(စ)-ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာသွားလာနိုင်ရေးအတွက် နှစ်စဉ်မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၅.၂၀၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ကလေးမြို့၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးသာမက ချင်းပြည်နယ် မြောက်ပိုင်းဒေသများသို့ ကုန်စည်ပို့ဆောင်ရာတွင်  အများဆုံးအသုံးပြုသော ချင်းတွင်းမြစ်ကြောင်း လမ်းသည် ဇွန်လမှ စက်တင်ဘာလအထိသာ သွားရေး၊ လာရေးလွယ်ကူ ချောမွေ့ပြီး အောက်တိုဘာလစတင်၍  ရေတိမ်လာခြင်း၊ ရေကြောင်းကျဉ်းလာခြင်းတို့ကြောင့် တချို့နေရာများ တွင် ရေယာဉ်များ ခက်ခဲစွာသွားလာနေတာကို တွေ့ရှိရပါကြောင်း၊

          ရေကြောင်းကျပ်တည်းခြင်းရ၏ အကျိုးဆက်အဖြစ် နွေရာသီကာလများတွင် ကုန်တင် ယာဉ်သည် ကုန်တန်ချိန်ကိုလျှော့ပြီး တင်ကြရသည့်အပြင် ခရီးအဆုံးရောက်သည်အထိ ရက်ကြာ ရှည်သည့်အတွက် စက်သုံးဆီပိုမိုကုန်ကျခြင်းကြောင့် ကုန်ကျစရိတ်များ ပိုမိုကုန်ကျလာပြီး ကုန် ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားကြရပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနများက ရေကြောင်း အသုံးပြုခကိုသာ ကောက်ခံသော်လည်း ရေလမ်းကြောင်းကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း မရှိကြောင်းကို ပုဂ္ဂလိကရေယာဉ်လုပ်ငန်းရှင်များဘက်မှ ပြောဆိုနေသည်များကိုလည်း ကြားသိနေရပါကြောင်း၊ ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် နှစ်စဉ်မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
အဖြေ

ချင်းတွင်းမြစ်သည် ဟူးကောင်းလွင်ပြင်အထက်ပိုင်းမှ တနိုင်းမြစ်နာမည်နှင့် စီးဆင်းခဲ့ပြီး ဧရာဝတီ မြစ်နှင့် ပခုက္ကူအထက်တွင် ပေါင်းဆုံပါကြောင်း၊ ချင်းတွင်းမြစ်အလျားသည် ၁၁၀၀ ကီလိုမီတာ ရှည်လျားပြီး ခန္တီးမှ ချင်းတွင်းမြစ်ဝအထိ မြစ်ကြောင်းသွားလာနိုင်သည့် အလျားသည် ၈၁၇ ကီလိုမီတာရှိပါကြောင်း၊  ချင်းတွင်းမြစ်၏ ရေစူးကန့်သတ်ချက်သည် နှစ်စဉ် နိုဝင်ဘာလမှ မေလအတွင်းအထိ ကန့်သတ်ချက်ရှိကြောင်း၊ ဥပမာ- ဟုမ္မလင်းမှ ခန္တီးကို ၂ ပေ ၆ လက်မ၊ ကလေးဝမှ ဟုမ္မလင်းကို ၃ ပေ၊ မုံရွာမှ ကလေးဝကို ၃ ပေ ၃ လက်မ၊ ချင်းတွင်းမြစ်ဆုံမှ မုံရွာကို ၃ ပေ အထိ ဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် မြစ်ကြောင်းအလျားသည် ၈၁၇ ကီလိုမီတာရှိသည့်အနက် ပြုပြင်ရန်မလိုအပ်သည်က ၄၈၅ ကီလိုမီတာ၊ ပြုပြင်ပြီးကီလိုမီတာပေါင်း ၄၀ ကီလိုမီတာဖြစ်သည့်အတွက် ထပ်မံပြုပြင်ရန်လိုအပ်သည် ကီလိုမီတာအလျားပေါင်းသည် ၂၉၂ ကီလိုမီတာရှိပါကြောင်း၊

ရေလမ်းကို ပြုပြင်သည့်နည်းလမ်းသည် ကမ္ဘာတွင် နည်းလမ်း(၃)ခုရှိသည့်အနက် River Back Regulation နည်းသည် မိမိနိုင်ငံတွင်ထွက်ရှိသော မျှော၊ ဝါး၊ ကျောက်များနှင့် လုပ်သည့် နည်းဖြစ်ပါကြောင်းဖြင့် ကျန်နည်းလမ်း(၂)ခုဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း အကုန်အကျ များပြား၍ အောင်မြင်ရန်သေချာခြင်းမရှိသည့်အတွက် ပညာရှင်များနှင့် ညှိနှိုင်း၍ River Back Regulation နည်းကိုသာ  အသုံးပြုမည်ဖြစ်ပါကြောင်း၊ ချင်းတွင်းတံတားရေအဝင်လမ်းကြောင်း မှန်ကန်ရန် အချိန် လေးနှစ်မှ ငါးနှစ်အထိ ယူ၍ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ် သုံးနှစ်အတွင်းတွင် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းအတွက် နေရာ ၁၀ ခုနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် နေရာ ၇၀ ခု စုစုပေါင်း နေရာ ၈၀ သာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ ဟုမ္မလင်း-မော်လိုက်တွင် ၁၃ နေရာပြုပြင်ရန် လိုအပ်သည့်အနက် ငါးနေရာ ကိုလည်းကောင်း၊ မော်လိုက်-မုံရွာတွင် ၁၁ နေရာပြုပြင်ရန် လိုအပ်သည့်အနက် ကိုးနေရာကိုလည်းကောင်း၊ မုံရွာ-ချင်းတွင်းဝတွင် ၅ နေရာ လည်းကောင်း ပြင်ရန် လျာထားပါကြောင်း၊ နှစ်စဉ်ဆောင်ရွက်ရန် အစီအမံများလည်းရှိပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ကြိုးစားဆောင်ရွက် သွားမယ်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။