(က)-ဥပဒေနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ (၄.၇.၂၀၁၂)

နိုင်ငံတော်ကနေပြီးတော့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်း နှင့်စပ်လျဉ်းပြီးတော့မှ ဥပဒေထုတ်ပြန် ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ အဲ့ဒီဥပဒေနှင့်အညီ ဘယ်အချိန်မှာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခန့်အပ် တာဝန်ပေးမယ်ဆိုတာကို သိလိုနေကြပါတယ်။ ပြည်သူ့ဆန္ဒ နှင့်အညီ ကျွန်တော် မေးလိုတဲ့ မေးခွန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်ခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေအား နိုင်ငံတော်က ထုတ်ပြန်ထားပြီးဖြစ်သဖြင့် အဆိုပါ ဥပဒေနှင့်အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ခန့်အပ်တာဝန်ပေးခြင်းကို မည်သည်‌့အချိန်တွင် ဆောင်ရွက် နိုင်မည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁ ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တို့မှာ နိုင်ငံတော်သမ္မတက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်ပြီးဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၆ ပုဒ်မခွဲ(က)၊ (ခ) တို့မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲခဲ့ပြီး လည်းဖြစ်ပါတယ်။ အဲဒီနည်းဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက် နှင့်အတူ နိုင်ငံတော်သမ္မတရုံးကို တင်ပြခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်အရ အဲဒီနည်း ဥပဒေမူကြမ်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၄။၂၀၁၂) မှာ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနည်းဥပဒေ ထုတ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးရဲ့ အတည်ပြုချက်ရရှိလာ ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထုတ်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထုတ်ပြန်ဆောင်ရွက်သည်နှင့်တစ်ပြိုင်တည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၇ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၁၅၇ ပုဒ်မခွဲ(က)တို့မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း အနီးကပ်ဆုံးတွင် ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှာ ဥက္ကဋ္ဌများမှ ခွင့်ပြုတဲ့အစီအစဉ်များဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို တင်ပြပါအတိုင်း ရှေ့နေချုပ်ရုံး၊ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်နေစဉ် တစ်ဆက်တည်းမှာပဲ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို လစဉ်ချီးမြှင့် ထောက်ပံ့ငွေ တစ်ဦးလျှင် ၇၀၀၀၀ ကျပ်နှင့် အုပ်ချုပ်ရေးရုံးတစ်ရုံးလျှင် လစဉ်ရုံးသုံးစရိတ် ၅၀၀၀၀ ကျပ်တို့ဖြင့် ချီးမြှင့်ထောက်ပံ့ပေးနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြပြီး ဘတ်ဂျက်တွင်ထည့်သွင်းတောင်းခံရန် လမ်းညွှန်ခဲ့တဲ့အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါတင်ပြချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ၁၆၆၇၉ ခု အတွက် လစဉ်ထောက်ပံ့ငွေနှင့် ရုံးအသုံးအဆောင် စရိတ်ကုန်ကျငွေဟာ တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၂၄၀၁၇.၇၆ သန်း သုံးစွဲကုန်ကျသွားရမှာဖြစ် ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့ခြင်းနှင့် နိုင်ငံတော် တစ်ဝန်းလုံးရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ချီးမြှင့်ထောက်ပံ့ငွေနှင့် အုပ်ချုပ်ရေးမှူးရုံးအသုံးစရိတ်ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ပေးနိုင်ရန်အတွက် စီစဉ်ရေးဆွဲနေ ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပြန်ကြေညာခြင်း၊ ဘဏ္ဍာငွေအတည်ပြုချက်များ ရရှိအောင်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ပြီးစီးပါက အဲဒီနည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်တာဝန်ပေးအပ်သွားမှာဖြစ် ပါကြောင်းဖြေကြားပါသည်။