ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ကို ယခင်လမ်းစဉ်ပါတီအစိုးရ လက်ထက်ကစပြီးတော့ ဖွင့်လှစ်ထားရှိခဲ့ တာဟာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာလည်း ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)ကို ဖွင့်လှစ်ထားရှိပါတယ်။ ဒီဝန်ထမ်းတက္ကသိုလ်များမှာဆိုလို့ရှိရင် လေးလခွဲ ကာလအချိန်ယူပြီးတော့ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးလျက် ရှိပါတယ်။ နိုင်ငံတော်က ဒီဗဟို ဝန်ထမ်း တက္ကသိုလ်များနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က ကျခံရတဲ့ ကုန်ကျစရိတ်များ၊ ဝန်ထမ်းများ ပေးဆပ်ရသော အချိန်ကာလများနှင့် နှိုင်းယှဉ်လို့ရှိရင် ထိရောက်အောင်မြင်မှုများ၊ ရလဒ်ကောင်းများ ရရှိမှုမှာ အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ၎င်းဗဟိုဝန်ထမ်း တက္ကသိုလ်များဟာ လက်ရှိ နိုင်ငံတော်ရဲ့ အွခေအနေများနဲ့ ကိုက်ညီခြင်းမရှိပါသဖြင့် ပြုပြင်ပြောင်းလဲရန် သို့မဟုတ် ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)နဲ့(အထက်မြန်မာပြည်)တို့မှာ လေးလခွဲကာလအချိန်ယူပြီး ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးလျက်ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး အချိန်ကာလအပိုင်းအခြားမှာ အနည်းငယ်လွဲမှား နေတာ ဦးစွာတွေ့ရှိရပါတယ်ခင်ဗျား။ လက်ရှိအချိန်အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှာ ဖွင့်လှစ် လျက်ရှိတဲ့ သင်တန်းများမှာ ကာလအကြာမြင့်ဆုံးဆိုလို့ ကျွန်တော်တို့ သုံးလမျှကြာမြင့်တဲ့ ပုံမှန် သင်တန်းသာရှိပြီး လေးလခွဲကြာတဲ့ သင်တန်းရယ်လို့တော့ မရှိသေးပါဘူး။ ဒီသုံးလသင်တန်းတွေကို ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကနေပြီး ကြော်ငြာခေါ်ယူပြီးတော့ စစ်ဆေးရွေးချယ်ခြင်းခံရတဲ့ ပြင်ပမှဖြေဆိုတဲ့ ပုဂ္ဂိုလ်များ၊ တစ်နည်းအားဖြင့် အရပ်သားများကို ရာထူးနေရာလစ်လပ်တဲ့ ဝန်ကြီးဌာနများကို အရာထမ်းအဖြစ် ခန့်အပ်ခြင်းမပြုမီမှာ တက်ရောက် သင်ကြားစေတဲ့ အရာထမ်းလောင်းသင်တန်းဖြစ်ပါတယ်။ နောက်သုံးလသင်တန်းတစ်ခု ကလည်း လက်ရှိကိုပဲ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ စာမေးပွဲကို ဝင်ရောက်ဖြေဆိုအောင်မြင်တဲ့ အမှုထမ်းများကို အရာထမ်းအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းမပြုမီမှာ တက်ရောက်စေတဲ့ အရာထမ်းအခြေခံသင်တန်းဖြစ်ပါတယ်။ အခြားသော မွမ်းမံသင်တန်းတွေ ကတော့ မပြောပလောက်ပါဘူး။ သင်တန်းကာလအားဖြင့် လေး၊ ငါးပတ်ထက် ပို၍ကြာတာမရှိပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအွခေခံဥပဒေကို ပြန်ကြည့်မယ်ဆိုလို့ ရှိရင် ပုဒ်မ ၂၄၆ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး လေ့ကျင့်ရေး တာဝန်နှင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်း သတ်မှတ်ရေးတာဝန်များ ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းရမည်ဟူ၍ အတိအလင်းဖော်ပြထားရှိပါတယ်။ တဖန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ)မှာလည်း အဖွဲ့ရဲ့တာဝန်များ သတ်မှတ်ထားရာမှာ တာဝန်တစ်ရပ်အနေနဲ့ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ခြင်းဟူ၍ ဖော်ပြထား ပါတယ်။ ထို့အတူ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)မှာ အဖွဲ့ရဲ့လုပ်ပိုင်ခွင့်မှာ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်းတက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း ဟူ၍ ဖော်ပြထားပါတယ်။ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)မှာလည်း သင်တန်းများ၊ ဆွေးနွေးပွဲများနဲ့ နှီးနှော ဖလှယ်ပွဲများ တာဝန်ယူကျင်းပဆောင်ရွက်ခြင်းဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားခြင်း ရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ နည်းဥပဒေ ၃၀ မှာလည်း အဖွဲ့က ဖွင့်လှစ်ရမယ့် အထူးမွမ်းမံ သင်တန်းများနဲ့ ပုံမှန်သင်တန်းများကို အတိအကျသတ်မှတ်ဖော်ပြထားရှိပါတယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေနဲ့ လေ့ကျင့်ရေးနှစ်တစ်နှစ်အတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတို့မှာ ဖွင့်လှစ် မယ့်သင်တန်းများကိုလည်း ကာလအပိုင်းအခြားအတိအကျဖော်ပြလျက် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ကြိုတင်တင်ပြအတည်ပြုခွင့်ပြုချက်ရယူပြီးမှသာ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုတာကတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ သင်တန်းများကို ဖွင့်ချင်တိုင်းဖွင့်နေတာမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များနဲ့အညီ တိကျစွာလိုက်နာပြီး အဖွဲ့ကိုသတ်မှတ်ပေးထားတဲ့ လုပ်ငန်း တာဝန်များကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့ရဲ့ အတည်ပြုခွင့်ပြုချက်ဖြင့် ထမ်းဆောင်နေခြင်းဖြစ်ကြောင်းကို သိရှိနားလည်စေရန် ရှင်းလင်းတင်ပြရခြင်းဖြစ်ပါတယ်။ ခုနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းချက်မှာ နိုင်ငံတော်မှ ကျခံရတဲ့ကုန်ကျစရိတ်များ၊ ဝန်ထမ်းပေးဆပ်ရတဲ့ အချိန်ကာလများနဲ့နှိုင်းယှဉ်လျှင် ထိရောက်အောင်မြင်မှုများ၊ ရလဒ်ကောင်းများ နည်းပါးနေတာကို တွေ့ရတယ်လို့ ဖော်ပြသွားတာကို သတိပြုမိပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် များမှာ သင်တန်းတက်ရောက်သူများအနေဖြင့် ကုန်ကျမှုဆိုလို့ သင်တန်းကြေး၊ စာအုပ်စာတမ်းကြေး စသည်ဖြင့် ပေးရန်မလိုဘဲ မိမိတို့ကိုယ်ပိုင်ဆံပင်ညှပ်ခ၊ ဒိုဘီခ ဒီနှစ်မျိုးကိုသာ ကျခံသုံးစွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အပိုင်းကို ကြည့်မယ်ဆိုလို့ရှိရင်လည်း သင်တန်းသားတစ်ဦး တစ်နေ့ စားသုံးဖို့ မြနakfasအ၊ နေ့လယ်စာနှင့် ညစာ ဒီသုံးနပ်တို့အတွက် နိုင်ငံတော်အနေနဲ့ ယနေ့အချိန်အထိ တစ်နေ့ကို စားစရိတ် ၃၃၃ ကျပ် ကျခံထောက်ပံ့ပေးပြီး ကျန်တဲ့ ကုန်ကျစရိတ်အားလုံးကို စိုက်ပျိုး မွေးမြူရေးနဲ့ သက်သာချောင်ချိရေးလုပ်ငန်းများမှ ဖြည့်ဆည်းကျွေးမွေးပံ့ပိုးနေတဲ့အတွက် နိုင်ငံတော် အပိုင်းမှလည်း ကျခံရတဲ့စရိတ်မပြောပလောက်ပါဘူး။ တဖန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမှ သင်တန်းများအား ထိရောက်အောင်မြင်မှုရလဒ်ကောင်းများ နည်းပါးတယ်လို့ ယေဘုယျဆန်ဆန် ဝေဖန်သွားခြင်းနဲ့ပတ်သက်ပြီး တက္ကသိုလ်များရဲ့ အားနည်းချက်ရှိလို့ရှိရင် တိတိကျကျခိုင်ခိုင်မာမာ အပြုသဘောဖြင့် ကျိုးကြောင်းဖော်ပြပေးချက်၊ အားနည်းချက်ကိုပြုပြင်နိုင်မယ့် အကြံကောင်း၊ ဉာဏ်ကောင်းများပေးခြင်းများ ပြုလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့ ကျေးဇူးတင်စွာဖြင့် လက်သင့်ခံပြုပြင်ပေးသွားမှာ ဖြစ်ပါကြောင်းလည်း အလျဉ်းသင့်တုန်း တင်ပြလိုပါတယ်။ ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး)ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က လည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်က လည်းကောင်းအသီးသီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ လမ်းစဉ်ပါတီခေတ်က နိုင်ငံ့ဝန်ထမ်းကေဒါ ကောင်းများဖြစ်ဖို့ရည်ရွယ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ရဲ့ သင်ခန်းစာများမှာ ပါတီသဘော တရားများကို ထည့်သွင်းပို့ချခဲ့တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ပါတီအရောင်အသွေးကင်းစင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေဖို့ အထောက်အကူဖြစ်မယ့် သင်ကြားလေ့ကျင့်မှုအစီအစဉ်များကိုသာ ပြောင်းလဲပြင်ဆင်ပြီး ယနေ့ အချိန်အထိ အကောင်အထည် ဖော်လေ့ကျင့်ပို့ချလျက်ရှိပါတယ်။ အခုတဖန် နိုင်ငံတော်ရဲ့ ခေတ်စနစ်နဲ့ အုပ်ချုပ်မှုယန္တရားပြုပြင် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေသည့် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ခြင်း၊ လိုအပ်သည်များကို အသစ်ဖြည့်စွက်ခြင်းများ၊ အစဉ်တစိုက် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက်လည်း လက်ရှိ နိုင်ငံတော်ရဲ့အွခေအနေနှင့် ကိုက်ညီမှုမရှိဘူးဆိုတဲ့ ဝေဖန်မှုဟာ အကြောင်းအကျိုးခိုင်လုံမှုမရှိတာကို ကျွန်တော့်အနေနဲ့ သတိပြုမိပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်များကို ဖျက်သိမ်းဖို့အစီအစဉ် ရှိ၊ မရှိဆိုတဲ့ မေးမြန်းချက်နဲ့ပတ်သက်ပြီး အားလုံးသိကြတဲ့အတိုင်း ယနေ့ အချိန်အခါမှာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်း မှာလိုလို နိုင်ငံ့ဝန်ထမ်းများရဲ့ အရည်အသွေးကို တိုးတြက်မင့်မားစေဖို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် လေ့ကျင့်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းထူထောင် ထားရှိကြပါတယ်။ အနီးဆုံး ဥပမာတင်ပြရမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ Civil Service College ၊ လာအိုမှာဆိုရင် Civil Service College၊ ထိုင်းနိုင်ငံမှာ Civil Service Training Institute၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် Civil Service Administration Academy၊ အိန္ဒိယမှာဆိုရင် Civil Service Institute၊ နောက် အာဆီယံနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားမှာဆိုရင် National Institute of Public Administration၊ ဘရူနိုင်းမှာဆိုရင် Civil Service Institute၊ ကမ္ဘောဒီးယားမှာဆိုရင် Royal School of Administration၊ မလေးရှားမှာ National Institute of Public Administration၊ ဖိလစ်ပိုင်မှာ Civil Service Academy ၊ စင်္ကာပူမှာ Civil Service College၊ ဗီယက်နမ်မှာ National Academy of Public Administration၊ ဒေသတွင်းနိုင်ငံဖြစ်တဲ့ ဂျပန်မှာဆိုရင်လည်း National Institute of Public Administration၊ ကိုရီးယားမှာဆိုလို့ရှိရင် Central Official Training Institute စသည်စသည်ဖြင့် အသီးသီးဖွဲ့စည်းပြီးတော့ သူတို့ရဲ့နိုင်ငံ့ဝန်ထမ်းတွေကို တော်တာထက်တော် အောင်၊ ထက်မြက်အောင် efficiency မြင့်မားလာအောင် တစ်နည်းအားဖြင့် နောင်တစ်ချိန်မှာ နိုင်ငံ့ တာဝန်ကို ပခုံးပြောင်းထမ်းရွက်နိုင်မယ့် Future Young Leaders ဖြစ်လာအောင် ငွေကုန်ကြေး ကျခံပြီး အမျိုးမျိုးပြုစုပျိုးထောင်ပေးလျက်ရှိနေပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ အရည်အသွေးမြင့်မား လာမှလည်း အစိုးရကောင်းတစ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကောင်းမွန်ထက်မြက် မှလည်း နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများရဲ့အကျိုးကို အဆင့်အတန်းရှိရှိ သယ်ပိုးထမ်းရွက်နိုင်မှာ ဖြစ်ပါတယ်။ သူများတကာ နိုင်ငံတွေကိုမီဖို့ ကျွန်တော်တို့အနေနဲ့ Capacity Building ကဏ္ဍကို အားပေးကြိုးပမ်းလုပ်ကိုင်ရမယ့် ဒီလိုအချိန်အခါမျိုးမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုကို ဖျက်သိမ်းဖို့ အစီအစဉ်အနေနဲ့ မရှိပါကြောင်းနှင့် ပို၍ပို၍ပင် စွမ်းရည်ထက်မြက်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့ အပေါ် ဝန်ထမ်းကောင်းများ ပီသစွာ အလုပ်အကျွေးပြုနိုင်မယ့် နိုင်ငံ့ဝန်ထမ်းကောင်းများပေါ်ထွက် လာစေဖို့ ဒီတက္ကသိုလ်နှစ်ခုကို နိုင်ငံတကာအဆင့်မီအောင် ဖြည့်ဆည်းပံ့ပိုးပေးသင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
