(ဂ)-တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အကြား ကားလမ်းမကြီးတွင် ဆိုးရွားစွာပျက်စီးလျက်ရှိသော လမ်းပိုင်းများအား ကတ္တရာလမ်းအဖြစ် အဆင်‌့မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၁.၅.၂၀၁၈)

 

မိုင်းတုံမြို့နယ်အတွင်းပြည်သူများသည် မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းကို အားကိုး အားထား ပြုပြီး အစားအသောက်နှင့် ကုန်ပစ္စည်းများကို တာချီလိတ်အထိ သွားရောက်ဝယ်ယူ သုံးစွဲနေကြရခြင်းဖြစ်ပါကြောင်း၊ မိုင်းတုံ-မိုင်းဆတ်လမ်း ၄၂ မိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုပြင်ပေးခဲ့သော်လည်း မိုင်းဆတ-တာချီလိတ် ၆၀.၄ မိုင်ကို ဆောက်လုပ်ရေးဌာန ပိုင်လမ်းမဟုတ်ခြင်းကြောင့် ပြုပြင်ပေးနိုင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊

မိုင်းဆတ်-တာချီလိတ်လမ်းပိုင်းသည် ၆၀.၄ မိုင်ရှည်လျားပြီး အမာခံမြေသားလမ်း ၉ မိုင်၊ ကျောက် ခင်းလမ်း ၄၅ မိုင်၊ ကတ္တရာလမ်း၆မိုင်ကျော် စသည်ဖြင့်ခင်းထားပြီး ယခုအခါ မိုင်တိုင် (၂၁)နှင့် (၂၇)အတွင်း မိုင်းတွမ်း-မဟုန်လွယ်-နားယောင်းရွာအကြား ၆ မိုင်၊ မိုင်တိုင် (၃၈)မှ (၄၃) အတွင်း ရွှေပြည်အေးကြိုးတံတား စခန်းသာရွာအကြား ၅ မိုင်၊ မိုင်တိုင်(၅၀)မှ(၅၀) အတွင်း နာသာလိ၊ ဝမ်ဟေး၊ ဟက်ဟိရွာအကြား ၅ မိုင် စုစုပေါင်း ၁၆ မိုင်သည် ဆိုးဝါးစွာ ပျက်စီးနေပါသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊

လမ်းအသုံးပြုခကောက်ခံသည့်နေရာသည် “ဝ”စခန်း အောက်မှာတည်ရှိပြီး လမ်းအသုံးပြုခအဖြစ် ယာဉ်ငယ်တစ်စီးလျှင် ဘတ် ၁၀၀ ကျပ်အားဖြင့် ကျပ် ၄၀၀၀ ကျော်၊ ယာဉ်ကြီးတစ်စီးကို ဘတ် ၁၀၀၀ ကျပ်အားဖြင့် ၄၀၀၀၀ ကျော် အသွားတစ်ကြောင်းအတွက် ကောက်ခံနေသော်လည်း အဆင်ပြေစွာသွားလာနိုင်အောင် ပြုပြင်ပေးခြင်းမရှိသည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်ကြား ကားလမ်းမကြီးတွင် ဆိုးရွားစွာပျက်စီးလျက်ရှိ သောလမ်းပိုင်းများအား ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရန် ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပြုပြင်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် ပြုပြင်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တာချီလိတ်-မိုင်းဆတ်လမ်းကြောင်းသည် “ဝ”အထူးဒေသ(၂)တောင်ပိုင်းအဖွဲ့အနေဖြင့် ၁၉၉၂ ခုနှစ်တွင် ဟုန်ပန်းကုမ္ပဏီက ဖောက်လုပ်ခဲ့ပြီး ပေ ၂၀ အကျယ်နှင့်  မိုင် ၆၀ အရှည်ရှိသည့် ကျောက်စီလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းကြောင်းပေါ်ရှိ အတက်အဆင်းကြမ်းတမ်းသော လွယ်ဆမ်ဆုံတောင်အနီးတွင် ၆ မိုင်ခန့်ကတ္တရာခင်းခြင်း ဆောင်ရွက်ထားရှိပြီး ယခုနှစ် မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ  ဖားအိ(အထက်)ရွာ အနီး ၁ မိုင် ၂ ဖာလုံခန့်၊ ကြိုးတံတားနှင့် ရွှေပြည်အေးရွာအကြား ၂ ဖာလုံခန့် ပျက်စီးခဲ့ပါကြောင်း၊ မိုင်းဆတ် မြို့နယ်အတွင်း မိုင်းတွမ်းနှင့် မဟုန်လွယ်ရွာအကြား ၂ မိုင်ခန့်၊ လွယ်ပါရင် ရွာအကြားတွင် ၁ ဖာလုံခန့် စုစုပေါင်း ၃ မိုင် ၅ ဖာလုံခန့် ပျက်စီးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပန်ခမ်း(ပန်ဆန်း)မြို့၌ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် “ဝ”အထူးဒေသ(၂)မှ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး ရှမ်း ပြည်နယ်အစိုးရအဖွဲ့က အဆိုပါလမ်းအပိုင်းပျက်စီးနေမှုများအား အမြန်ပြုပြင်ပေးပါရန်နှင့် ပြုပြင် ရန် အခက်အခဲရှိမည်ဆိုပါက အစိုးရအဖွဲ့သို့လွှဲပြောင်းပေးရန် ဆွေးနွေးပြောကြားခဲ့မှုအပေါ် “ဝ” အထူးဒေသ(၂)အနေဖြင့် တာချီလိတ်-မိုင်းဆတ်လမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးလိုကြောင်း တင်ပြလာမှုအရ အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ယူပြီး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်  ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ တာချီလိတ်-မိုင်းဆတ်(၆၀/၄)မိုင်အား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် ထိန်းသိမ်းဆောင်ရွက်နိုင် ရေးအတွက် ၁၇-၅-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေး (၁/၂၀၁၈)တွင် ထည့်သွင်းဆွေးနွေးပြီးဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။