ကျွန်တော်ကတော့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း ဖြစ်ပါတယ်။ ကျွန်တော်နှင့်တကွ မဲဆန္ဒရှင်များ သိလိုတဲ့အကြောင်းကတော့ အောင်ပန်း-ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုကားလမ်းမပေါ်မှာရှိတဲ့ ယာဉ်အန္တရာယ် မကြာခဏ ဖြစ်ပွားလျက်ရှိတဲ့ နေရာ နှစ်ခု ရှိပါတယ်။ ပင်လောင်းမြို့ မြောက်ဘက်အဝင် ကုံးနီတောင်နှင့် ပင်လောင်းမြို့ တောင်ဘက် ၆ မိုင် အကွာ လက်ဖက်တောင်ဒေသဖြစ်ပါတယ်။ ၎င်းနေရာ နှစ်ခုမှာ တောင်အတက်များပြီး အတက်လည်း ကြမ်းတဲ့အပြင် လမ်းလည်းကျဉ်းနေပါတယ်။ အကွေ့အကောက်များလည်း ဖြစ်နေပါတယ်။ နေ့စဉ် မကြာခဏယာဉ်များ တိမ်းမှောက်ခြင်း၊ နောက်ပြန်လှိမ့်ခြင်း၊ လမ်းမအလယ်တွင် မရုန်းနိုင်၍ ယာဉ်များ ရပ်တန့်ခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း နေ့စဉ်လစဉ် မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။ ခရီးသွားလုပ်သားပြည်သူများအနေဖြင့်လည်း အန္တရာယ်များ ရှိနေတဲ့အတွက် အောက်ပါမေးခွန်းများ ကို မေးမြန်းရခြင်းပဲ ဖြစ်ပါတယ်။
လေးစားအပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အောင်ပန်း-ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုကားလမ်းမပေါ်မှာရှိတဲ့ ပင်လောင်းမြို့အဝင် ကုံးနီတောင်ထိပ် မိုင်တိုင်အမှတ် ၄၁/၀ မှ ၄၁/၃ နှင့် ဝါလီရွာနှင့် ပင်ကာလရွာအကြားရှိ လက်ဖက်တောင် မိုင်တိုင်အမှတ် ၄၀ ဖော်ပြထားပေမယ့်လည်း ၄၉/၇ မှ ၅၀/၂ ကားလမ်းကို ယာဉ် အန္တရာယ်နှင့် ခရီးသွားလုပ်သားပြည်သူများ အန္တရာယ်ကင်းဝေးစေရန် လမ်းမကြီးများအား ချဲ့ထွင်ပေး ရန်အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရခြင်းဖြစ်ပါတယ်။
ကျွန်တော့်အနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းတဲ့ အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်း ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာရှိတဲ့ ပင်လောင်းမြို့ ကုံးနီတောင် မိုင်တိုင်အမှတ် ၄၁/၀ မှ ၄၁/၃ နှင့် ဝါလီရွာနှင့် ပင်ကာလရွာအကြားရှိ လက်ဖက်တောင် မိုင်တိုင်အမှတ် ၄၉/၇ မှ ၅၀/၂ ရှိ ကားလမ်းမကို ယာဉ်အန္တရာယ်နှင့် ခရီးသွားလုပ်သားပြည်သူ အန္တရာယ်ကင်းဝေးစေရေး လမ်းမအား ချဲ့ထွင်ပေးရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်ခင်ဗျား။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် အပိုင်းမှာ ၃၅ မိုင်ပါဝင်ပြီးတော့ လမ်းအခြေအနေကတော့ ကတ္တရာလမ်းအဆင့် ဖြစ်ပါတယ်ခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၂၃၃.၁၁ သန်းဖြင့် လမ်းမျက်နှာပြင်အနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁၂ မိုင် ဆောင်ရွက်ရမည်ဖြစ်ရာ ၄ မိုင် ၄ ဖာလုံ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ ကုံးနီတောင် မိုင်တိုင်အမှတ် ၄၁/ဝ မှ ၄၁/၃ အပိုင်းအား လမ်းအကျယ် ၁၂ ပေမှ ၁၅ ပေ တိုးချဲ့ခြင်းနှင့် ကတ္တရာလမ်းပေါက်ဖာထေးခြင်း ၁၈၅၀၀ စတုရန်းပေ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ မိုင် ၄၉/၇ မှ ၅၀/၂ အကြား အပိုင်းများအား လမ်းအကျယ် ၁၂ ပေမှ ၁၅ ပေ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးရဲ့ ပင်လောင်းမြို့ ဝါလီရွာမှ ပင်ကာလရွာအကြားရှိ လက်ဖက်တောင်မိုင်တိုင်အမှတ် ၄၉/၇ မှ ၅၀/၂ အပိုင်းမှာရှိတဲ့ လမ်းချဲ့ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးအတွက် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သန်း ၄၀၀ တင်ပြတောင်းခံထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျား။
