၀၇၃ ဦး၊ စုစုပေါင်း ၃၃၂၅၁၇ ဦးတို့ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်း အဲ့ဒီ အသိပညာပေးခြင်း နည်းစနစ်(Education System)ဖော်ဆောင်မှုကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း ပညာပေးခြင်းကို ဆောင်ရွက် ခဲ့ပြီး ရေဒီယို၊ ရုပ်မြင်သံကြားတို့ကလည်း သတင်းများ၊ ဇာတ်လမ်းတိုများ၊ တေးသီချင်းများနဲ့ ပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေ့စဉ်အသုံးပြုလျက်ရှိတဲ့လမ်းကြောင်း ပေါ်မှာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးနှင့်ထော်လာဂျီစတဲ့ယဉ်တွေရဲ့ ယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့် ခြေလျင်လမ်းလျှောက်သူတွေအနေနဲ့ ကိုယ်စီအသိတရားနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဖို့လိုအပ် ကြောင်းတွေ့ရှိရပါတယ်။
စစ်ဆေးအရေးယူခြင်းနည်းစနစ်(Enforcement System)အနေနဲ့ ၂၀၁၁ ခုနှစ်မှာ မော်တော်ယာဉ် ၅၄၂၃၇၇ စီး၊ မော်တော်ဆိုင်ကယ် ၅၆၃၇၇ စီး၊ အနှေးယာဉ် ၂၃၀၉ စီး၊ သုံးဘီး၂၂၁ စီး၊ ထော်လာဂျီ ၃၅၁ စီး၊ စုစုပေါင်း ၆၀၁၆၃၅ စီး၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပထမ ၆ လပတ်ကာလအတွင်းမှာ မော်တော်ယာဉ် ၂၀၆၆၄၉ စီး၊ မော်တော်ဆိုင်ကယ် ၅၄၂၉၅ စီး၊ အနှေးယာဉ် ၁၃၀၆ စီး၊ သုံးဘီး၂၀၉၉၉ စီး၊ ထော်လာဂျီ ၉၈၄ စီး၊ စုစုပေါင်း ၂၈၄၂၃၃ စီးနှင့် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ၁၆၈၉၅ ဦးတို့ကို အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတို့ကို အရေးယူမှုက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ဆောင်ရွက်လျက် ရှိပါတယ်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ အင်ဂျင်နီယာနည်းစနစ်(Engineering System)အရ ယာဉ်တိုက်မှုအဖြစ်များတဲ့နေရာတွေမှာ လမ်းနှင့်ပတ်သက်တဲ့ အခြားဌာနများနှင့်ပူးပေါင်းကာ Road Audit ပြုလုပ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် လမ်းညွှန်၊ လမ်းအမှတ်အသားများနှင့် ပြုပြင်ဖို့အချက် တွေကို လမ်းတံတားပြုပြင်တဲ့ဌာနများကို အကြောင်းကြားခြင်း၊ လမ်းများပေါ်မှာ အန္တရာယ် ကင်းရှင်းစွာမောင်းနှင်နိုင်ရေးတို့အတွက် မော်တော်ယာဉ်တွေကို ၁ နှစ်လျှင် ၁ ကြိမ်၊ မော်တော် ဆိုင်ကယ်များကို ၂ နှစ်လျှင် ၁ ကြိမ် ယာဉ်ကြံ့ခိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ပေးလျက် ရှိပါတယ်။ အဲ့ဒီလို စစ်ဆေးရာမှာ သတ်မှတ်စံချိန်စံညွှန်းနဲ့ကိုက်ညီခြင်းမရှိတဲ့ မော်တော်ယာဉ်များ/ ဆိုင်ကယ်များကို ပြန်လည်ပြုပြင်စေပြီးမှာသာ ဆက်လက်အသုံးပြုနိုင်ဖို့အတွက် မော်တော်ယာဉ်/ ဆိုင်ကယ် သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့လည်း အမြန်လမ်းမကြီးများနှင့် လမ်းများမှာ Road Safety ဖြစ်စေရေးအတွက် တိုးတက်ပြောင်းလဲလျက်ရှိတဲ့ ခေတ်မီနည်းစနစ်များနှင့်လမ်းများကို အသစ်ဖောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အပြင် အမြန်လမ်းမကြီးတစ်လျှောက် လမ်းညွှန်အမှတ် အသားများ၊ ညအခါလင်းလက်ပြီးကွေ့ရန်လမ်းညွှန်ပြသပေးတဲ့ အလိုအလျောက်မီးလုံးများ၊ ရောင်ပြန်လမ်းညွှန်များကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းနိုင်ဖို့ သတိပေးဆိုင်းဘုတ်များ၊ လမ်းညွှန်အမှတ်အသားများကို ပြုပြင်မွမ်းမံပေးလျက်ရှိပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှာ အင်ဂျင်နီယာချုပ်(လမ်း) ကနေကြီးကြပ်ပြီးတော့ အင်ဂျင်နီယာမှူးကြီး (မြို့ပြ)ဦးစီး ၂၅ ဦး နှင့် ၁၂ မိုင်ကို အငယ်တန်းအင်ဂျင်နီယာ ၁ ဦးစီပါရှိတဲ့ အဖွဲ့ ၁ ဖွဲ့စီထားရှိပြီး ယာဉ်မတော်တဆမှုများကို ကူညီဆောင်ရွက်နိုင်ဖို့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမြန်လမ်းမကြီး စည်းကမ်းထိန်းသိမ်းရေးညွှန်ကြားချက်နှင့်အညီ ယာဉ်များမောင်းနှင်နိုင်ရေးလုပ်ငန်း များကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းခြင်းနည်းစနစ် ၃ မျိုးကို အဓိကထား ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ပတ်ဝန်းကျင်အခြေအနေဆိုင်ရာထိန်းသိမ်းခြင်း နည်းစနစ်(Environment System)နှင့် အရေးပေါ်ဆေးအကူအညီပေးခြင်းနည်းစနစ် (Emergency Medical System) တို့ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းကတော့ ယာဉ်ထိန်းသိမ်းရေးစနစ် ကောင်းမွန်မှုမရှိခြင်း၊ ဘရိတ်နှင့်ပတ်သက်တဲ့ စက်ကိရိယာဆက်စပ်ပစ္စည်းများချို့ယွင်းခြင်း၊ ကားဘီး နှင့် တာယာများကောင်းမွန်မှုမရှိခြင်း၊ အရက်သေစာသောက်စားပြီးမောင်းနှင်ခြင်း၊ ကားမောင်းနေစဉ် အိမ်ငိုက်ခြင်းနှင့် မောင်းဖို့သတ်မှတ်ပေးထားတဲ့ မိုင်နှုန်းထက်ပိုမိုမောင်းနှင်ခြင်းစတဲ့ ၅ ချက်က ၁ ချက် ချို့ယွင်းလျင်ယာဉ်အန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ယာဉ်မတော်တဆမှုများကို လေ့လာ ရာမှာ ယာဉ်မောင်းသူတို့ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ပွားသလို လမ်းအသုံးပြုသူ၊ ခြေလျင်လမ်းလျှောက် သွားလာသူများ၊ အနှေးယာဉ်များရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှုကြောင့်လည်းဖြစ်ပွား ခဲ့တာကို တွေ့ရှိရပါတယ်။ လမ်းအသုံးပြုသူ၊ ခြေလျင်လမ်းလျှောက်သူများအနေနဲ့လည်း လူကူးမျဉ်းကျားကသာ အချက်ပြထိန်းသမ်းမှုစနစ်အတိုင်း စည်းကမ်းတကျလမ်းဖြတ်ကူးကြလို့ရှိရင် ယာဉ်မတော်တဆမှုကြောင့် မလိုအပ်တဲ့ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ များစွာလျော့နည်းပပျောက် သွားမှာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးများနှင့် ပြည်နယ်တွေမှာ တိုးတက်များပြားလာတဲ့လူဦးရေ၊ ယာဉ်စီးရေနှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် လက်ရှိဖောက်လုပ် ထားရှိတဲ့လမ်းများကိုချဲ့ထွင်ရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လူကူးခုံးကျော် တံတားများကိုဆောက်လုပ်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကလည်း စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့နည်းတူစွာပဲ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)တို့ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အာဆီယံရဲ့ရည်မှန်းချက် (Goal of ASEAN)ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ ယာဉ်တိုက်မှုကြောင့်သေဆုံးမှုနှုန်းကို ထိထိရောက်ရောက် လျော့ချ နိုင်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ လမ်းအန္တရာယ်ကင်းရှင်းရေး ဥပဒေ၊ နည်းဥပဒေထုတ်ပြန်တဲ့ဌာနအဖွဲ့အစည်း၊ အဲ့ဒီလိုထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေများကို လိုက်နာစေဖို့ စည်းကြပ်ကွပ်ကဲတဲ့ဌာနအဖွဲ့အစည်းနှင့် ဥပဒေကိုလိုက်နာရမယ့် ပြည်သူလူထုတို့က အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်တဲ့ကိစ္စရပ်ဖြစ်ပါတယ်။ Check and Balance ဖြစ်စေဖို့ တစ်နေရာတည်း၊ တစ်ဌာနတည်းကဆောင်ရွက်လို့မရတဲ့ ကိစ္စဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုများလျော့နည်းကျဆင်းရေးအတွက် 5-Es System နဲ့ဆောင်ရွက်လျက်ရှိရာမှာ အဲ့ဒီနည်းစနစ်တွေအောင်မြင်စေဖို့ 4-Ps ဖြစ်တဲ့ People တာဝန်ရှိသူများအပါအဝင် ပြည်သူအားလုံး သိရှိမှု၊ Policy ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများကို မူဝါဒအရ မှန်ကန်စွာသတ်မှတ်ပေးနိုင်ရေး၊ Practice စည်းကမ်းထိန်းသိမ်းသူရော စည်းကမ်းလိုက်နာသူများ ကပါ မိမိတာဝန်ကိုလိုက်နာရန် အလေ့အကျင့်ရှိနေမှု၊ အမူအကျင့်ပြောင်းလဲမှုနှင့် Participation တာဝန်ရှိသူရော ပြည်သူတစ်ရပ်လုံးကပါ ဝိုင်းဝန်းပူးပေါင်းလိုက်နာဆောင်ရွက်မှုစတဲ့အချက်များ လည်း လိုအပ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှာရှိတဲ့မြို့တော်များနှင့် မြို့ကြီးများမှာ ကား၊ မော်တော်ဆိုင်ကယ်များ များပြားလာသည်နှင့်အမျှ ယာဉ်တိုက်မှုတွေ ပိုမိုများပြားလာပြီး ဒဏ်ရာအနာတရရရှိမှု၊ သေဆုံးမှုများ များပြားလာကြောင်းတွေ့ရှိနေရတဲ့အတွက် ၎င်းဆိုးကျိုးများကို ကာကွယ်နိုင်ရန် အကောင်အထည်ဖော်ဆောင် ရွက်နေမှု အခြေအနေများကို သိရှိနိုင်ပါရန် ရှင်းလင်း ဖြေကြားပါသည်။
