(ဇ)-၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစ၍ ရွာငံ၊ ပြဒါးလင်းဂူ လမ်းအား အကောင်အထည်ဖော် ဖောက်လုပ်ပေး မည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၄.၁.၂၀၁၄)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစ၍ ရွာငံ၊ ပြဒါးလင်းဂူလမ်းအား အကောင် အထည်ဖော် ဖောက်လုပ်ပေး မည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်းကို မေးမြန်းခဲ့ရာ ၁၉ ရက် ၁၂ လ ၁၂ ရက်စွဲဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ဒုဝန်ကြီး မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းလာသည့် မေးခွန်းနှင့် ပတ်သက်၍ ရွာငံ-ပြဒါးလင်းဂူလမ်းအား ကျောက်ချောလမ်းအဆင့်မြှင့်တင်ရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၈ ပေအကျယ် မြေသားလမ်း ၅ မိုင် ၂ ဖာလုံ ဖောက်လုပ်ခြင်း အတွက် ကုန်ကျငွေ ၂၈၅ သန်းအား ဖြည့်စွက်ခွင့်ပြုရန်ပုံငွေတင်ပြတောင်း ခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်လုပ်ငန်းများအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်ရန်ပုံငွေ လျာထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ကို ပြန်လည်ဖြေကြားခဲ့ ပါကြောင်း၊ ထို့ကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြု ငွေစာရင်းတွင်၁၈ ပေ အကျယ်မြေသားလမ်း ၅ မိုင် ၂ ဖာလုံဖောက်လုပ်ရန်အတွက် ကုန်ကျမည့်ငွေ ၂၈၅ သန်းကို ထိုက်သင့်တင်ပြ တောင်းခံထားခြင်း ရှိ/မရှိနှင့် ၂၀၁၃ -၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းတွင် တင်ပြတောင်းခံရန် အခြေအနေမပေး၍ ကျန်နေသည် ဆိုပါက လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဖောက်လုပ်ပေးရန် ပြည်သူလူထုက အထူးလိုလားတောင်းတလျက်ရှိကြ ပါကြောင်း၊ထို့ကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်မှစ၍ ရွာငံ-ပြဒါးလင်း ဂူလမ်းအား စတင်အကောင် အထည်ဖော် ဖောက် လုပ်ပေးမည့် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

 ဒုတိယဝန်ကြီး ဦးခင်မောင်အေးရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံ-ပြဒါးလင်းဂူလမ်း အရှည် ကျောက်လမ်း ၂ မိုင် ၁ ဖာလုံ၊ လူသွားလမ်း ၁၀ မိုင် ၂ ဖာလုံဖြစ်ပြီး စုစုပေါင်း အရှည် ၁၂ မိုင် ၃ ဖာလုံ ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် အဆိုပါလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေး ရန် မေးမြန်းချက်ကို  ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၈ ပေအကျယ် မြေသားလမ်း ၅ မိုင် ၂ ဖာလုံ ဖောက် လုပ်ခြင်းအတွက် ငွေကျပ်၂၈၅သန်း အား ဖြည့်စွက်ရန်ပုံငွေတင်ပြတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန် လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်ရန်ပုံငွေ လျာထားဆောင်ရွက်သွားမည် ဖြစ် ကြောင်း ကို ဖြေကြားခဲ့ပါကြောင်း၊

ယခုအခါ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအ တွင်းမွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်ရန်ပုံငွေကျပ် ၁၅၆၉.၉ သန်းဖြင့် ကတ္တရာလမ်း ၅ မိုင်၊ ကျောက်ချောလမ်း ၁၀ မိုင်၊ မြေသားလမ်း ၃၀ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၅၀၀ ပေ၊ ရေပြွန် ၃၅၀ ပေ ဆောင်ရွက်ရန်ခွင့်ပြုပြီးဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၈၃၃.၀၅ သန်းဖြင့် ချယ်ရီရတနာလမ်း၊ ဗထူးလမ်း၊ တောင်ခေါင်းဗွာ-ရေဦး-ကျောက္ကူပြင်လမ်း၊ ကတ္တရာလမ်းသုံးလမ်း ၂ မိုင် ၄ ဖာလုံ၊ ကျောက်မြောင်း-ရေချမ်းပြင်လမ်းကျောက်လမ်း ၅ မိုင်၊ ကျောက်မြောင်း-ဘုရားကြီးကုန်းလမ်းမြေလမ်း ၁၂ မိုင် ၄ ဖာလုံ၊ ရွာငံ-ပြဒါးလင်းဂူလမ်းမြေလမ်း ၅ မိုင် ၂ ဖာလုံ၊ ရွာငံ-ကျောက်ပုံ လမ်းတံတား ၁၂ ပေနှင့် ချယ်ရီရတနာလမ်းရေပြွန် ၆၀ ပေတို့ကို လျာထားခွင့်ပြုပြီးဖြစ်ပါကြောင်း၊

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံ-ပြဒါးလင်းဂူလမ်းမြေသားလမ်း ၅ မိုင် ၂ ဖာလုံ ငွေကျပ် ၂၈၅ သန်းအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ မူလရန်ပုံငွေတွင် လျာထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်