(ခ)-မောင်းခမ်းစံပြကျေးရွာအထက်တန်းကျောင်း အား ၂၀၁၃- ၂၀၁၄စာသင်နှစ်တွင်စာစစ်ဌာန အဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၅.၁၀.၂၀၁၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၀၉-၁၀ ခုနှစ်အထိ အထက်တန်းကျောင်း ၃ ကျောင်းသာရှိခဲ့ပြီး ယခုအချိန် တွင် အထက်တန်းကျောင်း ၅ ကျောင်း ထပ်မံဖွင့်လှစ်ခွင့်ပေးခဲ့သည့်အတွက် အထက်တန်းကျောင်းပေါင်း ၈ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ စာသင်နှစ် တွင် ကျောင်းသားဦးရေ ၄၉၀၀၀ ကျော်ခန့်ရှိခဲ့သော်လည်း ယနေ့ကာလတွင် ၅၂၀၀၀ ကျော်အထိ တိုးတက်လာပါကြောင်း၊ ယခင်က တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ဟုမ္မလင်းမြို့ စာစစ်ဌာနတစ်ခုသာ ရှိခဲ့သော်လည်း ၂၀၁၂-၁၃ တွင် နောင်ပေါင် ကျေးရွာကို စာစစ်ဌာနတစ်ခုဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျောင်းသူကျောင်းသား ၂၀၀ ကျော် အဆင်ပြေစွာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ရရှိခဲ့ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် မြို့နယ်ဧရိယာ အကျယ်ဝန်းဆုံးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမှာ အခက်ခဲဆုံးဖြစ်နေပါကြောင်း၊ ဟုမ္မလင်းမြို့ထက် နယ်မြေ အကျယ်အဝန်း သေးငယ်ပြီး လူဦးရေနှင့် ကျောင်းသားအင်အားလည်း နည်းပါးသော အချို့မြို့နယ်တွင် စာစစ်ဌာန ၃/၄ ခုရှိသော်လည်း မိမိတို့မြို့နယ်တွင် စာစစ်ဌာန ၂ ခုသာ ရှိသောကြောင့် နောက်ထပ်စာစစ်ဌာန ၂ ခု ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခု ၂၀၁၃-၁၄ စာသင်နှစ်၌ မောင်းခမ်းစံပြကျေးရွာ အထက်တန်းကျောင်းကို ဦးစားပေးစာစစ်ဌာနတစ်ခုအဖြစ် ဖွင့်လှစ် ပေးသင့် ပါကြောင်း၊ နှစ် စဉ်ဖြေ ဆိုမည့် ကျောင်းသားကျောင်းသူဦးရေ ၂၀၀ ကျော်ခန့် ရှိနိုင်သောကြောင့် မောင်းခမ်းစံပြကျေးရွာ အထက် တန်းကျောင်းကို စာစစ်ဌာနအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိ လိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်လိုသော အခြေခံပညာအထက် တန်းကျောင်းသည် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ စာစစ်ဌာနဖွင့်လှစ် လိုကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် တိုင်းဒေသကြီး /ပြည်နယ် ပညာရေးမှူးရုံးသို့ တင်ပြလျှောက်ထားရန် လိုအပ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သတ်မှတ်ထားသော အချက် (၁၈) ချက်နှင့်လည်း ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ယင်းသက်ဆိုင်ရာကျောင်းမှ တင်ပြလာသော လျှောက်လွှာကို ရရှိလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်ကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ ပြန်လည်အကြောင်းကြားရပါကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးမှ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီး မိမိတို့မှ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းကို စာစစ်ဌာနအဖြစ် ဖွင့်လှစ်ခွင့် ပြုခြင်းဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြကျေးရွာအထက်တန်းကျောင်းအနေဖြင့် စာစစ်ဌာနအဖြစ် ဖွင့်လှစ်လို ကြောင်း လျှောက်လွှာကို သက်ဆိုင်ရာပညာရေးမှူးရုံးကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လျှောက်လွှာနှင့်တကွ စာရွက်စာတမ်းများကို ပေးပို့ခဲ့ပြီး ထိုစာရွက်စာတမ်းများအပေါ် အခြေခံ၍ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနအမှတ် (၁) တို့အား ကွင်းဆင်း စစ်ဆေး ခဲ့ပြီးနောက် စာစစ်ဌာနအဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့သည်ကိုလည်း ထောက်ခံတင်ပြထားပါကြောင်း၊ ထို့ကြောင့် မိမိတို့ နောက်ဆုံးကျန်ရှိသော လုပ်ငန်းမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ မိမိတို့ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီကို တင်ပြအတည်ပြုချက် ရယူပြီးပြီဆိုပါက ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်း စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းကို တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။