ယခင်အစိုးရလက်ထက်တွင်သဘောတူထားခဲ့ သည့်နားလည်မှုစာချွန်လွှာများ၊နားလည်မှုသဘော တူ စာချုပ်များနှင့်စီးပွားရေးစာချုပ်များကိုပြန်လည် သုံးသပ်အတည်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ယခင်အစိုးရလက်ထက်က မိမိတို့နိုင်ငံအနေဖြင့် ငွေကြေးမပြည့်စုံခြင်း၊ နည်းပညာ ချို့တဲ့ခြင်း၊ အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားခဲ့ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြ ဋ္ဌာန်းနိုင်မှု မရှိခဲ့ခြင်း၊ ခေတ်မီသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများစသည့် အရေးကြီးဥပဒေများ ပြဋ္ဌာန်းနိုင်မှု မရှိခဲ့ဘဲ ထို အချိန်က သဘောတူခဲ့သော နားလည်မှု စာချွန်လွှာများ၊ သဘောတူညီချက်များ၊ စီး ပွားရေး စာချုပ်များသည်လည်း ယခုလက်ရှိ အခြေအနေနှင့် လိုက်လျော ညီထွေတော့မည်မဟုတ်သည့်အတွက် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားရှိပြီးသော အခြေခံမူများ၊ သတ်မှတ်ချက်များ၊ ဥပဒေပုဒ်မများနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေအသီးသီးနှင့် ကိုက်ညီမှုရှိ/မရှိကို ပြန်လည် စိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၉)အဖြစ်ပြဋ္ဌာန်းခဲ့ပြီး  နည်းဥပဒေများကိုလည်း ဆက်လက်ပြဋ္ဌာန်းသွားရန်ရှိသည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေပါ ပြဋ္ဌာန်းချက်များ လုပ်ငန်းစဉ်များအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ် ပါကြောင်း၊ ပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်ကျင့်သုံးခြင်းသည် တရား ဥပဒေစိုးမိုးရေးကို အလေးအနက် ထားလိုက်နာကျင့်သုံးခြင်းဖြစ်ပါကြောင်း၊ ဥပမာ- ယခင်အစိုးရလက်ထက် တွင် မြန်မာနိုင်ငံ ကမ်းလွန်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတို့မှ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချလျက်ရှိသော်လည်း ယခုအခါ ပြည်တွင်းတွင် သဘာဝ ဓာတ်ငွေ့မလုံလောက်သော အခြေအနေများဖြစ်ပေါ်လျက်ရှိပါသောကြောင့် သဘာဝဓာတ်ငွေ့ ပိုမိုသုံးစွဲနိုင်ရေးအတွက် ပြန်လည် ညှိနှိုင်းဆွေးနွေးရန်လိုအပ်လျက်ရှိသကဲ့သို့ အခြားသော ဝန်ကြီးဌာနများ၏ စီမံကိန်းကြီးများ၏ ယခင်သဘောတူ ညီချက်များကိုလည်း ခေတ်စနစ်နှင့်အညီ ပြန်လည် ညှိနှိုင်းရန် လိုအပ်ချက်များရှိနေပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသောခေတ်စနစ်များနှင့် လိုက်လျောညီထွေမှု ရှိစေရန်နှင့် ပြဋ္ဌာန်းပြီး ဥပဒေများနှင့် ကိုက်ညီပြီး တရားဥပဒေစိုးမိုးရေးကို လိုက်နာကျင့်သုံးစေရန် ယခင်အစိုးရ လက်ထက် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသဘောတူထားသည့် နားလည်မှု စာချွန်လွှာများ၊ နားလည်မှုသဘောတူစာချုပ်များ၊ နားလည်မှုစီးပွားရေးစာချုပ်များကို ပြည်သူများ၏ အကျိုးစီးပွား ပိုမိုဖြစ် ထွန်းစေရေးအတွက် လက်ရှိကျင့် သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း အတည်ပြုပြီးသော ဥပဒေများနှင့်အညီ ပြန်လည်ညှိနှိုင်းစိစစ်သုံးသပ်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယခင်အစိုးရလက်ထက်တွင် မူဘောင်သဘောတူစာချုပ်များ ၊ ငွေချေးစာချုပ်များ ၊ နှစ်နိုင်ငံနှစ်ဖက် အဖွဲ့အစည်း  သဘောတူစာချုပ်များ၊ အကူအညီပေးရေးသဘောတူ စာချုပ်များ၊ နားလည်မှု စာချွန်လွှာများ ၊ လဲလှယ် စာချွန်လွှာများ နှင့် လဲလှယ်စာလွှာ များ စသည့်စာချုပ်စာတမ်းများကို ပြည်ပနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါကြောင်း၊ မူဘောင်သဘောတူစာချုပ်များကိုချုပ်ဆိုရာတွင်  ဥပဒေ စည်းနှောင်အားနှင့် စာချုပ်ပါ စည်းကမ်း ကတိကဝတ် သတ်မှတ်ချက်များပါဝင်မှု မရှိဘဲ သာမာန်အားဖြင့် နှစ်နိုင်ငံအကြီးအကဲများ ချစ်ကြည်ရေး ခရီးစဉ်များတွင် လက်မှတ်ရေးထိုး ချုပ်ဆိုလေ့ရှိကြပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ချေးငွေ စာချုပ်များကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့်ညှိနိုင်း၍ စာချုပ် များ ချုပ်ဆိုခဲ့ပါကြောင်း၊ နှစ်နိုင်ငံ နှစ်ဖက်အဖွဲ့အစည်း သဘောတူ စာချုပ်များကို နိုင်ငံတော်အစိုးရ ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ခံလက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး မူဘောင် သဘောတူစာချုပ်ပါ သတ်မှတ်ချက်များနှင့် အခြေခံအားဖြင့် တူညီပါကြောင်း၊ အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်များသည် ပြည်ပအဖွဲ့ အစည်းများမှ မြန်မာနိုင်ငံသို့ နည်းပညာဆိုင်ရာအကူအညီပေးရန် သဘောတူညီချက်များဖြစ်ပြီး နားလည်မှု စာချွန်လွှာများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း/ ပြည်ပ အဖွဲ့အစည်းတို့အကြား လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သော်လည်း စီးပွားရေး စာချုပ်များချုပ်ဆိုရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက သီးခြားချုပ်ဆိုကြခြင်းဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့သော မူဘောင်သဘောတူ စာချုပ် (၈)ခု ငွေချေးစာချုပ် (၅)ခု၊ စာချွန်လွှာ (၂၈)ခု စာလွှာ (၁၀) ခု၊ နားလည်မှုစာချွန်လွှာ (၈) ခုရှိပြီး ၎င်းတို့ကို  ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သဘောတူစာချုပ်/အကူအညီပေးရေး စာချုပ် ၃၂ ခုတွင် ၂၇ ခုပြီးစီးသွားပြီး ဆက်လက် သက်ဝင်ဆောင်ရွက်ဆဲ ၅ ခု ရှိပါကြောင်း၊ အခြားဝန်ကြီးဌာနကလည်း နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး စာချုပ်ပေါင်း ၁၉၉ ခုမှာ ဆောင်ရွက်ပြီး ၁၀၆ ခုနှင့် ဆောင်ရွက်ဆဲ ၉၃ ခု၊ နားလည်မှုသဘောတူညီချက် စာချုပ် အရေအတွက် ၉၉ ခုတွင် ဆောင်ရွက်ပြီး ၄၇ ခုနှင့် ဆောင်ရွက်ဆဲ ၅၂ ခု၊ စီးပွားရေး သဘောတူ စာချုပ် ၆၈၄ ခုတွင်ဆောင်ရွက်ပြီး(၈)ခုနှင့် ဆောင်ရွက်ဆဲ ၆၇၆ ခုရှိပါကြောင်း၊ ထို့ကြောင့် အခြားဝန်ကြီးဌာနများကလက်မှတ် ရေးထိုးခဲ့သော အရေအတွက် ၉၈၂ ခုတွင်  ဆောင်ရွက်ပြီး ၁၆၁ ခုနှင့် ဆောင်ရွက်ဆဲ ၈၂၁ ခုဖြစ်ပါကြောင်း၊  

အချုပ်အားဖြင့် ယခင်အစိုးရလက်ထက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ၉၁ ခုတွင် ဆောင်ရွက်ပြီး  ၈၆ ခု၊ ဆောင်ရွက်ဆဲ (၅)ခုကို ဒီအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေဖြင့် ပြဿနာတစ်စုံတစ်ရာမရှိပါသဖြင့် ယင်းစာချုပ်ငါးခုကို သုံးသပ်ပြန်လည်အတည်ပြုရန် မရှိပါကြောင်းနှင့် အခြား ဝန်ကြီးဌာနများကချုပ်ဆိုသော စာချုပ်စာတမ်း ၉၈၂ ခု အနက် ဆက်လက် သက်ဝင်ကျန်ရှိနေသော ၈၂၁ ခု ကို လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဆက်လက်၍ ဦးသိန်းလွင် (ချောက်)မှ

ပြည်သူများခံစားနေရသော လက်ပံတောင်းတောင်၊ မြစ်ဆုံစသည့်စာချုပ်များသည်  စီးပွားရေး ဝန်ကြီးဌာနက ချုပ်ဆို သော စီးပွားရေး စာချုပ်များဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြဿနာဖြစ်ပွားနေသော အခြားသော ဝန်ကြီးဌာနများ၏ စီးပွားရေး စာချုပ်များကိုလည်း ပြောင်းလဲလာသော ခေတ်စနစ်၊ တည်ဆဲဥပဒေများနှင့် အညီ ပြန်လည် ညှိနှိုင်း ဆွေးနွေးချုပ်ဆိုရန်လိုအပ်မယ်ဖြစ်ပါကြောင်း ထပ်ဆင့်တင်ပြပြီး

ဒေါက်တာဒေါ်ခင်စန်းရီ (ဒုတိယဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန) က

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် (ချောက် မဲဆန္ဒနယ်)၏ တင်ပြသည့် အတိုင်း အခြား ဝန်ကြီးဌာန များနှင့်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။