(ခ)-ပခုက္ကူမြို့နယ်တွင် လေယာဉ်ကွင်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းပြီး လျော်ကြေးငွေပေးအပ်ခဲ့သော မြေယာများနှင့်ပတ်သက်၍ ယနေ့အချိန်ထိ လေယာဉ်ကွင်းသစ်တည်ဆောက်ခြင်း မရှိသေးသဖြင့် မည်သည့်ကာလတွင် တည်ဆောက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၅.၂၀၁၈)

ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်များတွင် ၂၀၀၂ ခုနှစ်က တောင်သူ ၁၅၇ ဦး၏ မြေယာများကို လေယာဉ်ကွင်း ဆောက်လုပ်ရန်ဆိုပြီး မြေယာဧက ၉၆၅.၃၆ ဧကကို လေယာဉ်ကွင်းဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့ပါကြောင်း၊ မူလသိမ်းဆည်းစဉ် ၉၆၅.၃၆ ဧကကို သိမ်းယူခဲ့သော်လည်း တကယ်တမ်း သိမ်းထားသည့် မြေပေါ်တွင် မြေဧက ၁၀၀ ကိုသာ အသုံးပြုပြီး လေယာဉ်ကွင်းကို ဆောက်လုပ်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် ဧကများအတွက် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုပြီး သိရှိရန်အတွက် ပထမအကြိမ် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးသည့် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးကော်မရှင်၊ မိမိလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တောင်သူတို့သည် ၂၀၁၃ ခုနှစ် ပခုက္ကူစက်မှုဇုန်တွင် ၎င်းကိစ္စနှင့် ပတ်သက်၍ ကျန်ရှိသည့် မြေယာဧက ၈၀၀ အကြောင်းကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ၎င်းနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနကနေပြီး ကျန်ရှိသည့်မြေယာ ဧက ၈၀၀ ကို မစွန့်လွှတ်ဘဲ ထပ်မံပြီး အဆင့်မီလေယာဉ်ကွင်း တိုးချဲ့ဆောက်လုပ်မည်ဟု ဆုံးဖြတ်ပြီး မြေယာသိမ်းဆည်းခံတောင်သူ ၁၅၇ ဦးအား တစ်ဧကလျှင် ၁၅ သိန်းကျပ်နှုန်းဖြင့် ဧက ၉၃၅.၃၆ ဧကအတွက် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၄၀၃၀.၉၅ သိန်းကို ၃-၃-၂၀၁၅ ရက်နေ့တွင် လျော်ကြေးငွေပေးအပ်ခဲ့ပါကြောင်း၊ ၎င်းသည်ယခု ၁၆ နှစ်ကြာလာသော်လည်း မူလဆောက်လုပ်ထားသည့် လေယာဉ်ကွင်းနှင့် အဆောက်အဦ တည်ဆောက်ပြီး ဖြစ်ပါလျက်နှင့် အသုံးပြုခြင်းမရှိခြင်းကို တွေ့ရှိရပါကြောင်း၊ ထို့နောက် တည်ဆောက်ထားသည့် လေယာဉ်ကွင်းလည်း ယနေ့အထိ လေယာဉ်ဆင်းသက်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ နိုင်ငံတော်မှ သိမ်းဆည်းထားသည့် မြေများအတွက် လျော်ကြေးငွေများ ပေးပြီးဖြစ်သော်လည်း စိုက်ပျိုးမြေများကိုလည်း ယနေ့အထိ ပစ်ထားသည့်အတွက် နိုင်ငံတော်အတွက် နစ်နာလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့အချိန်အထိ လေယာဉ်ကွင်းသစ်တိုးချဲ့တည်ဆောက်ခြင်း မရှိသေးသဖြင့် မူလစိုက်ပျိုးထားသည့် တောင်သူများက ပြန်လည်စိုက်ပျိုးလိုသည့်အတွက် ယခုကဲ့သို့ နှစ်များစွာပစ်ထားသဖြင့် လစ်လပ်လျက်ရှိသည့် မြေများကို ထိန်းသိမ်းရန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ထိန်းသိမ်းထားရသည်မှာ ခက်ခဲမှုရှိသည့်အတွက် ကျန်ရှိသည့် ဧက ၈၀၀ ကျော်အတွက် လေယာဉ်ကွင်းအသစ်ဆောက်လုပ်မည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်မည်နှင့် မည်သည့်ကာလတွင် လေယာဉ်ကွင်းစတင်လုပ်မည် ဖြစ်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
အဖြေ

စတင်ပြီး သိမ်းရသည့်အကြောင်းအရင်းက မူလလေယာဉ်ကွင်းဟောင်းက ပြေးလမ်း ပေ ၃၆၀၀ နှင့် အကျယ် ၉၀ ပေရှိပါကြောင်း၊ Twin Otter လေယာဉ်များသာ ဆင်းနိုင်ပြီး လူနေအိမ်ခြေများ တိုးချဲ့လာသည့်အတွက် လေယာဉ်ကွင်း တိုးချဲ့၍ မရတော့ပါကြောင်း၊ ၎င်းလေယာဉ်ကွင်းဟောင်းအနေနှင့် နှစ်ရှည်သုံးစွဲ၍ အရသည့်အတွက် လေယာဉ်ကွင်းသစ်ကို ပခုက္ကူမြို့၏မြောက်ဘက် လေးမိုင်နှင့် ပခုက္ကူ-ရေစကြို ကားလမ်း အနောက်ဘက် ပန်းတိုင်းချုံကျေးရွာ၏ အနောက်ဘက် တစ်မိုင်တွင် အသင့်တော်ဆုံးဖြစ်သည့် နေရာတွင် လေယာဉ်ပြေးလမ်း ၈၅၀၀ ပေနှင့် အကျယ် ၁၀၀ ပေရှိသည့် လေယာဉ်ရပ်နားရာနေရာကိုလည်း ဆောက်လုပ်ခဲ့ပါကြောင်း၊ ယခုလက်ရှိ ဆောက်လုပ်ထားသည့်ပုံ လေယာဉ်ပြေး လမ်းက အလျား ၈၅၀၀ ပေ၊ ယခင်အဟောင်းက ၃၆၀၀ ပေကနေပြီး အလျား ၈၅၀၀ ပေနှင့် အကျယ် ၁၀၀ ပေ ဆောက်လုပ်ထားပါကြောင်း၊ ပြေးလမ်းအမျိုးအစားက နိုင်လွန်ကတ္တရာလမ်းဖြစ်ပါကြောင်း၊ လေယာဉ်ရပ်နားရာ နေရာက အလျား ပေ ၃၀၀ x အကျယ် ၃၀၀ ပေ ဖြစ်ပြီး ပြေးလမ်း၏ ခံနိုင်ရည်အားက ၁၅၀၀၀၀ ပေါင် ဖြစ်ပါကြောင်း၊ လေဆိပ်အဆောက်အဦက ပေ ၁၈၀ x ၆၀ ပေ တစ်ထပ် သံကူကွန်ကရစ် ဖြစ်ပြီး လေကြောင်းထိန်းမျှော်စင်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ဆောက်လုပ်ပြီးသည့် အချိန်ကစပြီး ဝန်ထမ်းများ ခန့်ထားပြီး လေယာဉ်ဆင်းသက်ရန် လုပ်ပါမည်ဆိုသော်လည်း ၎င်းမှာ တပ်မတော်လေယာဉ်တချို့သာ ဆင်းပါကြောင်း၊ နောက် တချို့ဘဏ်ကလေယာဉ်များရှိပါကြောင်း၊ အဲဒါမျိုး ဆင်းသက်သည့် လေယာဉ်တစ်နှစ်ကို အကြိမ် ၂၀ လောက်ဆင်းပါကြောင်း၊ ကိုယ်စားလှယ်ကြီးပြောသည့် လေယာဉ်ကွင်းကို မည်ကဲ့သို့ဆောက်မည်နည်း၊ မည်သည့်အချိန်တွင် ဆောက်မည်နည်းဆိုသည့်ကိစ္စနှင့် ပတ်သက်၍ မိမိတွင် National Transport Master Plan ကို ဂျပန်နိုင်ငံ JICA ၏ အကူအညီဖြင့် လုပ်ခဲ့ပြီး Nippon Koei ဆိုသည့် အကြံပေးကုမ္ပဏီနှင့် လေယာဉ်ကွင်းများ၏ ဦးစားပေးအစီအစဉ်များ၊ လေယာဉ်ကွင်းများ အားလုံးလိုအပ်သော်လည်း တစ်ပြိုင်တည်းဆောက်၍ မရခြင်းများ၊ ၎င်းတို့၏ Traffic Demand ကို ကြည့်ပြီး ဆောက်ရခြင်းဖြစ်သည့်အတွက် တကယ့်နိုင်ငံတကာအဆင့်မီ ဆောက်မည်ဆိုလျှင် ပေ ၁၀၀၀၀ အလျားရှိပြီး၊ ၁၂၅ ပေ ကျယ်သည့် Runway ဆောက်ရမည်၊ Taxi Way Parallel ဆောက်ရမည်၊ Rapid Taxi Way ကန့်လန့်ဖြတ်လေးထည့်ရမည်၊ လေယာဉ်ပြေးလမ်းဆောက်ရမည်၊ လေယာဉ်ပြေးလမ်းချဲ့ရမည်၊ လေယာဉ်သွားလမ်းကိုလည်း လုပ်ရမည်၊ End Safety  ဧရိယာလေးလည်း ထားရမည်၊ လေယာဉ်ရပ်နားရန် Apron ကိုလည်း ဆောက်ရမည် ဖြစ်သည့်အတွက် တွက်ချက်ထားပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ခွင့်ပြုနိုင်သည့် ဘတ်ဂျက်အခြေအနေအရ ဖလမ်းလေယာဉ်ကွင်းသစ်ကို ဆောက်နိုင်ခြင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ကျန်ှရှိသည့် PPP နှင့် လုပ်ရခြင်း လုပ်သည့်အခါတွင်လည်း အားလုံးစိတ်ဝင်စားသည့် ဟဲဟိုး၊ မော်လမြိုင်၊ ကော့သောင်းဆိုသည့်ဟာကို PPP ဖြင့် ခေါ်ထားခြင်း ဖြစ်ပါကြောင်း၊ ပခုက္ကူက လေယာဉ်ကို မည်ကဲ့သို့အသုံးပြုနေလဲဆိုလျှင် ညောင်ဦးက တစ်ဆင့်သွားပါကြောင်း၊ ညောင်ဦးလေဆိပ်သည် ခရီးသည် အများစုက Tourist များဖြစ်ပါကြောင်း၊ သို့သော် ညောင်ဦးသည် အကန့်အသတ်ရှိပြီး Heritage ဧရိယာ ဖြစ်သည့်အတွက်ကြောင့် လေယာဉ်သည် Coach-C ဆီသို့သွားနေခြင်း၊ လေယာဉ်အသေးပဲ ဆင်းလို့ရမည်၊ Coach-C ဆိုတာ Airbus 23/20 အောက်တွင် ဆင်း၍ရခြင်း၊ ၎င်းထက်ကြီးလာခဲ့လျှင် ပေ ၁၀၀၀၀ ဆောက်မည့် ပခုက္ကူကိုလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအခြေအနေအပေါ် မူတည်ပြီး ဆောက်ရမည် ဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းကြီးကို သိမ်းထားသည့် အတွက်ကြောင့် ဆောက်ပြီး လေယာဉ်မလာလျှင်လည်း အားလုံးအတွက် နစ်နာမည် ဖြစ်ပါကြောင်း၊ ထို့ကြာင့် မိမိတို့အနေဖြင့် Traffic Demand စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် မူတည်ပြီး လေယာဉ်ကွင်းများကို တိုးချဲ့သွားမည် ဖြစ်သည့်အတွက်ကြောင့် မပြောနိုင်သေးပါကြောင်း အစီရင်ခံရှင်းလင်း ဖြေကြားပါသည်။