(က)-ဇလွန်-ဓနုဖြူ-ကြိမ်ပင် ဆည်လမ်းပိုင်း အား ပြုပြင်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၅.၇.၂၀၁၂)

ဇလွန်-ဓနုဖြူ-ကြိမ်ပင်ဆည်လမ်းပိုင်းမှာ ၃၅ မိုင် ၇ ဖာလုံဟာ ယခင်တုန်းက ကတ္တရာလမ်းဖြစ်ပါတယ်။ အခုတော့ ချိုင့်ခွက်တွေနဲ့ ကျောက်ချောလမ်းအဆင့်ကို ရောက်နေပါပြီ။ ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရအနေနဲ့ (က) သိပါသလား။ (ခ) သိလျှင် ကတ္တရာလမ်းအဖြစ် ပြန်လည်ပြီးတော့မှ ဆောင်ရွက်ပေးနိုင်ပါမလား။ (ဂ) ရှိတယ်ဆိုရင် ဘယ်ကာလမှာ အပြီးဆောင်ရွက် ပေးနိုင်မှာပါလဲ။ (ဃ) အစီအစဉ်မရှိရင်လည်း ဘာကြောင့်ဆောင်ရွက်မပေးနိုင်ပါသလဲသိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်ကနေပြီးတော့ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းတဲ့ ဇလွန်-ဓနုဖြူ-ကြိမ်ပင်ဆည်လမ်းပိုင်းပျက်စီးမှုအခြေအနေကို ရှင်းလင်းတင်ပြပါမယ်။ ဒီလမ်းပိုင်းအနေနဲ့ ပျက်စီးမှု အနေအထားကိုလည်း ဝန်ကြီးဌာနအနေနဲ့သိရှိပါတယ်။ (ခ)အနေနဲ့ ဒီလမ်းကိုလည်း ပြင်ဆင်ဖို့ အစီအစဉ်ရှိပါတယ်။ ပြင်လည်းပြင်ဆင်နေပါတယ်။ ဒီနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၀၀၀ နဲ့ အခြေခံလွှာ ၂ မိုင် ၅ ဖာလုံ ကတ္တရာအဆင့်အထိ ခင်းဖို့နှင့် ခွဲကျောက်နဲ့ခင်းပြီးတော့ ကတ္တရာအဆင့်ထိလုပ်ဖို့အတွက် ၇ မိုင် ၇ ဖာလုံ လမ်းပေါက်ဖာပြီးတော့ ရေပိတ်လွှာလောင်းတဲ့အထိ ၁ မိုင် ၂ ဖာလုံ၊ စုစုပေါင်း ဒီနှစ်ထဲမှာ ၁၁ မိုင် ၆ ဖာလုံ ကတ္တရာလမ်း အဆင့်ရောက်ရှိမှာဖြစ်ပြီးတော့ ကျန်တဲ့ ၈ မိုင် ၄ ဖာလုံခွဲကိုတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေနှင့် ကတ္တရာလမ်းတစ်ခုလုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။