(ခ)-ကော့ကရိတ်-တောင်ကြားအင်း- မဲသရော - ကြာအင်းဆိပ်ကြီးလမ်း အဆင့်မြှင့် တင်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၅.၇.၂၀၁၂)

ကရင်ပြည်နယ်၊ ကော့ကရိတ် ခရိုင်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်နှစ်ခုကို ဆက်သွယ်ထားတဲ့ ကျောက်ကြမ်း လမ်းစုစုပေါင်း ၄၄ မိုင် ၇ ဖာလုံကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းလိုခြင်းဖြစ် ပါတယ်။ ကော့ကရိတ်-တောင်ကြားအင်း-မဲသရော-ကြာအင်းဆိပ်ကြီးကို ဆက်သွယ်ထားတဲ့အရှည်  ၄၄ မိုင် ၇ ဖာလုံရှိတဲ့လမ်းဟာ ယခင်က ကတ္တရာလမ်း ၁၁ မိုင် ၂ ဖာလုံရှိပါတယ်။ ကျောက်ကြမ်းလမ်း က ၂ မိုင် ၁ ဖာလုံရှိပါတယ်။ အမာခံလမ်း ၃၁ မိုင် ၄ ဖာလုံရှိပြီးတော့ ဘားအံကနေ မြဝတီကိုတိုက်ရိုက် သွားလာနိုင်ခြင်း မရှိသေးမီက ကုန်စည်စီးဆင်းမှု အဓိကလမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ၊ ွပင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်ခဲ့တဲ့လမ်းလည်း ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းမှစပြီးတော့ နယ်မြေအခြေအနေအရ ငြိမ်းချမ်းမှုမရှိတဲ့အတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေမဆောင်ရွက်နိုင်တော့ဘဲနဲ့ လမ်းအဆင့်နိမ့်ကျခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအခါမှာ ကရင်ပြည်နယ် တစ်ခုလုံးဟာ ငြိမ်းချမ်းရေးရရှိလာခဲ့ပြီဖြစ်ပါတယ်။ တင်ပြခဲ့တဲ့ လမ်းကြောင်းဟာ ကရင်ပြည်နယ်ရဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပြီးတော့ မုဒုံ-မြဝတီလမ်းကြောင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းကြောင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီလမ်းကိုအဆင့်မြှင့်တင်လိုက်မယ်ဆိုရင် ကုန်စည်စီဆင်းမှုလည်းမြန်ဆန်လာပါမယ်။ နယ်မြေဖွံ့ဖြိုးတိုးတက်လာခြင်းစတဲ့ အကျိုးကျေးဇူးတွေ လည်းပြည်သူလူထုအနေနဲ့ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၇၊ ၈၊ ၉ ရက် တွေက မြို့နယ်မဲဆန္ဒရှင်ပြည်သူတွေနဲ့သွားပြီးတွေ့တဲ့အခါမှာ အမာခံလမ်းရှိပြီးဖြစ်တဲ့ ယင်းလမ်းကို အဆင့်မြှင့်တင်ပေးဖို့ နယ်မြေလူထုကလည်း အားလုံးဝိုင်းဝန်းကူညီကြပါမယ်ဆိုပြီး တင်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီလမ်းမှာရှိတဲ့ တောင်ကြားအင်းနှင့် မြောက်ကြားအင်းကြားမှာရှိတဲ့ ဟောင်သရောမြစ်ကူး တံတားခန့်မှန်း အကျယ် ၇၀၀ ပေ ရှိပါတယ်။ လောလောဆယ် မဆောင်ရွက်နိုင်သေးရင်လည်း အမာခံရှိတဲ့လမ်းကြောင်းကို အဆင့်မြှင့်တင်ပေးခြင်းနှင့်ပတ်သက်ပြီးတော့ အစီအစဉ် ရှိ၊ မရှိနှင့် မရှိသေးပါကလည်း ဦးစားပေးစဉ်းစားပေးနိုင်ပါရန် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှစ်မြို့နယ်မှာရှိတဲ့ ပြည်သူလူထုရဲ့ကိုယ်စား မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လွင်
အဖြေ

ကော့ကရိတ်-တောင်ကြားအင်း-မဲသရော-ကြာအင်းဆိပ်ကြီး ဆက်သွယ်ထားတဲ့လမ်းပိုင်း အနေအထားကို ကျွန်တော်တင်ပြပါ့မယ်။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲသရောမြို့နယ်၊ ကော့ကရိတ်မြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကော့ကရိတ်- တောင်ကြားအင်း-မဲသရော-ကြာအင်းဆိပ်ကြီးလမ်းဟာ ၄၇ မိုင် ၂ ဖာလုံ ရှည်လျားပါတယ်။ ကတ္တရာ လမ်းပိုင်းအနေနဲ့ ၁၃ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၂ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၃၁ မိုင် ၄ ဖာလုံ ရှိပါတယ်။ ဒီလမ်းပိုင်းမှာ မုဒုံ-မြဝတီလမ်းပိုင်းမှာပါဝင်ပြီးတော့ ကော့ကရိတ်-လှိုင်းကွယ်အပိုင်း ၈ မိုင်     ၇ ဖာလုံကို အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီလီမီတက်မှ BOT စနစ်နဲ့ ဆောင်ရွက်လျက် ရှိပြီးတော့ လှိုင်းကွယ်-တောင်ကြားအင်း-မဲသရောအပိုင်း ၂၆ မိုင် ၃ ဖာလုံကိုတော့ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ဘားအံခရိုင်ကနေပြီးတော့ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။      ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် တံတားအမှတ် ၂/၅၈ ဘေလီသစ်သားတံတားကို (၃၃၀ ပေရှည်တဲ့ လှိုင်းကွယ်တံတားကို) ဆွေးမြေ့နေတဲ့သစ်သားအပိုင်း ၇၅ ပေအား အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဲသရော-ကြာအင်းဆိပ်ကြီးလမ်းပိုင်းကတော့ ၁၂ မိုင် ရှည်လျားပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းွခင်းရန်ပုံငွေ နှင့် ၁၂ ပေအကျယ် ကတ္တရာလမ်းအား ၁၈ ပေချဲ့တာ ၂ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္ကရာလမ်းကို အနိမ့်အမြင့်ဖြေပြီး ကတ္တရာရေပိတ်လွှာလောင်းတာ ၁ မိုင် ၁ ဖာလုံ၊ မူလမြေလမ်းကို ၁၂ ပေ အကျယ်ကျောက်ချော လမ်းခင်းတာ ၁ မိုင်တို့ ပြီးစီးခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာလည်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၀၀ ရရှိထားပြီးတော့ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအပြင် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း  ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကော့ကရိတ်-တောင်ကြားအင်း-မဲသရော-ကြာအင်းဆိပ်ကြီးလမ်းအား အဆင့်မြှင့်တြင်ခင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရန်ပုံငွေရရှိမှုအခြေအနေပေါ်မူတည်ပြီး ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်းရှင်းလင်းဖြေကြားပါသည်။